Sunday, September 7, 2014

လူငယ်မူဝါဒ အမြန်ဆုံး ချမှတ်ကြပါ


ကျွန်တော်တို့တစ်တွေ နိုင်ငံတော် တည်ဆောက်ရေးဆိုပြီး ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ လုံးထွေးနေကြတယ်။ နိုင်ငံရေးစနစ် ကောင်းကောင်းတစ်ခု ပေါ်လာဖို့၊ စီးပွားဖြစ်ဖို့၊ လူမှုအဆင့်အတန်းတွေ မြင့်လာဖို့၊ သဘောထားတွေ အမျိုးမျိုးကွဲကြတယ်။ အယူအဆတွေ အမျိုးမျိုး ညှိလို့နှိုင်းလို့တောင် မလွယ်လောက်အောင် ကွဲပြားနေကြတယ်။ နိုင်ငံချစ်စိတ်နဲ့ လုပ်နေကိုင်နေကြတယ်ပဲထား၊ ငြင်းနေခုံနေကြတယ်ပဲထား၊ တိုက်နေခိုက်နေကြတယ်ပဲထား၊ နောက်ဆုံး အားလုံး ညှိလို့နှိုင်းလို့ ရသွားတယ်ပဲထား၊ နိုင်ငံတော်သစ်ကြီးကို အောင်မြင်အောင် တည်ဆောက်နိုင်တယ် စီးပွားရေးလည်း တောင့်တင်းလာပြီပဲ ဆိုကြပါစို့။ လူငယ်မူဝါဒကို သေသေချာချာ ရေးဆွဲချမှတ်ထားခြင်း မရှိဘဲနဲ့ဆိုရင် ဒီတိုင်းပြည် မကြာခင် ဒုက္ခပြန်ရောက်မှာပဲ။ အခု လူငယ်တွေ လူကြီးဖြစ်လာတဲ့ တစ်နေ့ သူတို့လက်ထဲကို နိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းအမွေ ပေးခဲ့တဲ့ တစ်နေ့ စွမ်းရည်ပြည့်ဝတဲ့ လူငယ်တွေကို အခုကတည်းက စနစ်တကျနဲ့ ပြုစုပျိုးထောင်ဖို့ မလုပ်နိုင်ကြဘူးဆိုရင် အခုလုပ်နေတဲ့ နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းဟာ လုံးဝ အဓိပ္ပာယ် ကင်းမဲ့နေလိမ့်မယ်ဆိုတာ သတိပေးပါရစေ။အစိုးရသစ် ပေါ်လာပြီးတဲ့ နောက်ပိုင်း နိုင်ငံရေးအငြင်းပွားမှုတွေက ပိုလွတ်လပ်လာသလို ပိုလည်းကျယ်ပြန့်လာ၊ ရှုပ်ထွေးလာနေတယ်။ မူဝါဒတွေလည်း ကွဲပြီးရင်းကွဲ၊ ပါတီတွေလည်း တော်တော်များတဲ့ စနစ်လို့ ပြောရမယ်။ တိုင်းရင်းသား လူမျိုးစု လူနည်းစုတွေတောင် ပါတီကွဲတွေ ရှိနေကြပြီ။ ၂၀၁၅ အမီ ပေါင်းစည်းကြဖို့တောင် သိပ်မျှော်လင့်လို့ မရဘူး။ ထပ်မကွဲကြရင် ကံကောင်းပဲ။ ဆိုလိုတာက နိုင်ငံကို တည်ဆောက်ပါမယ်ဆိုတဲ့ နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေး အယူအဆတွေဟာ အထူးထူး အပြားပြား ကွဲပြားလွန်းတယ်။ နိုင်ငံချစ်စိတ်ကြောင့် လူထုကို ကောင်းစားစေချင်တဲ့ ဆန္ဒကြောင့်ပဲဆိုတဲ့ အကောင်းမြင်လေးနဲ့ ကြည့်ရင်တော့ ကိုယ့်အယူအဆနဲ့ကိုယ် ကိုယ့်နည်းလမ်းနဲ့ကိုယ် တိုင်းပြည်ကို ထူထောင်ချင်ကြတာမို့ ဂုဏ်ပြုရမှာပါ။ ဒါပေမဲ့ ဘယ်နိုင်ငံရေးပါတီပဲ ဖြစ်ပစေ ဘယ်လောက်ကောင်းတဲ့ နိုင်ငံရေး အယူအဆတွေပဲ ကိုင်စွဲထားပစေ လူငယ်တွေကို လေ့ကျင့်ပျိုးထောင်ဖို့ နည်းလမ်းတွေကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် မရှာဖွေနိုင်၊ လက်တွေ့မလုပ်နိုင်၊ မကိုင်နိုင်ဘူး ဆိုလို့ကတော့ အခုလုပ်နေကြတဲ့ နိုင်ငံရေးတွေဟာ ဘာမှ သေချာရေရာမှု မရှိနိုင်ဘူး ဆိုတာပါ။

