Friday, September 5, 2014

IS တို့ သတ်ဖြတ်ခဲ့သည့် သတင်းထောက်ကို ရည်စူးပြီး ဖလော်ရီဒါပြည်နယ်တွင် အလံများကို တိုင်တစ်ဝက်လွှင့်ထူ



အစ္စလာမ်မစ် နိုင်ငံတော် (IS) အဖွဲ့က ခေါင်းဖြတ်ကွပ်မျက်မှု ခံခဲ့ရသည့် အမေရိကန် နိုင်ငံသား သတင်းထောက် စတီဗန် ဆော့လော့ဖ်အတွက် ဝမ်းနည်းမှုကို ပြသသည့် အနေဖြင့် စက်တင်ဘာ (၅)ရက်တွင် ဖလော်ရီဒါ ပြည်နယ်၌ အမေရိကန် အလံများကို တိုင်တစ်ဝက် လွှင့်တင်သွားမည်ဟု သိရှိရသည်။ဖလော်ရီဒါသည် ဆော့လော့ဖ်၏ ကျန်ရစ်သူ မိသားစု နေထိုင်ရာ ဒေသဖြစ်သည်။ အသက်(၃၁)နှစ်ရှိ ဆော့လော့ဖ်သည် (၂၀၁၃)ခုနှစ်က ဆီးရီးယားတွင် ပြန်ပေးဆွဲခံရပြီး ISတို့လက်သို့ ကျရောက်ခဲ့သည်။ အမေရိကန်က IS တို့ကို လေကြောင်းမှ တိုက်ခိုက်မှုများကို တုံ့ပြန်သည့် အနေဖြင့် IS အဖွဲ့က ဆော့လော့ဖ်ကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ အစ္စလာမ်မစ် အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းသည် ဆော့လော့ဖ်မတိုင်မီက အမေရိကန် သတင်းထောက် ဂျိမ်းစ်ဖိုလေကိုလည်း အလားတူ ကွပ်မျက်ခဲ့သည်။ ထိုသို့ ရက်စက်စွာ သတ်ဖြတ်သည်ကိုလည်း ဗီဒီယိုများ ရိုက်ကူးပြီး IS အဖွဲ့က ဖြန့်ဝေခဲ့သည်။

ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး ရစ်စကော့က စက်တင်ဘာ (၅)ရက်ကို ဆော့လော့ဖ်အတွက် ဝမ်းနည်းကြောင်းနှင့် မိသားစုအတွက် စာနာဂုဏ်ပြုမှုကို ပြသသည့် အနေဖြင့် အမေရိကန် အလံများ တိုင်တစ်ဝက် လွှင့်တင်ထားရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ “ဒါဟာ စတီဗန် ဆော့လော့ဖ်အတွက် ဂုဏ်ယူစိတ်နဲ့ အမှတ်ရနေမှုကို ပြသဖို့ပါ။ ပြည်နယ်တွင်းက အစိုးရရုံးတွေ၊ အဆောက်အအုံတွေမှာ အမေရိကန် အလံရော၊ ဖလော်ရီဒါ ပြည်နယ်ရဲ့ အလံကိုပါ တိုင်တစ်ဝက် လွှင့်ထူထားပါမယ်”ဟု ပြည်နယ် အုပ်ချုပ်ရေးမှူး ရစ်စကော့က ကြေညာသည်။

မီယာမီဖွား ဆော့လော့ဖ်သည် အလွတ်တန်း သတင်းထောက် တစ်ဦးဖြစ်ပြီး Time၊ Foreign Policy နှင့် အချို့သော သတင်းဂျာနယ်၊ မဂ္ဂဇင်းများအတွက် ဆောင်းပါးနှင့် သတင်းများ ရေးသားပေးခဲ့သည်။

_Ref: Channelnewsasia

7Day Daily

0 comments:

Post a Comment