Sunday, September 21, 2014

အမေရိကန်သမ္မတ အိမ်ဖြူတော်သို့ ဓားပါသော လူတစ်ယောက် ခြံစည်းရိုးမှ ကျော်ပြီးဝင်ရောက်


Photo- AP/Susan Walsh

အမေရိကန်နိုင်ငံ ၀ါရှင်တန် ဒီစီမြို့ သမ္မတ အိမ်ဖြူတော် ခြံစည်းရိုးကို ဓားတစ်လက်ပါသော လူတစ်ယောက် ကျော်ခွဝင်လာပြီးသည့်နောက်တွင် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲကိုယ်တိုင်
အိမ်ဖြူတော်အပြင်ဘက်တွင် တပ်ဖွဲ့များကို တပ်လှန့်နေရာချထားလိုက်သည်။


အမေရိကန်သမ္မတ အိုဘားမားက ထောက်လှမ်းရေးတပ်ဖွဲ့သည် ၎င်းနှင့်၎င်း၏ မိသားစုကို ကာကွယ်စောင့်ရှောက်နိုင်သော စွမ်းဆောင်ရည်ရှိကြောင်း ယုံကြည်နေဆဲပဲ ဟုဆိုပါသည်။ သောကြာနေ့က
အဆိုပါလူဝင်ရောက်ခဲ့ပြီးနောက် အိမ်ဖြူတော် အနောက်ဘက်ခြမ်းတစ်ခုလုံးကို ကင်းလှည့်ပြီး ပိုက်စိပ်တိုက်ရှာဖွေရန် အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးတပ်ဖွဲ့ ညွှန်ကြားရေးမှူး ဂျူလီယာပီဟာစင်က အမိန့်ထုတ်ထားသည်။


‘‘သမ္မတအနေနဲ့ ထောက်လှမ်းရေးအဖွဲ့အပေါ်မှာ လုံးဝယုံကြည်မှုရှိတယ်။ သူနဲ့ သူ့မိသားစု၊ အိမ်ဖြူတော်ကို နေ့ရောညပါ ကာကွယ်စောင့်ရှောက်နေသူတွေကိုလည်း ကျေးဇူးတင်တယ်’’ဟု အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ဖရင်ခ်ဘီနန်တီက ပြောကြားသည်။

သောကြာနေ့ညနေက အသက် (၄၂) နှစ်အရွယ် အိုမာဂျေဂွနိဆလတ်ဆိုသူက ခြံစည်းရိုးမှ ခုန်ချပြီး မြက်ခင်းပြင်ကို ဖြတ်ပြေးကာ သော့ခတ်မထားသော အိမ်ဖြူတော်မြောက်ဘက် ဆင်ဝင်တံခါးကို ဖြတ်နေစဉ် အိမ်ဖြူတော်အရာရှိများက ၎င်းကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်သည် သမ္မတအိုဘားမားနှင့် သမီးများရဟတ်ယာဉ်ဖြင့် မေရီလန်းပြည်နယ်သို့ အပန်းဖြေခရီးသွားရန် ထွက်ခွာသွားစသာရှိသေးသည်။



တာဝန်ရှိသူများက ပြောကြားရာတွင် ဂွန်ဇာလတ်သည် လက်နက်မပါသည့် ပုံစံပေါက်နေသည့်အတွက် သူ့ကိုမပစ်ခတ်ခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ဂွန်ဇာလတ်ကို ဖမ်းမိသည့်အခါ သုံးလက်မခွဲအသွားရှိသည့် ဓားတစ်လက်ပါနေကြောင်း တွေ့ရသည်။
ဂွန်ဇာလတ်ကို စစ်ဆေးသည့်အခါ ပတ်ဝန်းကျင်အခြေအနေများက ကျဆင်းပြိုလဲနေသည်ကို စိုးရိမ်သည့်အတွက် သမ္မတကို ဆက်သွယ်လိုသဖြင့် လာရောက်ခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။

ယခုအခါ တက္ကဆတ်ပြည်နယ်သား ဂွန်ဇာလတ်ကို ဆေးရုံသို့ပို့ထားပြီး ၀င်ရောက်ခွင့်မရှိသော အဆောက်အအုံအတွင်း ၀င်ရောက်မှုနှင့် သေစေနိုင်သော လက်နက်ကိုင်ဆောင်မှုအတွက် တရားစွဲရန် တနင်္လာနေ့တွင် ရုံးတင်စစ်ဆေးမည် ဖြစ်ပါသည်။
ဂွန်ဇာလတ်ဖမ်းဆီးခံရပြီး ၂၄ နာရီမပြည့်မီ စနေနေ့တွင် နောက်ထပ် အမျိုးသားတစ်ဦးက အိမ်ဖြူတော်ဝင်ပေါက်ဂိတ်သို့ ကားမောင်းဝင်လာပြီး ထွက်သွားရန် ငြင်းဆိုခဲ့သည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့က ကားကိုရှာပြီး အိမ်ဖြူတော်အနီး လမ်းများကို ပိတ်ထားလိုက်သည်။ ထိုအဖြစ်အပျက်နှစ်ခု ဆက်စပ်မှုရှိသလားဆိုသည့် အချက်အလက်များကိုမူ မတွေ့ရှိရသေးပါ။
အမေရိကန်ထောက်လှမ်းရေးအဖွဲ့သည် ပြီးခဲ့သည့် နှစ်များအတွင်း အိမ်ဖြူတော်မှ သမ္မတမိသားစုကို ကာကွယ်ရခြင်းနှင့် အိမ်ဖြူတော်ကို ပြည်သူလူထုကြည့်ခွင့်ရသော အရာတစ်ခုအဖြစ် ထားရှိခြင်းတို့အကြားတွင် ဗျာများခဲ့ကြသည်။

(ကိုးကားအေပီသတင်း)
7Day Daily

0 comments:

Post a Comment