Thursday, January 8, 2015

ပလိပ် စက်ရုံဝန်ထမ်းများနှင့် ကုမ္ပဏီတို့ ညှိနှိုင်းမရ၍ တိုင်းအစိုးရအထိ ဆန္ဒပြမည်

မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်၊ အမှတ် (၂) အထည်စက်ရုံ (ပလိပ်)မှ ဝန်ထမ်း ၉၀၀ ခန့်သည် မူလစာချုပ်အတိုင်း လုပ်ကိုင်ခွင့် ပြန်လည်ရရှိစေရန် ဇန်နဝါရီ ၈ ရက် နံနက် ၈ နာရီမှ စတင်၍ စက်ရုံဝင်းအတွင်းတွင် ချီတက် ဆန္ဒပြခဲ့သည်။



ပလိပ်မြို့ရှိ Panda Textile Co, Ltd, အမှတ် (၂) အထည်စက်ရုံ (ပလိပ်)မှ စက်ရုံဝန်ထမ်းများ ဇန်နဝါရီ ၈ ရက်က ထိုင်သပိတ် ဆင်နွှဲနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိုမ)

အဆိုပါ ဝန်ထမ်းများသည် ဒီဇင်ဘာလ ၂၂ ရက်မှစတင်၍ စက်ရုံပေါက်တွင် အလုပ်ဆင်းခွင့်ရရှိရန် ထိုင်၍ တောင်းဆိုနေရာ ဇန်နဝါရီလ ၇ ရက်အထိ သက်ဆိုင်ရာက လာရောက်ညှိနှိုင်းဖြေရှင်းမှုများ မပြုလုပ်သော ကြောင့် စက်ရုံဝင်းအတွင်း ချီတက်ဆန္ဒပြ တောင်းဆိုခြင်း
ဖြစ်သည်။ဆန္ဒပြတောင်းဆိုမှုများကို ဇန်နဝရီ ၉ ရက်တွင် ညှိနှိုင်းမှုများ လုပ်ဆောင်မပေးပါက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ချီတက် ဆန္ဒပြသွားမည် ဖြစ်သည်။

အမှတ် (၂) အထည်စက်ရုံ (ပလိပ်)မှ လျှပ်စစ်ဌာနမှ ကျွမ်းကျင်(၃) ဦးဝင်းထွန်းန့်က “ကျွန်တော်တို့က အခွင့်အရေးသစ်ကို ထပ်ပြီး တောင်းဆိုတာ မဟုတ်ဘူး။ ရှိပြီးသား၊ ရပြီးသား အခွင့်အရေးကို တောင်းဆိုတာပါ။ ဒါကို ညှိနှိုင်းမှုလည်း မလုပ်ဘူး။ ဖြေရှင်းလည်း မပေးဘူး။ သူတို့ကသာ တကယ်ဖြေရှင်းပေးခဲ့ရင် ဒီလိုတောင်းဆို ဆန္ဒပြနေစရာကို မလိုပါဘူး” ဟု ပြောသည်။

စက်ရုံဝန်ထမ်းများသည် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါ ၁ ရက်က အလုပ်ရှင် အလုပ်သမား သဘောတူချုပ်ဆိုထားသော စာချုပ်အတိုင်းသာ ဆက်လက်လုပ်ကိုင်လိုပြီး Panda Textile Co.,Ltd က ဒီဇင်ဘာလ ၁၂ ရက် တွင် ထပ်မံချုပ်ဆိုခိုင်းသော စာချုပ်ကို လက်မှတ် မထိုးချင်ကြောင်း စက်ရုံဝန်ထမ်းများက ဆိုသည်။

အဆိုပါကုမ္ပဏီမှ EC စာချုပ်ထပ်မံ မချုပ်ဆိုပါက အလုပ်ဆင်းခွင့် မရှိကြောင်း စက်ရုံ ဝင်ပေါက်များတွင် ကပ်ထားသည်။



ပလိပ်မြို့ရှိ Panda Textile Co, Ltd, အမှတ် (၂) အထည်စက်ရုံ (ပလိပ်)မှ စက်ရုံဝန်ထမ်းများ ဇန်နဝါရီ ၈ ရက်က ထိုင်သပိတ် ဆင်နွှဲနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိုမ)

