Wednesday, September 17, 2014

မြန်မာပြည်ဝယ် နှစ်ပေါင်း ၃၀ ကြာသောအခါ


-MIB ကေပေါ့ပ်အဖွဲ့ဖျော်ဖြေပွဲသို့ လာရောက်ကြည့်ရှုနေသူများ။မြန်မာနိုင်ငံတွင် ရှေ့ပြေးသန်းခေါင်စာရင်းအရ အမျိုးသားဦးရေထက် အမျိုးသမီးဦးရေက ပိုများနေသည် (ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ))

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်အတွင်းက အစိုးရက ပြန်လည်ကောက်ယူနိုင်ခဲ့သည်။

သန်းခေါင်စာရင်းသစ်အရ မြန်မာနိုင်ငံ၏လူဦးရေသည် ၃၁ နှစ်အတွင်း ၁၆ သန်းကျော် တိုးလာခဲ့ပြီး ၁၉၈၃ စာရင်းအရ ၃၅ ဒသမ ၃ သန်းရှိသော လူဦးရေသည် ၂၀၁၄ တွင် ၅၁ ဒသမ ၄ သန်းဖြစ်လာခဲ့သည်။၁၉၈၃ ရှေ့ပြေးလူဦးရေစာရင်းနှင့် ၂၀၁၄ ရှေ့ပြေးလူဦးရေစာရင်းများကို နှိုင်းယှဉ်ကြည့်ပါက ပြီးခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်အတွင်း လူဦးရေဆိုင်ရာအပြောင်းအလဲများ၊ လူများရွှေ့ပြောင်း အခြေခံမှုပုံစံများ အပါအ၀င် တိုင်းပြည်တွင် ပြောင်းလဲမှုများဖြစ်ပွားခဲ့ကြောင်း တွေ့ရမည်ဖြစ်သည်။

အမျိုးသမီးအရေအတွက် များပြားနေဆဲ အာရှတိုင်းပြည်တစ်ပြည်

အာရှနိုင်ငံအချို့တွင် မြင်တွေ့ရလေ့ရှိသည့် မိသားစုဝင်များအတွင်း မိန်းကလေးများထက် ယောက်ျားလေးများကို ဦးစားပေးရွေးချယ်သည့် ဓလေ့သည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ပြင်းပြင်းထန်ထန်ရှိမနေကြောင်း လူဦးရေစာရင်းက ဆက်လက်သက်သေပြနေခဲ့သည်။

တရုတ်၊ အိန္ဒိယ အစရှိသည့် အိမ်နီးချင်းနိုင်ငံများတွင် အမျိုးသားဦးရေက အမျိုးသမီးဦးရေထက် သိသိသာသာများပြားနေခဲ့သော်လည်း မြန်မာနိုင်ငံတွင်တော့ ပြောင်းပြန်ဖြစ်ခဲ့သည်။

၂၀၁၄ ရှေ့ပြေးလူဦးရေစာရင်းတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်က စာရင်းများအတိုင်း မြန်မာနိုင်ငံ၏အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် များပြားနေဆဲဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ လူဦးရေ ၃၅ ဒသမ ၃ သန်းရှိသည့် ၁၉၈၃ ရှေ့ပြေးသန်းခေါင်စာရင်းတွင် အမျိုးသမီးအရေအတွက်သည် အမျိုးသားအရေအတွက်ထက် သုံးသိန်းနီးပါးများပြားခဲ့သည်။

အလားတူ လူဦးရေ ၅၁ ဒသမ ၄ သန်းရှိသည့် ၂၀၁၄ ရှေ့ပြေးသန်းခေါင်စာရင်းတွင် အမျိုးသမီးအရေအတွက်သည် အမျိုးသားအရေအတွက်ထက် ၁ ဒသမ ၇ သန်းကျော် များပြားနေဆဲဖြစ်သည်။

နှစ် ၃၀ ကျော်အတွင်း မြန်မာနှင့် အိမ်နီချင်းများ လူဦးရေတိုးနှုန်း

မြန်မာအစိုးရက ထုတ်ပြန်ခဲ့သည့် ၂၀၁၄ ရှေ့ပြေးလူဦးရေစာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေစာရင်းသည် ပြီးခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်ကရှိခဲ့သည့် အရေအတွက်ထက် ၄၅ ဒသမ ၆ ရာခိုင်နှုန်း တစ်နည်းအားဖြင့် လူဦးရေ ၁၆ သန်းကျော် တိုးလာခဲ့သည်။

