”သံသယဆိုသည်မှာ အလကား မှန်သပဆိုသည်မှာ ပတ္တမြား၊ သံသယ ပျောက်ပါစေ အမှန်ဘဝရောက်ပါစေ” ဆိုသည့် သီချင်းလေးကို အမှတ်ရမိပါ သည်။ မိမိတို့နိုင်ငံ သည် လူမျိုးတစ်မျိုး နှင့်တစ်မျိုး သံသယပွားကာ အချင်းချင်း တိုက်ခိုက် သတ်ဖြတ်နေကြခြင်းကြောင့်ပါ။ ယင်းသို့ဖြစ်လာခဲ့သည်မှာ နှစ်ပေါင်း ၆၅ နှစ်ပင် ကျော်ခဲ့ပါပြီကော။ အစိုးရသစ်သက်တမ်းကာလ တစ်ဝက်ကျော်လာပြီးသည့်နောက်တွင် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များတိုးတက်ကောင်းမွန်လာ သည်ကို သိသာ ထင်ရှားစွာ မြင်တွေ့နေရပါပြီ။ အစိုးရသစ်အနေဖြင့် နောက်ကြောင်းပြန်မလှည့်နိုင်သော ဒီမိုကရေစီလမ်းကြောင်းပေါ် သို့ လျှောက်လှမ်းနေ သည်ကိုလည်း နိုင်ငံတကာမှ အသိအမှတ်ပြုလာရပြီဖြစ်၏။မီဒီယာများ ပွင့်လင်းလွတ်လပ်လာ ခြင်း၊ပြည်သူများ၏လိုအင်ဆန္ဒကို လွတ်လပ်စွာတင်ပြနိုင်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာခြင်း၊ နိုင်ငံခြား အကြီးအကဲ များနှင့် သံတမန်များ လာရောက်လည်ပတ်ခြင်းတို့ကို ကြည့်ခြင်းအားဖြင့် သိသာနိုင်ပါသည်။ ၂ဝ၁၂ခုနှစ် ကြားဖြတ်ရွေးကောက် ပွဲ၌ အင်အားကြီး ပါတီတစ်ခုသည် လည်း ဝင်ရောက်အရွေးချယ်ခံကာ လွှတ်တော်နေရာအများစုကို အနိုင်ရရှိခဲ့သည်မှာအများအသိပင်။ ယင်းပါတီအား ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်နိုင်စေရန် လက်ရှိအစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေမှ ကန့်သတ်ချက်အချို့အား ပြင်ဆင်ပေးခဲ့သည်ကိုလည်း အများပြည်သူအသိ ဖြစ်ပါသည်။
ဤသည်တို့မှာ လွှတ်တော်အသီးသီးတို့၌ တိုင်းရင်းသားအင်အားစု အားလုံးပါဝင်လာကြပြီးလျှင် မိမိနိုင်ငံ၏တိုးတက်ရာတိုးတက်ကြောင်း လုပ်ငန်းရပ်များကို ကျယ် ကျ ယ်ပြန့်ပြန့် ဆွေးနွေးတိုင်ပင်ညှိနှိုင်း၍ အောင်အောင်မြင်မြင် အကောင်အထည် ဖော်ဆောင်နိုင်ရန်အတွက်ပင် ဖြစ်ပါလေသည်။ အစိုးရသစ်လက်ထက်၌ ထင်သာ မြင် သာ သည့် ပြုပြင်ပြောင်းလဲရေးတို့ကို လည်း အချိန်တိုအတွင်း အကောင်အထည်ဖော်ခဲ့သည်ကို တွေ့မြင်ကြရ၏။ ဥပမာ ကျေးလက်ဒေသ တိုးတက်ဖွံ့ဖြိုး ရေးနှင့် ဆင်းရဲနွမ်းပါး မှုလျှော့ချရေးလုပ် ငန်းစဉ် ၈ ရပ်ကို အကောင်အထည် ဖော်ခြင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ခြင်း၊ အစိုးရနှင့် သဘောထားကွဲ လွဲနေကြ သည့် လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့နှင့် ထာဝရငြိမ်းချမ်းရေးရရန် အကောင်အထည်ဖော်ဆောင်လျက်ရှိခြင်း၊ ပြည်သူများ၏ ဆန္ဒအရ မြစ်ဆုံရေကာတာ စီမံ ကိန်းကြီးကို ဆိုင်း ငံ့ပေးခြင်း၊ နိုင်ငံ တော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များအား (၁၆) ကြိမ် ထုတ်ပြန်ကာ အကျဉ်းသားပေါင်းထောင်ပေါင်း များစွာ (နိုင်ငံရေးအကျဉ်း သားများ အပါ အဝင်) တို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်း၊ လက်ရှိ၌ အခြားပြစ်မှုမကင်းသည့် နိုင်ငံရေးအကျဉ်းသား ဆယ် ဂဏန်းမျှသာကျန်ရှိတော့ခြင်း၊ ဝန်ထမ်း များလစာကို တိုးမြှင့်ပေးခြင်း၊ အငြိမ်းစားဝန်ထမ်းများ၏ အငြိမ်းစားလစာနှင့် နိုင်ငံရေးပင်စင်တို့ကို တိုးမြှင့် သတ်မှတ်ပေးခြင်း၊ ဝန်ထမ်းများအား အပိုဆောင်း ထောက်ပံ့ကြေး ၃ သောင်း ကျပ် ခံစား ခွင့်ပြုခြင်းတို့ ဖြစ်ပါသည်။
ထို့အပြင် အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ဥပဒေပြုရေးမဏ္ဍိုင်တို့သည်လည်း အချင်းချင်း အပြန်အလှန် ထိန်းကျောင်း၍ Check and Balance အလေ့အကျင့်တို့ကို လွှတ်တော်အ သီးသီးတို့၌ အကောင်အထည်ဖော်လျက် ရှိကြသည်ကို ထင်သာမြင်သာတွေ့မြင်နေကြရပါပြီ။ မလိုလားအပ်သည့် ဥပဒေများ၊ အမိန့် ညွှန်ကြားချက်များကိုလည်း ပယ် ဖျက် ပြင်ဆင်ရန် လွှတ်တော်အသီးသီးက ဆောင်ရွက်လျက် ရှိနေပြီး လက်ရှိအခြေအနေနှင့် ကိုက်ညီသည့် ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းလျက် ရှိနေပါသည်။
အစိုးရအဖွဲ့နှင့် လွှတ်တော်အသီးသီး၌ ရောက်ရှိနေကြသည့် ပါတီအသီးသီးတို့မှ လွှတ်တော်ကိုယ်စားလှယ်တို့ သည် မူဝါဒသဘောထားချင်းတူညီ သည်များရှိသလို မတူ ညီသည်များလည်း ရှိကြ၏။ ပါတီအချို့၏ သဘောထားကို တင်ပြရပါလျှင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ”တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့ စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေး” စသည့် ပါတီ၏ အဓိကမူဝါဒသုံးရပ်ကိုလည်းကောင်း။ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီက ”တိုင်းရင်းသားအားလုံးအေး ချမ်းသာ ယာမှု ရရှိစေရေး၊ ဘဝလုံခြုံမှုရှိစေရေး၊ စားဝတ်နေရေးနှင့် လူမှု ရေးလိုအပ်ချက်များ ပြည့်စုံရေး၊ ဒီမိုကရေစီစနစ်ရှင်သန်ခိုင်မာလာရေး၊ သမိုင်းပေးလိုအပ်ချက် အရ ပြည်ေ ထာင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ် မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး” စသည့် အမျိုးသားရေး ဦးတည်ချက်များကို အစဉ်ဦးထိပ် ထားကြောင်းကိုလည်းကောင်း။ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီက ”ပြည်တွင်းငြိမ်းချမ်းမှု ရရှိရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေး၊ တစ် မျိုးသားလုံးတန်းတူ ညီ မျှရေး၊ တစ်ပြည် လုံးတစ်ပြေးညီ စီးပွားရေးတိုးတက်ရေး နှင့် စစ်မှန်သော ပြည်ထောင်စုဘဝ ရောက်ရှိရေး” စသည့် မူ ငါးချက်ကို စွဲ ကိုင်ထားကြောင်းကိုလည်းကောင်း အ သီးသီးတင်ပြကြပြီး အခြားပါတီများ ကလည်း မိမိတို့ပါတီ၏ မူဝါဒ သဘောထားများကို တင်ပြထားကြပါသည်။