အမှတ်(၂) အထည်စက်ရုံ(ပလိပ်)ကိုPanda Textile Co.,Ltd က ၂၀၁၃ ခုနှစ်၊ ဧပြီ ၁ ရက်တွင် မူလ အခွင့်အရေးအတိုင်း ဝန်ထမ်းများပါ လွှဲပြောင်းယူခဲ့သည်ဟု စက်ရုံဝန်ထမ်းများက ဆိုသည်။

“ကျွန်တော်တို့ဟာ နိုင်ငံ့ဝန်ထမ်းတွေပါ သူတို့လုပ်ချင်သလို လုပ်လို့ မရပါဘူး။ အားလုံး ပွင့်လင်းမြင်သာရှိရမယ်။ အခု ဘာမှမရှိဘူး။ အခုလိုဖြစ်တာ ဝမ်းလည်းနည်းတယ်။ မျက်ရည်လည်း ကျတယ်။ ကျွန်တော် လုပ်သက် ၃၉ နှစ်ရှိပြီ၊ ကျွန်တော်တို့ ဘာဆက်လုပ်ရမှာလဲ” ဟု စက်မှုကျွမ်းကျင် (၃) ဦးတင်ဦးက ပြောသည်။

ဆန္ဒပြစက်ရုံဝန်ထမ်းများသည် “တစ်ဖက်သတ် EC စာချုပ် အလိုမရှိ၊ ကတိမတည်သည့် ကုမ္ပဏီ အလိုမရှိ၊ မူလစာချုပ် ဆက်လက် အကောင်ထည်ဖော်ရေး တို့အရေး၊ စာချုပ်ပါ အချက်အလက်များ ဆက်လက် အကောင်အထည် ဖော်ပေးရေး တို့အရေး၊ ၀န်ထမ်းဆန္ဒ အလေးထားပေးရေး တို့အရေး” ဟု ကြွေးကြော်ကာ စက်ရုံဝင်းအတွင်း ချီတက်တောင်းဆိုခဲ့ကြသည်။

စက်ရုံဝန်ထမ်းများ တောင်းဆိုထားသော ၁၆ ချက်အနက် ၁၄ချက်ကို လိုက်လျောထားသော်လည်း ၀န်ထမ်းများဘက်မှ အချက်အားလုံး လိုက်လျောမှသာ လက်ခံသွားမည်ဟု ဆန္ဒပြသူများက ဆိုသည်။



ပလိပ်မြို့ရှိ Panda Textile Co, Ltd, အမှတ် (၂) အထည်စက်ရုံ (ပလိပ်)မှ စက်ရုံဝန်ထမ်းများ ဇန်နဝါရီ ၈ ရက်က ထိုင်သပိတ် ဆင်နွှဲနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိုမ)

Panda Textile Co.,Ltd မှ မန်နေဂျာ ဒေါ်တင်တင်ရွှေက “ကျွန်မတို့ ရပ်တည်လို့ရရင် ဆက်ရပ်တည်သွားမယ်။ မရတော့ရင်တော့ စက်ရုံကို ပြန်အပ်သွားမယ်”ဟု မဇ္ဈိမကို ပြောသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ရှိသူတစ်ဦးကလည်း “ညှိနှိုင်းနေတယ်။ အဖြေတစ်ခု ရ အောင်အထိ လုပ်နေပါတယ်။ ပြီးတာနဲ့ တရားဝင် သတင်းထုတ်ပြန် ပေးမယ်” ဟု ပြောသည်။

ထိုသို့ဆန္ဒပြမှုများ ပြုလုပ်နေစဉ် ဇန်န၀ါရီ ၈ ရက် မွန်းလွဲ ၃ နာရီတွင် ဆန္ဒပြ ခေါင်းဆောင်များအားခေါ်ယူ၍ ကုမ္ပဏီနှင့် အလုပ်သမား ဝန်ကြီးတို့က ညှိနှိုင်းဖြေရှင်းမှုများလုပ်ရာ ညနေ ၅ နာရီအထိ အဆင်မပြေသေး ကြောင်း ညှိနှိုင်းရာတွင် ပါဝင်သူ မဇာခြည်ဝင်းထံမှ သိရသည်။



ပလိပ်မြို့ရှိ Panda Textile Co, Ltd, အမှတ် (၂) အထည်စက်ရုံ (ပလိပ်)မှ စက်ရုံဝန်ထမ်းများ ဇန်နဝါရီ ၈ ရက်က ထိုင်သပိတ် ဆင်နွှဲနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိုမ)


မဇ္ဈိမ

0 comments:

Post a Comment