Wednesday, January 28, 2015

NLD ပါတီနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် အကျိုးအမြတ်တွေအများကြီးရှိမယ့် တရုတ်နိုင်ငံ ခရီးစဉ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တရုတ်အစိုးရ၏ ဖိတ်ကြား ချက်အရ မကြာမီတွင် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်တစ်ခု သွားရောက်တော့မည်ဖြစ်ကြောင်းသိရှိရသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံခရီးစဉ်အား ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက သွားရောက် ရန်စီစဉ်ခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် မသွားဖြစ်ခဲ့ရာမှ ယခုအခါတွင် တရုတ်အစိုးရမှ ဖိတ်ခေါ်သောကြောင့် လာမည့်လပိုင်းအတွင်း တရုတ်နိုင်ငံသို့သွားရောက် မည်ဖြစ်ပြီး သွားရောက်မည့် ခရီးစရိတ်အား တရုတ်အစိုးရကပင် ကျခံပေး မည်ဖြစ်ကြောင်း သိရှိရသည်။

တရုတ်အစိုးရအနေဖြင့် ယခင်က စစ်အာဏာရှင်အစိုးရကိုသာ ထောက်ခံမှုများပြု လုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအား ခပ်စိမ်းစိမ်းဆက်ဆံ ခဲ့သော်လည်း ၂၀၁၃ ခုနှစ်နောက်ပိုင်းမှ စတင်၍ NLD ပါတီနှင့်ဆက်ဆံမှုသည် တိုးတက် ကောင်းမွန်လာခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုများနှင့် ဆက်ဆံမှုများ တိုးမြင့်လာခြင်းဖြစ်သည်။

NLD ပါတီအနေဖြင့် ယခင်က ဒီမိုကရေစီနိုင်ငံများဖြစ်သော အမေရိကန်အပါအ၀င် အနောက်နိုင်ငံများနှင့်သာ ဆက်ဆံ မှုရှိခဲ့ပြီး အိမ်နီးချင်းနိုင်ငံဖြစ်သော အင်အားကြီးတရုတ်နိုင်ငံနှင့် သူစိမ်းဆန်သည့် အနေအထားတွင်ရှိခဲ့ရာမှ ယခုလို ဆက်ဆံရေးပြန်လည်ကောင်းမွန်လာအောင် တည်ဆောက်နိုင်ခဲ့ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ထူးချွန်သော အရည် အချင်းတစ်ရပ်ကြောင့်သာ ဖြစ်ကြောင်းကို နိုင်ငံရေးလေ့လာသူများကချီးမွမ်း ပြောဆိုကြသည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တရုတ်နိုင်ငံ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာအိပင်း လာရောက်ခဲ့စဉ် NLD ပါတီရုံးချုပ်သို့ သွားရောက်လည်ပတ်ခဲ့ပြီး ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပြီးနောက်ပိုင်းမှစ၍ တရုတ်နိုင်ငံနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဆက်ဆံရေးသည် ပိုမိုကောင်းမွန်လာခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရ၏ အဆင့်မြင့်အရာရှိတစ်ဦးအနေဖြင့် ထိုစဉ်က NLD ပါတီရုံးချုပ်သို့ လာရောက်လည်ပတ်ခဲ့ခြင်းမှာ ဒေါ်အောင် ဆန်းစုကြည်နှင့် NLD ပါတီတို့၏ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ပွဲရရှိခဲ့သည့် ၁၉၉၀ ခုနှစ် ရွေးကောက် ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်ဟု NLD နာယက ဦးတင်ဦးကဆိုသည်။

“ ဒီနှစ်ပေါင်းများစွာ အတွင်းမှာတရုတ်အစိုးရ အဆင့်မြင့်အရာရှိတစ်ယောက် ကျွန်တော်တို့ရုံးချုပ်ကိုလာရောက်တာ ဒါ ပထမဆုံးအကြိမ်ပါ၊ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့ကိစ္စတွေနဲ့ အထူးသဖြင့် NLD ပါတီအာဏာရခဲ့ ရင် နိုင်ငံတကာ ဆက်ဆံမှု တွေကိုဘယ်လိုတိုးမြှင့်ဆောင်ရွက်ကြမလဲဆိုတာကို အဓိကဆွေးနွေးခဲ့ကြတာပါ” ဟုဦးတင်ဦးကပြောခဲ့သည်။

ယခုအခါတွင် တရုတ်အစိုးရ၏ ဖိတ်ခေါ်ချက်အရ သွားရောက်မည့် ဒေါ်အောင် ဆန်း စုကြည်၏ တရုတ်နိုင်ငံခရီးစဉ်သည် သမိုင်းဝင်မည့် ပထမဆုံးခရီးစဉ်ဖြစ် လာပြီး ထူးခြားမှုများလည်း ရှိလာလိမ့်မည်ဖြစ်သည်။ တရုတ်အစိုးရအနေဖြင့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ၌ အမှန်တကယ် အနိုင်ရရှိပြီး နိုင်ငံ၏ သမ္မတ ဖြစ်လာလိမ့်မည်ဟုလည်း ထင်မြင်ထားခြင်းကြောင့် ယခင်က မသိကျိုးနွံပြု ခဲ့သော NLD ပါတီနှင့် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို အလေးပေးဆက်ဆံလာခြင်းဖြစ်ပေ လိမ့်မည်ဟုနိုင်ငံရေး ပါတီတစ်ခု မှ ခေါင်းဆောင် တစ်ဦးက သုံးသပ်ပြောကြားသည်။




