Friday, September 19, 2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းသားအရာရှိကြီး များတွေ့ဆုံအမှာစကားပြောကြား



အနာဂတ်နိုင်ငံတော်နှင့် တပ်မတော်အတွက်ကာကွယ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊အုပ်ချုပ်ရေးဟူသည့် အမြင် ၄ မြင်နှင့် ပြည့်စုံသည့်စစ်ဘက်နယ် ဘက်အရာရှိကြီးများမွေးထုတ်ပေးရန် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်အားဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံအတွက် ကာကွယ်ရေးသည်လွန်စွာအရေးကြီး ကြောင်း၊ တစ်ချိန်က ကိုလိုနီဖြစ်ခဲ့ရသည့် မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာသည် အဓိက ကျကြောင်း၊ နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏ အချုပ်အခြာအာဏာတည်ရှိမှုကို ကာကွယ်ရန်၊ ပိုင်နက်နယ်မြေနှင့် နိုင်ငံ၏ ရှင်သန်ရပ်တည်မှုခိုင်မြဲစေရန်၊ တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ထိခိုက်မှုကို ကာကွယ်ရန်လို ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် သင်တန်းသားအရာရှိကြီးများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်းပြော ကြားသည်။ အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းသားအရာရှိကြီးများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ယခင်က နိုင်ငံတော်ကာကွယ်ရေးသည် စစ်ရေးသက်သက်ဖြစ်သော်လည်း ယခုအခါ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ IT ပညာစသည်ဖြင့် များစွာကျယ်ပြန့် လာကြောင်း၊ သို့ဖြစ်၍ မိမိနိုင်ငံ၏သဘောသဘာဝနှင့်ကိုက်ညီသော နိုင်ငံတော်ကို ကာကွယ်နိုင်စွမ်းရှိသော စစ်ရေးအရ ကာကွယ်ရေး စွမ်းပကားရှိသည့် ခေတ်မီတပ်မတော်အဖြစ် ဖွဲ့စည်းတည်ဆောက်ရန်လိုကြောင်း၊ ယင်းသို့ တည်ဆောက်ရာတွင် လူအင်အားနှင့် ခေတ်မီလက်နက်ပစ္စည်းများ ဖြည့်ဆည်းရခြင်း၊ စွမ်းရည်ထက်မြက် စေရန် လေ့ကျင့်ခြင်းများအား ဘဏ္ဍာငွေကြေး များစွာသုံးစွဲလုပ်ဆောင်ရခြင်းကြောင့် တိုင်းပြည်၏ စီးပွားရေး အားကောင်းရန်လိုကြောင်း၊ စီးပွားရေးအားကောင်းရန် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် စီးပွားရေးမူဝါဒသည် လွန်စွာအရေးကြီးကြောင်း၊

ယင်းမူဝါဒအား အကောင်အထည်ဖော် မည့် အစိုးရခေါင်းဆောင်တို့၏ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုပုံစံများသည်လည်း တည်တည်ငြိမ်ငြိမ်နှင့် ထက်ထက်မြက်မြက် ဖြစ်ရန်လိုကြောင်း၊ ထိုသို့အစိုးရအဖွဲ့ ဆောင်ရွက်နိုင်ရန် နိုင်ငံရေးတည်ငြိမ်မှု၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိရန်လို ကြောင်း၊ သို့ဖြစ်၍ ကာကွယ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးတို့သည် တစ်ခုနှင့်တစ်ခုဆက်စပ် နေခြင်းကြောင့် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်တွင် သင်ကြားပို့ချနေသည့် အမြင် ၄ မြင်သည်လွန်စွာအရေးပါ ကြောင်း၊ လက်ရှိနိုင်ငံတော်သည် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်လျက် ရှိကြောင်း၊