လူငယ်တွေ မျှော်လင့်ချက် မဲ့နေကြတယ်။ ဘွဲ့ရရင်တောင် ဆရာဝန်ဘွဲ့ ဖြစ်ပစေ မရေမရာပဲ ဘွဲ့ရတယ် ဆိုတာလည်း မည်ကာမတ္တ များတယ်။ စာမေးပွဲမှာ ခိုးမချဘဲ ကျင့်ဝတ်နဲ့အညီ ဖြေပြီး အောင်စေရမယ်ဆိုတဲ့ သူက လူရယ်စရာ ဖြစ်နေတဲ့ခေတ်။ ဆယ်တန်းစာမေးပွဲ ဖြေပြီးလို့ အထက်တန်းကျောင်းတွေရှေ့ သွားကြည့်ရင် ခိုးချခဲ့တဲ့ စာရွက်စာတမ်းတွေကို ကျောင်းရှေ့လမ်းမပေါ် ကြဲချနေတဲ့ ကလေးတွေ တွေ့ရမယ်။ အဝေးသင်တက္ကသိုလ် စာမေးပွဲကို သက်ဆိုင်ရာ ဆရာမတွေဆီ ကျူရှင်တက်တာနဲ့ အောင်စေရမယ်ဆိုတဲ့ အာမခံချက်မျိုးတွေ ပေါ်လာပြီ။ ဘွဲ့ရ အလုပ်လက်မဲ့ ဆိုတာလည်း သိပ်ဆန်းတော့တာ မဟုတ်တော့ဘူး။ ပညာရေးဆိုတာ ဘဝကို အာမခံချက်ပေးနိုင်တဲ့ အဓိကသော့ချက်၊ လောကကြီးမှာ မားမားမတ်မတ် ရပ်တည်ဖို့ အသိတရားတွေ အတတ်ပညာတွေကို ပညာက ရမယ်ဆိုတာ မယုံကြည်ချင်ကြတော့ဘူး။ လူငယ်ထုရဲ့ အနာဂတ်ကို ယုံကြည်မှုတွေ ပျောက်ဆုံးနေပြီ။

နောက်ပြီး လူငယ်တွေဟာ လူ့ကျင့်ဝတ်တန်ဖိုး အမှန်တွေကို နားမလည်ကြတော့ဘူး။ တန်ဖိုးထားရကောင်းမှန်း မသိကြတော့ဘူး။ သိရင်တောင် တော်တော်ကိုမှ အနည်းအကျဉ်းလေးပဲ ဖြစ်သွားပြီ။ စာသင်ခန်းထဲ ထိုင်ရင်းနဲ့ ရှေ့ကသင်နေတဲ့ ဆရာကို ငါ့လောက်လည်း မသိဘူးလို့ ပြောင်ကျကျ ပြောတတ်နေကြပြီ။ မထေမဲ့မြင် လုပ်တတ်နေကြပြီ။ ဒီထက် ဆိုးတာက အထက်တန်းကျောင်းတွေရှေ့မှာ လူငယ်တွေ ရန်ဖြစ်ကြတာ ရိုက်ကြနှက်ကြတာ တုတ်တစ်ပြက် ဓားတစ်ပြက် လုပ်ကြတာ၊ မဆန်းတော့ဘူး။ မထင်ရင် မထင်သလို တစ်ယောက်နဲ့ တစ်ယောက် အသေအကျေ ရိုက်ကြ နှက်ကြပြီ။ ဆဲကြဆိုကြတာတော့ မပြောနဲ့။ ယဉ်ကျေးမှု ဖြစ်သွားပြီ။ ကျောင်းရှေ့မှာ မကြားဝံ့ မနာသာ ဆဲဆိုနေကြတာ ထမင်းစားရေသောက်။

