Thursday, January 15, 2015

Avatar 2 ရုံတင်မည့် အချိန်ကို ၂၀၁၇ ထိ ရွှေ့ဆိုင်း



ကမ္ဘာ့ ရုပ်ရှင်သမိုင်းတွင် ရုံဝင်ကြေး အမြင့်ဆုံး စံချိန်တင်ခဲ့သည့် Avatar ဇာတ်ကား၏ နောက်ဆက်တွဲ ရုံတင်မည့် အချိန်ကို ၂၀၁၇ ထိ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

Avatar ၏ ဖန်တီးရှင်ဖြစ်သော အော်စကာဆုရှင် ရုပ်ရှင်ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်းက မိမိသည် Avatar ဇာတ်ကားသစ် (၃)ခုကို တစ်ပြိုင်တည်း ဖန်တီး ရိုက်ကူးနေကြောင်း ပြောကြားခဲ့ပြီး Avatar 2 အတွက် ရုံတင်မည့် အချိန်ကို ၂၀၁၇ ခုနှစ်ထိ ရွှေ့ဆိုင်းကြောင်း အတည်ပြုခဲ့သည်။Aliens နှင့် Titanic တို့ကဲ့သို့ ကမ္ဘာကျော် ရုပ်ရှင်များကို ဖန်တီးခဲ့သည့် ကင်မရွန်းသည် အစောပိုင်းက Avatar 2ကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ရုံတင်ရန် စီစဉ်ထားကြောင်း ကြေညာခဲ့ဖူးသည်။ သို့သော်လည်း ဇာတ်လမ်း ရေးသားမှုနှင့် ဇာတ်ညွှန်းခွဲမှု ကဏ္ဍများသည် အလွန်အနုစိတ်သဖြင့် အချိန်ပိုယူရန် လိုအပ်ကြောင်း ကင်မရွန်က ရှင်းပြခဲ့သည်။

“ဇာတ်ကား (၃)ခုစလုံးမှာ ဇာတ်အိမ် ဖွဲ့စည်းမှု အလွှာတွေက အရမ်းကို ရှုပ်ထွေး အနုစိတ်နေပါတယ်”ဟု ၎င်းက ဆိုသည်။ ကင်မရွန်က ယခုလကုန်တွင် ဇာတ်လမ်း(၃)ခု စလုံးအတွက် ဇာတ်ညွှန်းကို အပြီးသတ် ရေးသားနိုင်ပြီး မကြာမီ ရိုက်ကူးမှုများ စတင်နိုင်ရန် မျှော်လင့်ကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ဇာတ်ညွှန်းပိုင်းကို အပြီးသတ်နိုင်ပြီဆိုရင် ရုပ်ရှင်(၃)ခုစလုံး ရိုက်ကူးရေးအတွက် သတ်မှတ် အစီအစဉ်တွေအတိုင်း လုပ်လို့ရသွားပြီ”ဟု ကင်မရွန်က ပြောကြားခဲ့သည်။

အဆိုပါ ရုပ်ရှင်အသစ်များကို နယူးဇီလန်တွင် ရိုက်ကွင်းစတင်မည် ဖြစ်သည်။ ကနဦး Avatar ဇာတ်ကား၏ ဇာတ်ဝင်ခန်း အချို့ကိုလည်း နယူးဇီလန်တွင် ရိုက်ကူးခဲ့ဖူးသည်။

၂၀၀၉ ခုနှစ်က ရုံတင်ခဲ့သည့် အနာဂတ်ကာလ စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်း Avatarသည် ဒေါ်လာ သန်း(၂၄၀)နီးပါးမျှသာ အကုန်အကျခံ ရိုက်ကူးခဲ့သော်လည်း ဒေါ်လာ (၂.၈)ဘီလီယံမျှထိ ဝင်ငွေပြန်လည် ရရှိခဲ့သည်။

_Ref: BBC

7Day Daily

0 comments:

Post a Comment