ယင်းသို့ မိမိတို့ ပါတီ၏ မူဝါဒသဘောထားများကို တင်ပြသွားကြရာ၌ မတူညီသည့် အချက်များရှိသလို တူညီသည့် မူဝါဒနှင့် တူညီသည့် ရည်မှန်းချက်များ (Common Ground) ရရှိသည်များလည်း ရှိကြပါသည်။ မိမိတို့နိုင်ငံ ထာဝရငြိမ်းချမ်း၍ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ မိမိတို့နိုင်ငံအား ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုနိုင် ငံတော်ကြီး ဖြစ်လာစေရေး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး စားဝတ်နေရေး အဆင်ပြေကာ လူနေမှု အဆင့်အတန်း တိုးတက်မြင့်မားလာရေး စသည့် အချက်များမှာ ပါတီ တိုင်းက လိုလားသည့် ဆန္ဒသဘောထားများဖြစ် ကြပါသည်။
သို့ဖြစ်ရာ သည်အချိန် သည်အခါ ၌ မတူသည်များကို ဘေးဖယ်ထား၍ တူညီသည်တို့ကို လက်တွေ့အကောင် အထည်ဖော်ဆောင်ကြရမည့် အချိန် အခါပင် ဖြစ်ပါသည်။ မတူညီသည့် အချက်များကို အငြင်းပွားနေကြရမည့် အချိန်အခါမဟုတ်တော့ပါ။ မတူညီ သည့်ကိစ္စရပ်တို့ကို လွှတ်တော်၌ ညှိနှိုင်း ဆောင်ရွက်သွားကြရန်သာ ဖြစ်ပါသည်။ ယခုလောလောဆယ် အကောင်အထည် ဖော်ဆောင်ရမည်မှာ (Common Ground) ရရှိထားပြီးသည့် ကိစ္စရပ်တို့ ကို ဆောလျင်စွာ လက်တွေ့ အကောင် အထည်ဖော်ေ ဆာင်ရန်အရေးတကြီး လိုအပ်နေပါသည်။
”မိမိနိုင်ငံတော် ထာဝရငြိမ်းချမ်းရေး” ဆိုသည့်အချက်မှာ လက်ရှိအချိန်တွင် အရေးအကြီးဆုံးသော လိုအပ်ချက်ကြီးတစ်ရပ်ဖြစ်ကြောင်း စာရေးသူ ဆင်ခြင်မိပါသည်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည့် ပြည်တွင်းသောင်းကျန်းမှုတို့မှာ နှစ်ပေါင်း ၆၅ နှစ်ကျော်လွန်လာသည့် ယနေ့အချိန်အထိ ချုပ်ငြိမ်း သွားခြင်း မရှိသေးပါပေ။ အထူးသဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူအများ အလူးအလဲခံစားနေရဆဲပင်ဖြစ်သည်။ ယင်းဒေသရှိ ပြည်သူများသည် မိမိတို့၏ စီး ပွားရေးလုပ်ငန်းကို ဖြောင့်ဖြောင့် မလုပ်နိုင်ကြပေ။ ကလေးသူငယ် အများစုမှာ ပညာသင်ကြားနိုင်သည့် အခွင့်အရေးများ ဆုံးရှုံးနစ်နာနေကြရသည်။ ဤသည်မှာ ပြည် တွင်းငြိမ်းချမ်းမှု မရှိ သည့် အနိဋ္ဌာရုံများပင် ဖြစ်ပါတော့သည်။
တိုင်းပြည်ငြိမ်ဝပ်ပိပြားမှုမရှိလျှင် မည်သည့်ကိစ္စကိုမှ အကောင်အထည် ဖော်နိုင်မည်မဟုတ်ပေ။ တိုင်းပြည် မငြိမ်းချမ်းလျှင် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းရပ်များ ကို အကောင်အထည်ဖော်ရန် ခက်ခဲလှပါသည်။ (နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ လူနေမှုဘဝကို လေ့လာသုံးသပ် ကြစေလိုပါသည်။ ယင်းဒေသရှိ တိုင်းရင်းသားများသည် အခြေခံပညာကိုပင် သင်ကြားနိုင်ခွင့်မရှိကြ။ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေ၏။ သည်အချိန်အထိ စစ်ပြေးဒုက္ခသည်များ သောင်းနဲ့ချီ၍ ရှိနေပေသေးသည်)။