စာသင်ကျောင်းတွေမှာကလည်း ဆရာမတွေပဲ အများစု။ ဘယ်လိုမှ ထိန်းလို့ မနိုင်တော့ဘူး။ ဆရာမတွေကလည်း ငါ့ကျူရှင် လာတက်ပါ ဆိုတာထက် ပိုမစဉ်းစားကြတော့ဘူး။ လစာ မလောက်ငှတာကို အကြောင်းပြပြီး စီးပွားဖြစ် လုပ်နေကြပြီ။ ကျွန်တော်တို့ ငယ်ငယ်က ဆရာ၊ ဆရာမတွေ ငါးပိရည်နဲ့စား အင်္ကျီကုတ်ပြဲ ဝတ်ပြီး စေတနာအပြည့်နဲ့ တစ်သက်လုံး စာသင်ပြီး သေသွားကြတယ်။ ကျွန်တော်တို့ခေတ်က စာသင်ခန်းထဲက သင်ပေးသမျှနဲ့ ထူးချွန်တယ်၊ ပေါက်မြောက်တယ်။ ကျူရှင်ဆိုတာ ကြားတောင် မကြားဖူးခဲ့ဘူး။ အခုပြောတော့ ယုံတမ်းစကားတွေ ဖြစ်သွားပြီ။

အခုတစ်လော သတင်းတွေမှာ ရိုက်ပွဲနှက်ပွဲတွေအကြောင်း ခုတ်ပွဲသတ်ပွဲတွေ အကြောင်း မကြားချင်မမြင်ချင် အဆုံး။ အဲဒီသတင်းတွေကို သေသေချာချာ သတိထားကြည့်ရင် လူငယ်တွေ အများစု ဖြစ်နေကြတာ တွေ့လိမ့်မယ်။ လူငယ်ဆိုတာ ဒီလောက်တောင်မှ တန်ဖိုးတွေ နိမ့်ကျနေပြီလား။ သူတို့ကို ဘာတန်ဖိုးမှ မထားကြတော့ဘူးလား။ လူကြီးတွေကရော လူငယ်တွေ ရိုင်းစိုင်းကုန်ပြီဆိုတဲ့ စွပ်စွဲချက် တစ်ခုတည်းနဲ့ပဲ သူတို့ကို အပြစ်တွေ ပုံချမှာလား။ တာဝန်ကျေရောလား။ လူကြီးတွေက ငါတို့ရော ဘာတွေမှားနေလဲ တွေးမိကြရဲ့လား။ လူငယ်တွေအပေါ်မှာပဲ အပြစ်တွေ ပုံချလိုက်ရင် ကိစ္စပြီးရောလား။

“အမျိုးသားအကျိုးစီးပွား” ဆိုတဲ့ အထဲမှာ လူငယ်မူဝါဒ ကောင်းကောင်း တစ်ခုလည်း ပါဝင်ရမယ်။ ဒါ အားလုံးရဲ့ တာဝန်ပဲ။ အစိုးရလည်း တာဝန်ရှိသလို နိုင်ငံရေးပါတီတွေနဲ့ မိဘတွေ၊ ဆရာတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ အားလုံး တာဝန်ရှိတယ်။ အရက်ဆိုင်တွေက ကော်ဖီဆိုင်နဲ့ လက်ဖက်ရည်ဆိုင်ထက် အဆမတန် ပိုများနေတယ်။ ညဘက်ဆို လမ်းထိပ် အုတ်ခုံတွေမှာ ဆယ်ကျော်သက် လူငယ်တွေ ပုလင်းထောင်နေကြပြီ။ မူးယစ်ဆေးသုံးတဲ့ နှုန်းထားက တအားမြင့်တက် လာနေတယ်လို့လည်း ကြားနေရပြီ။ လူငယ်တွေ ဒီလိုဖြစ်အောင် အခြေအနေတွေ ဖန်တီးတာက လူကြီးတွေပဲ။ လူကြီးတွေ တာဝန်ပျက်ကွက်လို့ လူငယ်တွေ တန်ဖိုးကျလာရတာပဲ။ လူကြီးတွေက နေသာသလို နေကြတယ်။ ပြဿနာဖြစ်ရင် မင်းတို့ အသုံးမကျဘူး ဆိုတာလောက်နဲ့ မပြီးဘူး။ လူငယ်တွေက သူတို့ကိုယ်သူတို့ တန်ဖိုးထားအောင်၊ သူတို့အနာဂတ်ကို သူတို့ မျှော်လင့်ရဲအောင် ယုံကြည်ရဲအောင် အခြေအနေတွေ ဖန်တီးပေးရမှာ လူကြီးတွေ တာဝန်ပဲလို့ မခံယူကြတာလား။