နိုင်ငံတော်အစိုးရအနေဖြင့် စတင်တာဝန်ယူစဉ်ကပင် ပါတီစုံဒီမိုကရေစီစနစ်ဖြင့် တည်ငြိမ်စွာ လျှောက်လှမ်းနိုင်ရန် အဓိကလိုအပ်ချက်ဖြစ်သည့် ငြိမ်းချမ်းရေးကိုအလေးထားဆောင်ရွက်ခဲ့ကြောင်း၊ ဖဆပလ၊ တော်လှန်ရေးကောင်စီ၊ လမ်းစဉ်ပါတီ၊ တပ်မတော် အစိုးရစသည့် ခေတ် ၄ ခေတ်လုံးတွင် ငြိမ်းချမ်ရေးရရှိ ရန်ကြိုးစားဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခု အထိ အောင်မြင်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေး အမှန်တကယ်လိုချင်ပါက သဘောထားမှန်ကန်ပြီး ရိုးသားမှုရှိရန်လိုကြောင်း၊ တပ်မတော်သည်လည်း ခေတ်အဆက်ဆက်တွင်ပင် ငြိမ်းချမ်းရေးကိုလိုလားစွာဆောင်ရွက်ခဲ့ကြောင်း၊

လက်ရှိတွင် လည်း ပြည်သူလိုလားသည့်ပါတီစုံဒီမိုကရေစီစနစ်ကို သွားနေခြင်း၊ လွတ်လပ်ရေးရပြီးချိန်မှ ခေတ်ဆက်ဆက် လက်နက်ကိုင်ပြဿာနာများကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျရခြင်း၊ တိုင်းရင်းသားပြည်သူလူထုမှလည်း လူမှုဘ၀တိုးတက်မှုအတွက် အေးအေးချမ်းချမ်းနေထိုင်လုပ် ကိုင်လိုခြင်းတို့ကြောင့် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးမူ ၆ ချက်ဖြင့်ဆောင်ရွက်နေကြောင်း၊ ဗကပအပါအ၀င် လက်နက်ကိုင်သောင်းကျန်းသူများအား ပဲခူးရိုးမ၊ မြစ်ဝကျွန်းပေါ် စသည့်အတွင်းပိုင်းဒေသများမှ နယ်စပ်ဒေသများ နှင့် တစ်ဖက်နိုင်ငံအတွင်း ၀င်ရောက်ခိုလှုံရသည်အထိ တိုက်ထုတ်ချေမှုန်းခဲ့ပြီးဖြစ်ကြောင်း၊

ယခုအခါငြိမ်းချမ်းရေးကို အကြောင်းပြု၍ ပြည်ပ နိုင်ငံများနှင့် နယ်စပ်ဒေသများမှလက်နက်ကိုင်အဖွဲ့အချို့ ပြည်တွင်းကိုပြန်လည်ဝင်ရောက်၍ ရှင်သန်ရပ်တည် လှုပ်ရှားခွင့်များရရှိခဲ့ကြောင်း၊ အချို့အဖွဲ့များအနေဖြင့် ပြည်တွင်း၊ ပြည်ပနှင့်အဖွဲ့အစည်းအချို့၏ အကူအညီ အထောက်အပံ့ရယူ၍ နိုင်ငံရေးနှင့် အခြားအင်အားတည်ဆောက်မှုများ၊ တောင်းဆိုမှုများပြုလုပ်လာသည်ကို တွေ့မြင်ရကြောင်း၊ မကြာသေးမီက ကြေညာချက်များထုတ်ပြန်ခဲ့သည့် UNFC ၏လုပ်ဆောင်ချက်များသည် ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် အခက်အခဲများဖြစ်လာနိုင်သည်ကို သတိထားရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို ရယူလိုသည်မှာ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ လူထု၏ အေးချမ်းစွာနေထိုင်လိုသောဆန္ဒတို့အား ရှေ့ရှု၍အတက်နိုင်ဆုံး လိုက်လျောဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ အခြားစိန်ခေါ်မှုတစ်ရပ်မှာ ယခုလဆန်းပိုင်းဘာသာရေးကိုအကြောင်းပြု၍ ဖြစ်ပေါ်လာသည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံတို့အား အယ်လ်ကိုင်ဒါအဖွဲ့မှ ဘာသာရေးစစ်ဆင်နွှဲမည့်ကိစ္စဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ သည် ဗုဒ္ဓဘာသာကို မိရိုးဖလာကိုးကွယ်သည့်နိုင်ငံဖြစ်သော်လည်း ပြည်သူပြည်သားများ အခြားဘာသာကိုးကွယ်မှု နှင့် ပတ်သက်၍ လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားပြီး အသိအမှတ်လည်းပြုထားခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒမ (၃၆၁)၊ (၃၆၂)၊ (၃၆၃)တို့တွင် ပြဋ္ဌာန်းထားကြောင်း၊ ဘာသာရေးကိုအကြောင်းပြု၍ မည်သူမျှအခက်အခဲ အကျပ် အတည်းဖြစ်အောင် မလုပ်သင့်ကြောင်း၊ မိမိနိုင်ငံကို ချစ်မြတ်နိုးသူတိုင်း မိမိတို့တိုင်းရင်းသားများနှင့် နိုင်ငံတော် အပေါ် ထိခိုက်စေမည့် ပြောဆိုဟန့်တားလုပ်ဆောင်မှုများ ပြုလုပ်ကြမှာမဟုတ်ကြောင်း၊ နိုင်ငံတော်နှင့် တိုင်းရင်းသားများဒုက္ခအကျပ်အတည်းမဖြစ်ရအောင် ၀ိုင်းဝန်ကာကွယ်ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် လည်း ပုဒ်မ (၃၃၉)နှင့် (၃၄၁) တို့အရ အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