သို့ဖြစ်၍ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်ကိစ္စမှာ အရေးတကြီးလုပ်ဆောင်ရမည့်အဓိက လုပ်ငန်းကြီးဖြစ်သဖြင့် အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့် နိုင်ငံသားအားလုံး ဝိုင်းဝန်းဆောင် ရွက်ရမည့် လုပ်ငန်းကြီး တစ်ရပ်ဖြစ်ပါသည်။ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် စာနယ်ဇင်းလောကသားများက ပံ့ပိုးကူညီရန် လိုအပ်သလို ပဉ္စမမဏ္ဍိုင်ဖြစ် သည့် ပြ ည်သူလူထုတစ်ရပ်လုံး၏ အားသည်လည်း အရေးကြီးလှပါသည်။ ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များ၏ ဆန္ဒသဘောထားကို မျက်နှာစုံညီစားပွဲဝိုင်း ဆွေးနွေးခြင်းဖြင့် အဖြေရှာကြရမည့် အချိန်လည်း ဖြစ်ပါသည်။ (ဤနေရာ တွင် နိုင်ငံရေးပါတီအသီးသီးနှင့် လက် နက် ကိုင်အဖွဲ့အားလုံးတို့သည် ပြည် ထောင်စုမှ ခွဲထွက်ရေးမူကို မလိုလားကြကြောင်း သိရှိရပါသည်။ သို့ဖြစ်ရာ ကျန် အခန်းကဏ္ဍတို့မှာ ညှိနှိုင်း၍မရစရာ အကြောင်းမရှိဟု စာရေးသူ ထင်မြင်ယူ ဆပါသည်။)
အချင်းချင်း သံသယကင်းစွာဖြင့် ညှိနှိုင်းအဖြေရှာရန်သာ လိုပါတော့ သည်။ ထာဝရငြိမ်းချမ်းရေး ရရှိလာသည့်အခါ၌ တိုင်းရင်းသား ညီအစ်ကို မောင်နှမများသည် တစ်ဦး အပေါ် တစ် ဦး သံသယကင်းစင်ကာ စည်းလုံးညီ ညွတ်ရေးသည်လည်း အားကောင်းလာမည်သာ ဖြစ်ပါသည်။ ခေတ်မီဖွံ့ဖြိုးသည့် စက်မှုနိုင်ငံကြီး ဖြစ်ပေါ် လာရန် မှာ အတတ်ပညာ နည်း ပညာပိုင်းနှင့် ငွေကြေးအရင်းအနှီးများ လိုအပ်ပါသည်။ မိမိတို့နိုင်ငံအနေဖြင့် လက်ရှိ အနေအထား၌ အတတ်ပညာ နည်းပညာအပိုင်းတွင် လည်းေ ကာင်း၊ ငွေကြေးအရင်းအနှီး အပိုင်းတွင်လည်း ကောင်း အားနည်းနေသည်မှာ အများ ပြည်သူ အသိပင် ဖြစ်ပါသည်။ ယင်း အားနည်းချက်တို့ ကို ဖြည့် ဆည်းရန် ပြည်ပမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ၊ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုများ အများအပြား ပါဝင်လာရန် လိုအပ်လျက်ရှိနေပါသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင် ရောက်လာမှသာလျှင် ခေတ်မီစက်ရုံ အလုပ်ရုံကြီးများဖြင့် ကုန်ထုတ်လုပ်ငန်း များ ပေါ်ထွက်လာမည်ဖြစ်ပြီး တိုင်း ရင်းသားပြည်သူများ အေ နဖြင့် အလုပ် အကိုင်အခွင့်အလမ်းများ ရရှိလာကာ အတတ်ပညာ နည်းပညာပိုင်းတို့သည် လည်း တိုးတက်မြင့်မားလာမည် ဖြစ်ပါသည်။ ယင်းကိစ္စကို အစိုးရနှင့် လွှ တ်တော်အသီးသီးမှ ကိုယ်စားလှယ်ကြီးများက ဆွေးနွေးညှိနှိုင်းတိုင်ပင်၍ စည်းလုံးညီညွတ်စွာ အကောင်အထည် ဖော်ကြမည်ဆိုပါလျှင် အောင်မြင်မှုရရှိမှာ မလွဲ ဧ ကန် ဖြ စ်ပါသည်။