NLD ပါတီအနေဖြင့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကောင်းမွန်လာသည့် အချိန်မှစတင်၍ ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် အလယ်အလတ် ပိုင်းခေါင်းဆောင် များအား တရုတ်နိုင်ငံသို့ အနည်းဆုံးလေးကြိမ်ခန့်စေ လွှတ်ခဲ့ပြီးဖြစ်သည်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ဖိတ်ကြားမှုကြောင့် NLD ဗဟိုအလုပ်မှုဆောင် ဦးဥာဏ်ဝင်း ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ကြသည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက လည်း NLD အဖွဲ့ချုပ် ကျန်းမာရေးကွန်ယက်မှ ဆရာဝန် (၁၅) ဦးအား တရုတ်နိုင်ငံ သို့တစ်လကြာ သင်တန်း တက်ရောက်ရန်စေလွှတ်ခဲ့ကြောင်း သိရှိရသည်။

“တရုတ်အစိုးရနဲ့ NLD ရဲ့ဆက်ဆံရေးက အရင်လိုခပ်စိမ်းစိမ်းမဟုတ်တော့ပါဘူး၊ ခုဆို ဒီချုပ်အနေနဲ့ တရုတ်နိုင်ငံကို သင်တန်းတွေ ချစ်ကြည်ရေးခရီးတွေ ခဏခဏလွှတ်နေပါတယ်။ ဒါကလည်း အမေစုရဲ့ ဂုဏ်ရှိန်နဲ့အရည်အချင်းတွေ အပါ အ၀င် သူ့ရဲ့လုပ်နိုင်စွမ်းတွေကြောင့်လည်းတရုတ်က ယုံကြည်လာတာလဲ ပါပါတယ်”ဟု NLD ကျန်းမာရေးကွန်ယက်မှ ဆရာဝန်တစ်ဦးက ပြောသည်။

မြန်မာပြည်တွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းအပါအဝင် အကြီးစား တရုတ်စီမံကိန်းများအား မြန်မာပြည်သူလူထုက ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး သည့်နောက် တရုတ်အစိုးရသည် ပြီးခဲ့သည့်နှစ်ပိုင်းများတွင် မြန်မာ့နိုင်ငံရေး အတိုက်အခံ များနှင့် သော်လည်းကောင်း၊ မြန်မာပြည်သူလူထုနှင့်သော် လည်းကောင်း ထိတွေ့ဆက်ဆံမှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်လာခဲ့သည်။

တရုတ်အစိုးရပိုင် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) က ကျောထောက်နောက်ခံပြုထားသည့် ဒေါ်လာ ၃.၆ ဘီလီယံတန် မြစ်ဆုံရေ ကာတာစီမံကိန်းအား သမ္မတဦးသိန်းစိန်က ၂၀၁၁ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်။ ယင်းစီမံ ကိန်း ရပ်တန့်ရန်တောင်းဆိုခဲ့ကြသည့် ထင်ရှားသူများတွင် အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း အပါအဝင် ဖြစ်သည်။

ပြီးခဲ့သည့်နှစ် တရုတ်ခရီးစဉ် တစ်ခုအတွင်း CPI က NLD ကိုယ်စားလှယ် အဖွဲ့အား ချဉ်းကပ်၍ မြစ်ဆုံစီမံကိန်းကို ပြန် စတင်ချင်သည်ဟု ပြောဆို ခဲ့ကြောင်းသိရသည်။ ယင်းခရီးစဉ်မတိုင်မီ တစ်လကလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံ အမတ်ကြီး မစ္စတာယန်ဟောင်လန်သည် ဒေါ်အောင်ဆန်း စုကြည်၏နေအိမ်သို့ သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ ထို့ပြင် ယင်းသို့သွားရောက် တွေ့ဆုံမှုမပြုမီ လအတော်ကြာကလည်း မြန်မာနိုင်ငံရှိ တရုတ်သံရုံးက NLD ၏ အမျိုးသား ကျန်းမာရေး ကွန်ရက်အတွက် ငွေကျပ် ၁၀ သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။

ယခုအခါတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တရုတ်အစိုးရ၏ ဖိတ်ခေါ်မှုကြောင့် တရုတ်နိုင်ငံသို့ သွားရောက်တော့ မည်ဖြစ်သည်။ အမေရိကန်၏ သဘောထားကို မခန့်မှန်းနိုင်သော်ငြားလည်း တရုတ် နိုင်ငံနှင့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့၏ ဆက်ဆံမှုကောင်းမွန်လာခြင်းမှာ NLD ပါတီအတွက် ရလာဒ် ကောင်း များဖြစ်လာနိုင်ပေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ စွမ်းဆောင်မှုများဖြင့် တရုတ်နိုင်ငံခရီးစဉ်မှတစ်ဆင့် NLD နှင့် တရုတ်အစိုးရအတွက် အကျိုးအမြတ်များ ရရှိလာလိမ့်မည်သာဖြစ်သည်။

ဝေမင်းထက်
Credit>>>Democratic Wave

0 comments:

Post a Comment