အဆိုပါ လူဦးရေတိုးနှုန်းသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အလယ်အလတ်အဆင့်တွင် ရှိနေခဲ့သည်။ နယ်မြေချင်းထိစပ်နေသည့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် လာအိုနိုင်ငံများ၏ လူဦးရေနှင့် မြန်မာနိုင်ငံ၏ လူဦးရေစာရင်းတွင် ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည့် လာအိုတစ်နိုင်ငံတည်းသာ မြန်မာထက် လူဦးရေလျော့နည်းနေသည်။

သို့ရာတွင် ပြီးခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်အတွင်း လူဦးရေတိုးနှုန်းကို လေ့လာပါက လာအိုက မြန်မာထက် လူဦးရေတိုးပွားသည့် ရာခိုင်နှုန်းတွင် ၅၃ ရာခိုင်နှုန်းခန့် များပြားခဲ့သည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၃၅ ဒသမ ၃ သန်းရှိသည့် ၁၉၈၃ ခုနှစ်တွင် လာအိုနိုင်ငံ၏လူဦးရေသည် မြန်မာနိုင်ငံ၏ ဆယ်ပုံတစ်ပုံခန့်ဖြစ်သည့် ၃ ဒသမ ၄ သန်းခန့်သာ ရှိခဲ့သည်။

မြန်မာနိုင်ငံ၏ လူဦးရေသည် ၂၀၁၄ ရှေ့ပြေးစာရင်းများအရ ၅၁ ဒသမ ၄ သန်းဖြစ်လာချိန်တွင် လာအိုနိုင်ငံ၏လူဦးရေသည် လွန်ခဲ့သည့် နှစ် ၃၀ ကထက် တစ်ဆတိုးလာခဲ့ပြီး ၆ ဒသမ ၈ သန်း ဖြစ်လာခဲ့သည်။

ပြီးခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံသည် ၁၉၈၃ ခုနှစ်ကရှိခဲ့သည့် လူဦးရေ၏ ၄၅ ဒသမ ၆ ရာခိုင်နှုန်းတိုးလာခဲ့ပြီး လာအိုနိုင်ငံကမူ နှစ်ပေါင်း ၃၀ အတွင်း ၁၉၈၃ ခုနှစ်ကရှိခဲ့သည့် လူဦးရေ၏ ၉၉ ရာခိုင်နှုန်းခန့် တိုးလာခဲ့သည်။

အံ့အားသင့်စေလောက်သည့် ပြည်ပထွက်ခွာမှုကိန်းဂဏန်း

အပျော်သောက်အချိုရည်ကို ကာကိုလာမှအစ ရုပ်သံဖမ်းစက်အလယ် ဇိမ်ခံမော်တော်ယာဉ်တင်သွင်းမှုအဆုံး နိုင်ငံခြားသွင်းကုန်များ တင်သွင်းမှုကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသော ဆိုရှယ်လစ်အစိုးရလက်ထက်တွင် ပြည်ပထွက်ခွာမှုကိုလည်း တင်းတင်းကျပ်ကျပ်စိစစ်ခဲ့သည်။

ဆိုရှယ်လစ်အစိုးရလက်ထက်က ကောက်ယူခဲ့သည့် ၁၉၈၃ ရှေ့ပြေးလူဦးရေစာရင်းတွင် နိုင်ငံခြားရောက် မြန်မာနိုင်ငံသားအရေအတွက်သည် ၇၇၁၆ ဦးရှိကြောင်း အစိုးရကထုတ်ပြန်ခဲ့သည်။

နေရာအစုံလွှမ်းခြုံစာရင်း ကောက်ယူနိုင်မှုနှင့် တိကျမှုတို့တွင် ၁၉၈၃ သန်းခေါင်စာရင်းသည် ၂၀၁၄ သန်းခေါင်စာရင်းလောက် အားမကောင်းခဲ့ဟု ဆိုနိုင်သော်လည်း နှစ်ပေါင်း ၃၀ အတွင်း ပြင်ပသို့ မြန်မာနိုင်ငံသားအများအပြား ထွက်ခွာသွားကြောင်း စာရင်းများက သက်သေပြနေခဲ့သည်။

ပြည်ပသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားအရေအတွက်ကို ၂၀၁၄ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်ရာတွင် အစိုးရက ထည့်သွင်းဖော်ပြခဲ့ခြင်းမရှိဘဲ နိုင်ငံခြားရောက် မြန်မာသံဝန်ထမ်းများနှင့် မိသားစုဝင်များ၏ အရေအတွက်ကိုသာ ထည့်သွင်းဖော်ပြခဲ့သည်။

၁၉၈၃ တွင် အစိုးရထုတ်ပြန်ခဲ့သည့် ရှေ့ပြေးလူဦးရေစာရင်းအရ တိုင်းပြည်လူဦးရေ၏ ၀ ဒသမ ၀၂ ရာခိုင်နှုန်းခန့်ဖြစ်သော ၇၇၁၆ ဦးသာ နိုင်ငံရပ်ခြားသို့ ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။

အဆိုပါအရေအတွက်သည် နှစ်သုံးဆယ်အကြာ ၂၀၁၄ တွင် ဂျပန် (သို့) တောင်ကိုရီးယားတစ်နိုင်ငံတည်းသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားအရေအတွက်လောက်ပင် ရှိသည်။

နှစ်ပေါင်းသုံးဆယ်အကြာတွင် ၁၉၈၃ သန်းခေါင်စာရင်းက ဖော်ပြခဲ့သည့် အရေအတွက်ထက် အဆပေါင်းများစွာ ပိုများသည့် သန်းနှင့်ချီသော မြန်မာနိုင်ငံသားများ တိုင်းပြည်မှ ထွက်ခွာသွားခဲ့ကြသည်။

‘‘တိုင်းပြည်ထဲက လယ်ယာလုပ်တဲ့သူတွေ တော်တော်များများ လယ်ထဲကနေ နိုင်ငံခြားရောက်ကုန်ကြတယ်။ ဒီနှစ်တွေထဲမှာ ပြည်တွင်းစစ်က ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာရော၊ ရာသီဥတုပြဿနာရော၊ လယ်သိမ်းယာသိမ်းလို နိုင်ငံရေးပြဿနာတွေကြောင့်ရော တိုင်းပြည်ထဲက ထွက်သွားကြတဲ့သူတွေ တော်တော်များတယ်’’ဟု မလေးရှားနိုင်ငံရှိ အလုပ်သမားများအား ကူညီဆောင်ရွက်နေသည့် ဦးဉာဏ်လင်းကပြောသည်။

နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားအဖွဲ့၏ ၂၀၀၉ ခုနှစ်အတွင်း ခန့်မှန်းချက်တွင် မြန်မာနိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းဖြစ်သော လူဦးရေငါးသန်းမှ ငါးသန်းခွဲခန့်သည် ပြည်ပသို့ရောက်ရှိနေသည်ဟု ဆိုသည်။ အများစုမှာ ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ ဦးတည်ထွက်ခွာသွားခြင်းဖြစ်သည်။

ပြည်မထက် လူဦးရေတိုးနှုန်းများသည့် နယ်စပ်ဒေသများ

နှစ်ပေါင်း ၃၀ အတွင်း လူဦးရေတိုးပွားလာသည့်နှုန်းမှာ အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်နေသည့် ပြည်နယ်များသည် ကုန်းတွင်းပိုင်းရှိ တိုင်းနှင့် ပြည်နယ်များထက် ပိုမိုများပြားလာခဲ့သည်။

တရုတ်နိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် ကချင်နှင့် ရှမ်းပြည်နယ်များ၏ လူဦးရေတိုးနှုန်းသည် တစ်နိုင်ငံလုံးအတိုင်းအတာအရ အများဆုံးစာရင်းတွင် ၀င်ခဲ့သည်။

ကချင်ပြည်နယ်တွင် ၁၉၈၃ ခုနှစ်က ထုတ်ပြန်ခဲ့သည့်လူဦးရေထက် ၈၇ ရာခိုင်နှုန်းတစ်နည်းအားဖြင့် လူရှစ်သိန်းနီးပါး တိုးလာခဲ့သည်။ ရှမ်းပြည်နယ်တွင်လည်း ၁၉၈၃ ခုနှစ်က ထုတ်ပြန်ခဲ့သည့် လူဦးရေထက် ၅၆ ရာခိုင်နှုန်း တစ်နည်းအားဖြင့် လူ ၂ ဒသမ ၁ သန်းနီးပါး တိုးလာခဲ့သည်။

အလားတူ ထိုင်းနိုင်ငံနှင့်ထိစပ်နေသည့် ကရင်၊ ကယားပြည်နယ်များနှင့် တနင်္သာရီတိုင်းများတွင်လည်း လူဦးရေတိုးနှုန်း သိသိသာသာပိုလာခဲ့သည်။


ကရင်ပြည်နယ်တွင် ၁၉၈၃ ခုနှစ်က ထုတ်ပြန်ခဲ့သည့် လူဦးရေထက် ၄၉ ရာခိုင်နှုန်း တစ်နည်းအားဖြင့် လူငါးသိန်းကျော်၊ ကယားပြည်နယ်တွင် ၁၉၈၃ ခုနှစ်က ထုတ်ပြန်ခဲ့သည့် လူဦးရေထက် ၇၀ ရာခိုင်နှုန်းတစ်နည်းအားဖြင့် လူ ၁ ဒသမ ၁ သိန်းကျော် တိုးလာခဲ့သည်။

