Friday, September 19, 2014

အထက်တန်းဘာသာသုံးရပ် မြန်မာသာသာဖြင့်သာ သင်တော့မည်

ရန်ကုန် (မဇ္ဈိမ)။ ။ အခြေခံပညာ အထက်တန်းအဆင့်တွင် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားလျက်ရှိသည့် ဓာတုဗေဒ၊ ရူပ ဗေဒနှင့် သင်္ချာဘာသာရပ်များကို မြန်မာဘာသာသို့ ပြောင်းလဲ သင်ကြားတော့မည်ဟု ပညာရေးမြှင့်တင်မှု ကော်မတီ အကြံပေးအဖွဲ့ဝင် ဦးတင်လှိုင်က ပြောသည်။



ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အထက (၃) မှ ကျောင်းတက်နေကြသည် ကျောင်းသား၊ ကျောင်းသူကလေးများအား တွေ့ရစဉ်။( ဓာတ်ပုံ - ဟိန်းထက်)

လာမည့် ပညာသင်နှစ်တွင် ဆယ့်နှစ်တန်း ပညာရေးစနစ်အဖြစ် တိုးမြှင့်သင်ကြားတော့မည်ဖြစ်ရာ အခြေ ခံပညာ ဖွဲ့စည်းပုံပြောင်းလဲချက်အရ ဘာသာတွဲအချို့ကို မြန်မာဘာသာဖြင့် ပြောင်းလဲသင်ကြားစေ ခြင်းဟု လည်း ဦးတင်လှိုင်က ပြောသည်။
“ကျောင်းသား၊ ကျောင်းသူတွေက အင်္ဂလိပ်စာ အားနည်းပါတယ်။ ဖြေဆိုကြပေမယ့် နားမလည်ဘဲ နှုတ် တိုက်ကျက်ဖြေတွေပဲ ဖြစ်နေကြတယ်။ ဥပမာ- ဓာတုဗေဒဘာသာရပ်ကို အင်္ဂလိပ်လိုရှင်းပြီး သင်တာနဲ့ မြန်မာလိုရှင်းပြပြီး သင်တာကို ကလေးတွေက မြန်မာလိုရှင်းပြသင်ပေးတာ ပိုနားလည်တာတွေ့ရပါတယ်။ ဒါပေမဲ့ ဆယ်တန်းအောင်ပြီး တက္ကသိုလ်မှာကော ဒီလိုဘာသာရပ်တွေသင်ရင် ဘယ်လိုချိတ်ဆက်မိအောင် လုပ်ပေးမယ်ဆိုတာတော့ ဆက်လက် ဆွေးနွေးကြမှာဖြစ်ပါတယ်” ဟု ပြောသည်။

အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြောင်းလဲသင်ကြားရာတွင် ၀ိဇ္ဇာ၊ သိပ္ပံတွဲဟူ၍ အတွဲနှစ်တွဲသာ ကျန် ရှိတော့မည်ဖြစ်ပြီး လက်ရှိကျင့်သုံးလျက်ရှိသည့် ၀ိဇ္ဇာသိပ္ပံတွဲ ပါဝင်တော့ မည်မဟုတ်ပေ။

မြန်မာ့ ပညာရေးစနစ်သည် ပညာရေးဝန်ကြီး တစ်ယောက်ယောက် အပြောင်းအလဲဖြစ်သည့်အခါတိုင်း သင်ရိုးများပြောင်းလဲလေ့ရှိပြီး အစမ်းသပ်ခံပညာရေးဖြစ်နေကာ ယခုအပြောင်းအလဲသည် ကောင်းမွန် သည့် အပြောင်းအလဲဟု ရှုမြင်ကြောင်း ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER အဖွဲ့ဝင် ဒေါက်တာ စိုးဝင်းဦးက ဆိုသည်။

သင်ရိုးညွန်းတမ်း မူဘောင်သည် အောက်တိုဘာလတွင် ထွက်ရှိမည်ဖြစ်ပြီး အဆိုပါမူကြမ်းကို ပညာရေး ၀န်ကြီးဌာန၊ သင်ရိုးညွှန်းတမ်းနှင့် မာတိကာအဖွဲ့၊ အခြေခံပညာရေး ကောင်စီထံတို့တင်ပြပြီး အားလုံး သဘောတူပါက အဆိုပါမူကြမ်းအသက်ဝင်ကာ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် ကျင့်သုံး မည်ဖြစ်သည်။


မဇ္ဈိမ

0 comments:

Post a Comment