အခုပြည်တွင်းဖြစ် အရက်တွေက ဘယ်လိုပုံစံနဲ့ ထုတ်နေရောင်းနေသလဲတော့ မသိဘူး။ အဲဒီအရက်တွေကို သောက်နေကြတဲ့ လူငယ်တွေကိုကြည့်ရင် လပိုင်းနှစ်ပိုင်း အတွင်းမှာ စွမ်းရည်တွေ ကျဆင်းလာကြတယ်။ အသားအရေတွေ ခန်းခြောက်ကုန်တယ်။ အရက်ဆိုတာ အကောင်းစားပါ ဆိုရင်တောင်မှ သိတဲ့အတိုင်းပဲ။ အချိန်တန်ရင် ဒုက္ခပေးတာပဲ မဟုတ်လား။ မြန်မာနိုင်ငံက ဥရောပလည်း မဟုတ်ဘူး။ နည်းနည်းသောက်ရင် များများထိခိုက်တယ်။ ကြာရင် အားလုံး ဒုက္ခများတော့မယ်။ ထိုင်းလို တိုင်းပြည်မှာတောင် အရက်ထုတ်လုပ်သူတွေ၊ ရောင်းချသူတွေက အမျိုးသားအကျိုးစီးပွားကို ကြည့်ကြတယ်။ လူငယ်တွေကို သေသေချာချာ ကန့်သတ်တယ်။ ညနေပိုင်း မရောက်ရင် အရက်ဝယ်ဖို့ မလွယ်အောင် လုပ်ထားတယ်။ ဒီမှာတော့ ငတေတွေ များလွန်းတယ်။

အစိုးရ ရုပ်မြင်သံကြား လိုင်းတွေကလည်း ကိုရီးယားဇာတ်လမ်းတွဲပဲ ကန်ထရိုက် ဆွဲထားတယ်။ လူငယ်တွေက ကိုရီးယားစိတ် ပေါက်ကုန်ပြီ။ ကိုရီးယားစိတ် ပေါက်တယ်ဆိုတာ အကောင်းမဟုတ်ဘူး။ ကိုရီးယားတွေ ဘယ်လောက် အလုပ်ကြိုးစားသလဲ သူတို့ မသိချင်ဘူး။ ဆံပင် ရောင်စုံဆိုးတယ်။ ကောင်မလေးတွေ လမ်းဘေးမှာ သောက်တယ် စားတယ်။ အနေအထိုင် ပေါ့သွမ်းတယ်။ အခုရုပ်သံလိုင်း အသစ်ပေါ်ရင် အခု ကိုရီးယားဇာတ်လမ်းတွဲ ကန်ထရိုက်ဆွဲတယ်။ တခြားပြစရာ မရှိကြတော့ဘူးလား။ တိုင်းပြည်ချစ်တယ်ဆိုတာ ဘယ်လိုပုံစံများ ချစ်ကြတာလဲ။ အမြော်အမြင်တွေ ဆင်ခြင်တုံတရားတွေ၊ စေတနာသဒ္ဓါတရားတွေ ဘယ်ရောက်ကုန်ကြလဲ။ ဒါမှမဟုတ် အားလုံးက ဒါပဲကြိုက်ကြလို့ အာရုံတွေကို ဒီတစ်နေရာထဲဆီ ပို့ထားချင်တာလား။ နားမလည်တော့ဘူး။ အင်မတန်မှ ယဉ်ကျေးတဲ့နိုင်ငံ၊ အင်မတန်မှ ဘာသာတရား ကိုင်းရှိုင်းတဲ့ လူ့အဖွဲ့အစည်း အခုတော့ အတွင်းထဲ လှိုက်စားနေပြီ။