မြန်မာနိုင်ငံ၏ အနောက်ဘက်ကမ်းခြေဒေသဖြစ်ပြီး လူဦးရေသန်း ၁၆၀ ကျော်ရှိသည့် ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ချင်းထိစပ်နေသည့် ရခိုင်ပြည်နယ်တွင်လည်း ၁၉၈၃ ခုနှစ်က ထုတ်ပြန်ခဲ့သည့် လူဦးရေထက် ၅၆ ရာခိုင်နှုန်း တစ်နည်းအားဖြင့် လူ ၁ ဒသမ ၁သန်းကျော် တိုးလာခဲ့သည်။

နယ်စပ်ပြည်နယ်များ၏ လူဦးရေတိုးနှုန်း သိသိသာသာများပြားခဲ့သော်လည်း နယ်စပ်ချင်းထိမနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၏ လူဦးရေတိုးနှုန်းသည် ၃၀ ရာခိုင်နှုန်းအောက်သာ ရှိခဲ့သည်။

အထူးသဖြင့် စိုက်ပျိုးရေးကို အခြေခံလုပ်ကိုင်ခဲ့ကြသည့် ဒေသများ၏ လူဦးရေတိုးနှုန်းသည် နယ်စပ်ပြည်နယ်များနှင့်ယှဉ်ပါက သိသိသာသာ လျှော့နည်းခဲ့သည်။

မြန်မာနိုင်ငံ၏ စပါးကျီအဖြစ် တင်စားခဲ့ကြသည့် ဧရာဝတီတိုင်းဒေသကြီး၏ လူဦးရေသည် ၁၉၈၃ ခုနှစ်က ထုတ်ပြန်ခဲ့သည့် လူဦးရေထက် ၂၄ ရာခိုင်နှုန်း တစ်နည်းအားဖြင့် လူ ၁ ဒသမ ၁ သန်းကျော်သာ တိုးလာခဲ့သည်။ ၁၉၈၃ တွင် တစ်နိုင်ငံလုံးလူဦးရေ၏ ၁၄ ရာခိုင်နှုန်းသည် ဧရာဝတီတိုင်းတွင် နေထိုင်ကြသူများဖြစ်သော်လည်း ၂၀၁၄ အရောက်တွင် ၁၂ ရာခိုင်နှုန်းသာ ရှိတော့သည်။

အလားတူ ဆီထွက်သီးနှံကို အဓိကထားစိုက်ပျိုးသည့် မကွေးတိုင်းဒေသကြီးတွင်လည်း ၁၉၈၃ ခုနှစ်က တိုင်းပြည်လူဦးရေ၏ ၉ ရာခိုင်နှုန်းခန့် နေထိုင်ကြသော်လည်း ၂၀၁၄ ခုနှစ်အရောက်တွင် ၇ ဒသမ ၆ ရာခိုင်နှုန်းခန့်သာ နေထိုင်တော့သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် တိုင်းပြည်တစ်ခုဖြစ်သောကြောင့် စာရင်းဇယားများအရ စိုက်ပျိုးရေးလုပ်ကိုင်သည့်ဒေသများမှ လူအများထွက်ခွာသွားခြင်းကို အစိုးရအနေဖြင့် ဖိဖိစီးစီးကိုင်တွယ်သင့်ကြောင်း စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(FSWG)၏ မူဝါဒရေးရာအရာရှိ ဦးရှုမောင်က ပြောသည်။

‘‘အစိုးရဘက်ကလည်း အရေးတယူလုပ်သင့်တယ်။ မဖြေရှင်းဘဲ အခက်အခဲအားလုံး ဆုံလာရင်တော့ တိုင်းပြည်မှာ ပြဿနာအကြီးကြီး ဖြစ်လာလိမ့်မယ်’’ဟု ဦးရှုမောင်ကပြောသည်။

ထို့အပြင် စိုက်ပျိုးရေးအဓိကလုပ်ဆောင်သည့် ပဲခူးတိုင်းနှင့် မွန်ပြည်နယ်များ၏ လူဦးရေသည်လည်း ၂၀၁၄ ခုနှစ်အရောက်တွင် ၁၉၈၃ ကနှုန်းထက် လျှော့နည်းခဲ့သည်။