တိုင်းပြည်၏စီးပွားရေး၊ အုပ်ချုပ်ရေးဆိုင်ရာများ တိုးတက်အောင်မြင်မှုအတွက် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်လိုကြောင်း၊ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် လူ့စွမ်းအား အရင်းအမြစ် များနှင့် နိုင်ငံ၏ သဘာဝသယံဇာတအရင်းအမြစ်များပေါင်းစပ်၍ တိုင်းပြည်အား အကျိုးပြုမည့်၊ ၀င်ငွေရရှိစေမည့် ကုန်ထုတ်လုပ်ငန်းများ၊ SME လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အရင်းအနှီးရှိသူများ အနေဖြင့်လည်း ပေါ်ပင်ဝင်ငွေရသည့်လုပ်ငန်းများ၊ ကျန်းမာရေး၊ လူမှုရေးအရ ထိခိုက်စေပြီး နိုင်ငံအတွက် ဘာမှမကျန်ရှိသည့် စားသောက်ကုန်လုပ်ငန်းများ ထုတ်လုပ်ခြင်းအစား လူအများအလုပ်အကိုင်ရရှိစေပြီး ပြည်ပ၀င်ငွေရရှိနိုင်မည့် လုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် လုပ်ငန်းများ၊ ဆောင်ရွက်စေရန် တိုက်တွန်းအားပေး ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း တိုင်းပြည်၏ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် အထောက်အကူဖြစ်စေရန် အကြောင်းအမျိုးမျိုးကြောင့် လက်ဝယ်ရှိထား သည့်မြေများအား စိစစ်၍ နိုင်ငံတော်သို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိကြောင်း။
စီးပွားရေးဆောင်ရွက်ရာတွင် အရင်းအနှီးလိုအပ်ကြောင်း၊ တပ်မတော်အစိုးရလက်ထက်တွင် ပြင်ပ အကူအညီများ မရသလောက်ဖြစ်ခဲ့ရကြောင်း၊ ခေတ်အဆက်ဆက်က အကြောင်းအမျိုးမျိုးကြောင့် တင်ရှိသည့် တိုင်းပြည်အား ၀န်ထုပ်ဝန်ပိုးဖြစ်စေသော ပြည်ပကြွေးမြီများအားလည်း ယခု သမ္မတကြီး၏ ကြိုးပမ်းဆောင်ရွက်မှု၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုလုပ်ဆောင်ချက်များဖြင့် လျှော့ချနိုင်ခဲ့ကြောင်း၊

