Sunday, January 25, 2015

ဗီဒီယို အကြိုခံစားခြင်း



ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ လူငယ်တွေကြားထဲမှာ ဖြစ်လေ့ရှိတတ်တဲ့ ဇာတ်လမ်းလေးအကြောင်း ရိုက်ကူးထားတဲ့ဇာတ်ကားကို ညွှန်းပေးလိုက်ပါတယ်။

အမှန်စစ်က မိခင်နဲ့နှစ်ယောက်တည်း အတူနေပါတယ်။ မိခင်ဖြစ်သူရဲ့ အုပ်ထိန်းမှုအောက်မှာ နေရတာကြောင့် အမှန်စစ်က လိမ္မာယဉ်ကျေးတဲ့၊ ဘာသာတရား ကိုင်းရှိုင်းတဲ့ သားလိမ္မာတစ်ဦးပုံစံနဲ့ နေထိုင်သူဖြစ်ပါတယ်။မေတည်ကြည်ကတော့ သူတို့မိသားစုထဲမှာ ပျော်ပျော်ပါးပါး နေထိုင်တတ်သူတစ်ဦး ဖြစ်ပါ တယ်။ အမှန်စစ်နဲ့ မေတည်ကြည်တို့က သင်တန်းတစ်ခုတည်းမှာအတူတူ တက်နေတဲ့သူတွေပါ။ အနေအေးပြီး အေးအေးဆေးဆေးနေတတ်တဲ့ အမှန်စစ်ကို ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ မေတည်ကြည် က တွေ့တိုင်းအမြဲစနောက်လေ့ရှိပါတယ်။

မိခင်ရဲ့ အုပ်ထိန်းမှုအောက်မှာနေရတဲ့ အမှန်စစ်အတွက်ကတော့ မေတည်ကြည်က ခေတ်ရှေ့ ပြေးနေတဲ့ ဟော့ရှော့ကောင်မလေး တစ်ယောက်အနေနဲ့ပဲမြင်ပြီး စိတ်ပျက်နေတဲ့ အမူအရာနဲ့ပဲ ကြည့်လေ့ရှိပါတယ်။ မေတည်ကြည်ကတော့ အမှန်စစ်နဲ့ ခင်ခွင့်ရဖို့အမြဲတမ်းကြိုးစားလေ့ရှိပါတယ်။

တစ်ရက်မှာတော့ အမှန်စစ် ရဲ့ မိသားစုတွေနဲ့ မေတည်ကြည်ရဲ့ မိသားစုတွေ ဘုန်းကြီးကျောင်းမှာဆုံတွေ့ခဲ့ပါတယ်။ အဲဒါကြောင့် ကျောင်းထိုင်ဆရာတော်က အချင်းချင်းရင်းနှီးမှုရအောင် မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘုန်းကြီး­ကျောင်းမှာ ကလေးဆန်ဆန် ပေါ့ပါးလွတ်လပ်စွာပြောဆိုနေတဲ့ မေတည်ကြည်က အမှန်စစ်အမေရဲ့အမြင်မှာ မျက်စိဆံပင်မွေးစူးခဲ့ပါတယ်။

အဲဒါကြောင့်အမှန် စစ်ရဲ့ အမေက မေတည်ကြည်လို မိန်းကလေးမျိုးကို ဝေးဝေးရှောင်ဖို့ မှာကြားခဲ့ပါတယ်။ အမှန်စစ်က လည်း သူ့အမေကို အဲဒီလိုမိန်းက လေးမျိုးသူစိတ်မ၀င်စားကြောင်း ပြောခဲ့ပါတယ်။

တစ်ရက်မှာတော့ အမှန်စစ် နဲ့ မေတည်ကြည်ရဲ့ကြားမှာ မမေ့ နိုင်တဲ့ အမှတ်တရတစ်ခုဖြစ်ခဲ့ပါ တယ်။ အဲဒါကတော့ အမှန်စစ်နဲ့ ခင်ချင်လို့ အမြဲစနောက်နေလေ့ ရှိတဲ့ မေတည်ကြည်ကိုအမှန်စစ် က စိတ်မထိန်းနိုင်ဘဲ ၎င်းကိုအရှက်ခွဲသည်ဟုထင်ကာ ကိုယ်ထိလက်ရောက်တုံ့ပြန်ခဲ့ပါတယ်။ ဒါကြောင့် မေတည်ကြည်တစ်ယောက်ရှက်လို့ ထွက်ပြေးရာကလမ်းမှာ ကားတိုက်မိမလိုဖြစ်ပြီး လန့်လို့ဆွံ့အသွားခဲ့ပါတယ်။

ပုံစံမတူတဲ့ အမှန်စစ်နဲ့ မေတည်ကြည်တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းဘာဆက်ဖြစ်မှာလဲ။ မေတည်ကြည်ကော ပုံမှန်အခြေအနေပြန်ရောက်လာမှာလားဆိုတာကိုတော့ မာန်ထက်ချီ ထုတ်လုပ်ရေးကနေ မကြာမီဖြန့်ချိပေးမယ့် မိုင်လေဒီဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ အမှန်စစ်အဖြစ် ဟိန်းဝေယံ၊ မေတည်ကြည် အဖြစ် ဖွေးဖွေးတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ လုံမရဲ့ ၀တ္ထုကို မြမြင့်မိုရ် ဇာတ်ညွှန်းရေးပေးထားပြီး ဒါရိုက်တာကိုပေါက်က ရိုက်ကူးပုံဖော်ထားပါတယ်။ ။


7Day Daily

0 comments:

Post a Comment