လူငယ်တွေဟာ ဆိုးချင်ကြတာ မဟုတ်ဘူး။ အားမာန်တွေလည်း အပြည့်ရှိကြတယ်။ အနာဂတ်ကို သိပ်ယုံကြည်တတ်ကြတာ။ ယုံကြည်ချင်ကြတာ။ တက်ကြွတယ်။ ထက်သန်တယ်။ စိတ်ကောင်းစိတ်မြတ်လည်း အခြေခံအားဖြင့် အားလုံးမှာ ရှိကြတယ်။ ဘာလို့အခု တစ်စတစ်စ အခြေအနေတွေ ပိုဆိုးလာရတာလဲ။ သူတို့အပြစ်ပဲလား။ အရင်ခေတ်အခါတွေက ဘာလို့ ဒီအခြေအနေ မရောက်ခဲ့သလဲ။ မိဘတွေကရော ဘာလို့ ကိုယ်ဖြစ်ချင်တာကိုပဲ သားသမီးတွေကို အတင်းအဓမ္မ ပုံသွင်းနေကြသလဲ။ သူတို့ရဲ့ ပါရမီတွေ၊ ကိုယ်ရည်ကိုယ်သွေးတွေကို သူတို့ယုံကြည်တဲ့ အနာဂတ်အတွက် ဘာလို့ အသုံးချဖို့ ခွင့်မပြုချင်ကြတာလဲ။ ဘာလို့ မိဘတွေက မဟုတ်တဲ့ ဂုဏ်ဒြပ်တွေရဖို့ သားသမီးတွေ ဘဝကို အသုံးချနေကြတာလဲ။ ဒီလိုနည်းနဲ့များ ဘယ်လိုလုပ်ပြီး တိုးတက်တဲ့ နိုင်ငံတွေက အနေအထားတွေကို မျှော်မှန်းနေကြတာလဲ။

စာသင်ကျောင်းတွေကရော ဘာကြောင့် စာအုပ်ထဲက စာတွေကို အလွတ်ကျက်ဖို့ပဲ ဖိအားပေးနေရတာလဲ။ လူငယ်တွေရဲ့ စဉ်းစားတီထွင်နိုင်စွမ်းကို မြေတောင်မြှောက်ပေးဖို့က စာတွေ အလွတ်ရဖို့လောက် အရေးမပါဘူးလား။ ပညာရေးကို တာဝန်ယူထားကြတဲ့လူတွေ ဒီလောက်ကြာကြာ ဖြတ်သန်းပြီးတာတောင်မှ နောက်ပြီး နိုင်ငံတကာက လေ့လာစရာ အတုယူစရာတွေကို ဒီလောက် လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် တွေ့နိုင်ရယူနိုင်ရက်နဲ့ ဘာလို့ လမ်းဟောင်းကြီးကနေ မခွာနိုင်ကြတာလဲ။ သူများတိုင်းပြည်တွေမှာက လူငယ်မူဝါဒတွေကို သေသေချာချာ ချမှတ် အကောင်အထည် ဖော်ကြတယ်။ ဥပမာအနေနဲ့ ဥရောပသမဂ္ဂရဲ့ မူဝါဒတွေကို ပြောပြပါရစေ။ လူငယ်တွေနဲ့ ပတ်သက်လို့ ထောင့်စေ့အောင် လုပ်ထားတယ်။ “လူငယ်မဟာဗျူဟာ” ဆိုပြီးတော့ကို သေသေချာချာ ချမှတ်ထားတာ။ Education and training (ပညာရေးနဲ့ သင်တန်း) Employment & entrepreneurship (အလုပ်အကိုင်နဲ့ စွန့်ဦးတီထွင်မှု) Health & well-being (ကျန်းမာရေးနဲ့ ကောင်းမွန်စွာ ရှင်သန်နေထိုင်နိုင်ရေး) Participation (အများနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နိုင်ရေး) Voluntary Activities (ပရဟိတလုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်း) Social Inclusion (လူမှုရေးကိစ္စများ ပါဝင်ထမ်းဆောင်ခြင်း) Youth & the world (လူငယ်နဲ့ ကမ္ဘာကြီး) Creativity & Culture (တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ယဉ်ကျေးမှု) EU ရဲ့ လူငယ်မဟာဗျူဟာတွေပါ။ တစ်ခုချင်းကို သေသေချာချာ စနစ်တကျနဲ့ လုပ်နေကြတာ။ သေသေချာချာ ဆန်းစစ်ကြည့်သင့်တယ်။ အတုယူသင့်တယ်။ ဒါကြောင့်လည်း ဒီကနေ့ သူတို့နိုင်ငံတွေ ထိပ်တန်းရောက်နေတာ။ နောက်နှစ်ပေါင်းများစွာလည်း ထိပ်တန်းမှာ ရပ်တည်နေဦးမှာပဲ။ စဉ်းစားကြဖို့သင့်ပြီ။