လက်ရှိအနေအထားတွင် ရာသီဥတုမမှန်ခြင်း၊ လယ်မြေသိမ်းခံရခြင်းနှင့် အခြားသော အကြောင်းအရာများကြောင့် တိုင်းပြည်၏ လယ်ယာစီးပွားရေးနှင့် စိုက်ပျိုးတောင်သူများ၏ အခြေအနေသည် သေရေးရှင်ရေးဖြစ်နေပြီဖြစ်ကြောင်း စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ မူဝါဒရေးရာအရာရှိက သတိပေးခဲ့သည်။

လူဦးရေ ၅၀ ရာခိုင်နှုန်း= နိုင်ငံဧရိယာ ၂၅ ရာခိုင်နှုန်း

၂၀၁၄ သန်းခေါင်စာရင်းအရ တိုင်းပြည်လူဦးရေ၏ ထက်ဝက်ခန့်ဖြစ်သော ၂၆ သန်းကျော်သည် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီနှင့် စစ်ကိုင်း စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေထိုင်ကြခြင်းဖြစ်သည်။

တစ်နည်းအားဖြင့် တစ်နိုင်ငံလုံးအကျယ်အ၀န်း၏ လေးပုံတစ်ပုံခန့်တွင် တစ်နိုင်ငံလုံးလူဦးရေ၏ ထက်ဝက်ခန့် နေထိုင်နေကြခြင်းဖြစ်သည်။

အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြို့တော်သစ်ဖြစ်လာခဲ့သည့် နေပြည်တော်နှင့် မြို့တော်ဟောင်း ရန်ကုန်တို့တွင် လူဦးရေသိသိသာသာတိုးလာခဲ့သည်။

ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံးတိုးတက်လာသည့် မြို့တော် ၁၀ ခုစာရင်းဝင် နေပြည်တော်တွင် လူဦးရေတစ်သန်းကျော် နေ့ချင်းညချင်း တိုးပွားလာခဲ့သည်။

စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်သည် ၁၉၈၃ ခုနှစ်က တစ်နိုင်ငံလုံးလူဦးရေ၏ ၁၁ ဒသမ ၂ ရာခိုင်နှုန်းခန့်သာ နေထိုင်ခဲ့သော်လည်း ၂၀၁၄ အရောက်တွင် တစ်နိုင်ငံလုံးလူဦးရေ၏ ၁၄ ဒသမ ၃ ရာခိုင်နှုန်း နေထိုင်ရာအရပ်တစ်ခု ဖြစ်ခဲ့သည်။

‘‘ရွှေ့ပြောင်းလုပ်သားလို့ဆိုရာမှာ နိုင်ငံပြင်ပတင်မဟုတ်တော့ဘူး။ ရန်ကုန်လိုမြို့ပေါ်ကို တက်လာကြတာ တော်တော်များလာတယ်။ အဲဒီတော့ ပြဿနာဘာဖြစ်လာလဲဆိုတော့ တိုင်းပြည်က စိုက်ပျိုးရေးကိုအခြေခံတာဆိုတော့ စိုက်ပျိုးရေးကဏ္ဍမှာ ကျွမ်းကျင်လုပ်သားရှားလာတယ်။ နောက်ပြီး စားနပ်ရိက္ခာနဲ့ဆိုင်တဲ့ပြဿာနာတွေလည်း ရေရှည်မှာ ကြုံလာရနိုင်တယ်’’ဟု စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (FSWG)၏ မူဝါဒရေးရာအရာရှိ ဦးရှုမောင်ကပြောသည်။

နှစ်ပေါင်း ၃၀ ကျော်ကြာ မကောက်ယူနိုင်ခဲ့သည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို အစိုးရက ၂၀၁၄ တွင် ပြန်လည်ကောက်ယူခဲ့ပြီး ပြည်တွင်းတွင်ရှိနေသူဦးရေကိုလည်း ထုတ်ပြန်နိုင်ခဲ့သည်။

ပြီးခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း ပြည်ပထွက်ခွာသည့် မြန်မာနိုင်ငံသား အဆမတန်များပြားခဲ့သလို ပြည်မများမှ ထွက်ခွာသွားသည့် အရေအတွက်လည်း များပြားခဲ့သည်။ ပြည်ပရောက် နိုင်ငံသားစာရင်းပါဝင်ပါက မြန်မာနိုင်ငံသားဦးရေသည် ယခုထက် ပိုလာမည်လည်းဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံများ၏ ရွှေ့ပြောင်းသွားလာမှုများသည် မြို့ပြများ၊ နိုင်ငံရပ်ခြားနှင့် နယ်စပ်ပြည်နယ်များဆီသို့ ဦးတည်နေခဲ့သည်။


7Day Daily

0 comments:

Post a Comment