သက်သာသော အတိုးနှုန်းဖြင့်ရရှိသည့် ချေးငွေများအပါအ၀င် အကူအညီများသည် မိမိတို့ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခွန်အားဖြစ်သဖြင့် အကျိုးရှိရှိ အသုံးချရမည်ဖြစ်ကြောင်း။
သင်တန်းသားအရာရှိကြီးများအနေဖြင့် အုပ်ချုပ်ရေးကဏ္ဍတွင် တာဝန်ယူထားသူများဖြစ်၍ သတ်မှတ်ထား သည့် စည်းမျဉ်းစည်းကမ်းဥပဒေ၊ ပြန်ဋ္ဌာန်းချက်၊ လုပ်ထုံးလုပ်နည်းများကို သိရှိပြီး ကိုယ်တိုင် မှန်ကန်စွာ လိုက်နာရန်လိုကြောင်း၊ မိမိလက်အောက်ကိုလည်း လိုက်နာစေရန် ထိန်းသိမ်းကြပ်မတ် ရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်မှုညီညွတ်မျှတခြင်းသည် စည်းလုံးညီညွတ်မှုအားကို ဖြစ်စေခြင်းကြောင့် မျှတစွာ စီမံခန့်ခွဲခြင်း၊ တာဝန်ပေးအပ်ခြင်း၊ အကျိုးခံစားခွင့်ပေးခြင်းများကို စေတနာထားလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စစ်ဆင်ရေး အပါအ၀င် လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင် တပ်မှူးစိတ်၊ ဖခင်စိတ်ဓာတ်ဖြင့်လည်းကောင်း၊ လုပ်ငန်းတာဝန် အောင်မြင်ရေးအတွက် အထောက်အကူပြုသည့် အုပ်ချုပ်ရေးကိစ္စရပ်များတွင် ဖခင်စိတ်ဖြင့်လည်း ပေးအပ်သည့် တာဝန်များအပေါ် အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မလိုအပ်သည့် ပြိုင်ဆိုင်မှုများကို ရှောင်ရှား၍ မိမိကိုယ်တိုင်သာမက လက်အောက်ကိုပါ ထိန်းသိမ်း၍ ပြုမူနေထိုင် လုပ်ကိုင်သွားရန်လိုကြောင်း။

အမြင် ၄ မြင်ဖြင့် ရည်ရွယ်ချက်ကြီးမားစွာ ဖွင့်လှစ်သည့် သင်တန်းဖြစ်၍ မိမိတိုင်းပြည်၏ အခြေအနေမှန်ကို မှန်ကန်စွာ သုံးသပ်သိရှိရန်လိုကြောင်း၊ တိုင်းပြည်အတွက် ဒုက္ခဖြစ်စေနိုင်သည့် အန္တရာယ်ဖြစ်စေမည့် အကြောင်းကိစ္စများကိုလည်း မှန်ကန်စွာသိရှိရန်လိုကြောင်း၊ မိမိကိုယ်ကို စနစ်တကျ ထိန်းကျောင်း၍ ရည်မှန်းချက် ပန်းတိုင်ကို မယိမ်းမယိုင်ရောက်ရှိအောင် ကြိုးစားလျှောက်လှမ်းပြီး တပ်မတော်နှင့် နိုင်ငံတော်အတွက် အကျိုး ပြုနိုင်သော၊ အားကိုးအားထား ပြုရသောသူများဖြစ်ရေး ကြိုးစားဆောင်ရွက်လိုကြောင်းဖြင့် ပြောကြားခဲ့သည်။
ယခုဖွင့်လှစ်လျက်ရှိသော နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သင်တန်းတွင် တပ်မတော်အရာရှိကြီးများ အပြင် ပြည်ထဲရေးဝန်ကြီးဌာနမှ အရည်အချင်းကိုက်ညီသော အရာရှိကြီးများပါ တက်ရောက်လျက်ရှိပြီး နောင်တွင် နယ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခွင့်ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီ

0 comments:

Post a Comment