ဒါတွေအားလုံးဟာ အခု လူကြီးလုပ်နေတဲ့လူ အားလုံးရဲ့ တာဝန်ပဲ။ အစိုးရ၊ နိုင်ငံရေးပါတီ၊ တပ်၊ မိဘ၊ ဆရာအားလုံးနဲ့ ဆိုင်တယ်။ (တပ်မတော်အနေနဲ့လည်း ဘက်စုံထောင့်စုံကနေ နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်တယ် ဆိုတာမျိုးကို အားကြိုးမာန်တက် လုပ်ကိုင်ပေးဖို့ ပန်ကြားပါရစေ။ ခေတ်အဆက်ဆက် အာဏာရှင်တွေက ရိုက်ချိုးဖျက်ဆီးခဲ့တဲ့ တပ်နဲ့ပြည်သူ ချစ်ခင်စည်းလုံးမှုကို အခုထက်ပိုပြီး အရှိန်အဟုန်နဲ့ ပြန်တည်ဆောက်သင့်ပြီ။ လူငယ်ထုကြီး ပြုစုပျိုးထောင်ရေးကို တပ်ကလည်း မူဝါဒတစ်ရပ် ချမှတ်ပြီး ကူညီမယ်ဆိုရင် အားလုံးက ကျေးဇူးတင်ကြမှာ အမှန်ပါ။) Stakeholder အားလုံးက အပူတပြင်း နည်းလမ်းတွေ ရှာဖို့သင့်ပြီ။ ပြောင်းစရာရှိပြောင်း ပြင်စရာရှိ ပြင်သင့်ပြီ။ အနာဂတ်ကို အမြော်အမြင်နဲ့ လှမ်းကြည့်သင့်ပြီ။ အတ္တတွေ လျှော့သင့်ပြီ။ လူငယ်တွေကို နည်းမှန်လမ်းမှန် တန်ဖိုးထားသင့်ပြီ။ ခုပုံအတိုင်း တော်သလို လွှတ်ထားရင်တော့ စောစောက ပြောခဲ့သလိုပဲ။ နိုင်ငံရေး၊ စီးပွားရေးကို ဘယ်လောက်ကောင်းအောင်ပဲ ဆည်ဆောက်နိုင်ပစေ၊ ဘယ်သူတွေပဲ အာဏာရပစေ၊ လူငယ်မူဝါဒ ကောင်းကောင်းကို အလေးထားပြီး မချမှတ်နိုင်လို့ကတော့ လူငယ်တွေအတွက် ဘယ်တော့မှ အနာဂတ်ကောင်းကောင်း ရှိနိုင်မှာ မဟုတ်ဘူး။ လူငယ်တွေရဲ့ အနာဂတ်မရှိတဲ့ တိုင်းပြည်ကရော အနာဂတ် ရှိနိုင်မှာလား။ အခုလုပ်နေသမျှ သဲထဲရေသွန်၊ ပလိုင်းပေါက်နဲ့ ဖားကောက်၊ အလကား ဖြစ်မယ်သာ မှတ်ပါ။


(ပိုက်တင်)
The Voice Weekly

0 comments:

Post a Comment