သို့သော် တိုင်းပြည်မငြိမ်းချမ်းလျှင် မည်သည့် နိုင်ငံခြားတိုင်းပြည်ကမှ လာရောက်ရင်းနှီးမြှုပ်နှံမည် မထင်ပေ။ သို့ ဖြစ်၍ မိမိတို့နိုင်ငံ ထာဝရငြိမ်းချမ်းရေးသည် အဓိက လို အပ်ချက်ကြီး တစ်ရပ်ဖြစ်ကြောင်း စာရေးသူတင်ပြရခြင်းပါ။ အရေးကြီးသည်မှာ တိုင်းရင်းသားအချင်းချင်း သံသယစိတ် ကင်းရှင်းရန်သာ လိုပါသည်။ မိမိတို့ ပြည်ထောင်စု ကြီးသည် သာမန်အားဖြင့် လူမျိုး ၈ မျိုး သာရှိသည်ဆိုသော်ငြား လူမျိုးစုငယ် ပေါင်း တစ်ရာကျော်ရှိသည်ကိုလည်း သတိမူရမည် ဖြစ်ပါသည်။ လူမျိုးကြီး လူမျိုးငယ်ဆိုသော အချင်းချင်း သံသယ စိတ်တို့သည်လည်း ကိန်းအောင်းလျက် ရှိနေကြသည်မှာမငြင်းနိုင်ပါ။ အထူးသ ဖြင့် လူမျိုးစုငယ်များ၏ အရေးကိစ္စသည် လက်ရှိအစိုးရနှင့် လွှတ်ေ တ်ာကိုယ်စားလှယ်ကြီးများ အဓိက ဖြေရှင်းရမည့် တာဝန်ကြီးတစ်ရပ်ပင် ဖြစ်ပါသည်။
စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးအဘက်ဘက်က နိမ့်ကျနေ ကြသည့် နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးစုငယ်များ၏ ဘဝတိုးတက် မြင့် မားလာစေရန် အ ဓိက ဆောင်ရွက်ကြ ရမည့် အချိန်အခါလည်း ဖြစ်ပါသည်။ အစိုးရအဆက်ဆက်တို့သည်လည်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်မှာ မည် သူမှ မငြင်းနိုင်ပါ။ သို့ရာတွင် အဆိုပါဒေသများ၌ ငြိမ်းချမ်းရေးတည်ငြိမ်မှု မရှိခြင်း၊ တိုက်ပွဲများ ဖြစ်ပွားနေခြင်း၊ အဖျက်လုပ်ငန်းများ လုပ်ဆောင်ကြခြင်း တို့ကြောင့် လုပ်ငန်း များအောင်မြင်သင့်သလောက် အောင်မြင်ခြင်းမရှိသည်ကို မြင်တွေ့ကြ ရမည် ဖြစ်ပါသည်။ အချို့ဒေသများသို့ အစိုးရဝန်ထမ်းများ အလွယ်တကူ သွားလာ လုပ် ကို င်နိုင်ခြင်းမရှိသဖြင့် ယင်းဒေသရှိ တိုင်းရင်းသားများမှာ လူနေမှု ဘဝ အဘက်ဘက်မှ နိမ့်ကျနေခြင်း ဖြစ်ပါသည်။
ပြည်ထောင်စုကြီးတစ်ခုလုံး ထာဝရငြိမ်းချမ်းရေး ရရှိလာပြီဆိုပါက စစ်ပြေး ဒုက္ခသည်များ ရှိတော့မည် မဟုတ်ဘဲ နယ်စပ်ဒေသ တိုင်းရင်းသား တစ်ရပ်လုံး၏ လူုနေမှုဘဝ အဆင့်အတန်းသည် လည်း တိုးတက်မြင့်မားလာမည်ဖြစ်ရာ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးအချင်းချင်း သံသယစိတ်ကင်း စွာဖြင့် မိမိနိုင်ငံ တိုး တက် ရာတိုးတက် ကြောင်းကို တစ်တပ်တစ်အား ပါဝင် ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းနှိုး ဆော်လိုက်ရပါသည်။
Credit: မင်းရက္ခ
မြန်မာ့နိုင်ငံရေးဆောင်းပါးများ
Monday, September 8, 2014
သံသယပျောက်၍ အမှန်ဘဝရောက်ပါစေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment