Wednesday, January 21, 2015

ဖခင်တွေဟာ ကိုယ့်ရဲ့သမီးတွေကို ထိန်းကျောင်းပဲ့ပြင်တဲ့အခါ ဒီအချက်ကလေးတွေ ပြောဆိုပေးသင့်တာ



မိသားစုတော်တ်ာများများမှာ သမီးတွေဟာ သားတွေထက် ဖခင်နဲ့ပိုမို ရင်းနှီးတတ်ကြပါတယ်။ အဖေတွေကလည်း သားကို ချစ်ပေမယ့် သမီးတွေကို ပိုအလေးပေးဟန်ရှိကြပါတယ်။ တကယ်တော့ သားသမီးတွေအတွက် ချစ်ခြင်းမေတ္တာမှာ သားကပိုများတယ်၊ သမီးကပိုသာတယ်ဆိုတာ မရှိတတ်ကြပါဘူး။ ဒါပေမယ့် ဖခင်တွေရဲ့ သြဇာညောင်းချက်ကတော့ သမီးတွေမှာ ပိုတယ်လို့ ဆိုတဲ့အပြင် သမီးတွေရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကလည်း ဖခင်တွေရဲ့ အားပေးစကားကနေ ပိုမိုရရှိတယ်လို့ ယူဆကြပါတယ်။ ကိုယ့်မှာ သမီးလေးတစ်ယောက် မွေးထားတယ်ဆိုပါစို့။ သူ့ကို ဘယ်လိုစကားမျိုးတွေ ပြောပြီး ထိန်းကျောင်းပေးသင့်သလဲ။ သင်ကြားပေးသင့်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။၁။သူမဟာ တကယ်ထူးခြားတယ်ဆိုတာ သိပါစေ။

လူတိုင်းဟာ သူ့ဟာနဲ့သူတော့ ထူးခြားချက်တွေ ပိုင်ဆိုင်ထားကြပါတယ်။ ဒါပေမယ့် အရေးကြီးတာက တစ်ယောက်ချင်းစီရဲ့ ထူးခြားချက်ကို မသိကြတာပါပဲ။ ဒီတော့ ဖခင်တစ်ယောက်အနေနဲ့ ကိုယ့်သမီးရဲ့ထူးခြားချက်ဟာ ဘာလဲဆိုတာ၊ အားသာချက်က ဘာလဲဆိုတာတွေကို သိထားရပါမယ်။ ဖခင်ကောင်းဆိုတာ ကိုယ့်သမီးရဲ့ အားနည်းချက်ကို လက်ခံပေးနိုင်သလို အားသာချက်ကိုလည်း ချီးမွမ်းပေးနိုင်တဲ့သူပါ။ ဒီလိုပြုလုပ်ပေးနိုင်တဲ့ ဖခင်တွေဟာ သမီးတွေရဲ့ ချစ်ခြင်းမေတ္တာကို အလွယ်တကူ ပိုင်ဆိုင်နိုင်ကြပြီး သူတို့ရဲ့ အမှားအမှန်ကို ထောက်ပြတဲ့အခါမှာလည်း သူတို့က လက်ခံပြင်ဆင်ပေးတတ်ကြပါတယ်။

၂။သူမဟာ အကောင်းဆုံးတွေနဲ့သာ ထိုက်တန်ပါတယ်ဆိုတာ ပြောပြပါ။

ဖခင်တိုင်းဟာ ကိုယ့်သမီးအတွက် အကောင်းဆုံးတွေနဲ့သာ ကြုံဆုံစေချင်ကြတာပါ။ အကောင်းဆုံးတွေနဲ့သာ ထိုက်တန်တယ်လို့လည်းထင်မြင်ကြမှာပါ။ ဒီတော့ ဒီအချက်ကို ကိုယ့်ရဲ့သမီးလေး နားလည်အောင် သင့်ဘက်က ပြောဆိုရမယ့်အချိန်ပါပဲ။ လူတွေရဲ့ လေးစားမှုကို ဘယ်လိုရယူရမယ်ဆိုတာ၊ အချစ်ရေးနဲ့ ကျေးဇူးတင်ခံထိုက်တာမျိုးက ဘာဆိုတာတွေ ရှင်းပြပါ။ ဒါ့အပြင် လက်ရှိအခြေအနေမှာ အကောင်းဆုံးဘယ်လိုဖြစ်အောင်နေရမယ်၊ ပျော်ရွှင်အောင် ဘယ်လိုနေရမယ်ဆိုတာမျိုးနဲ့ ဘ၀မှာ အကောင်းဆုံးတွေ အရယူနိုင်ဖို့ ဘယ်လိုကြိုးစားရမယ်ဆိုတာ သင်ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ရှင်းပြပြောဆိုပါ။

၃။သူမစိတ်ထဲမှာ ရှိနေတာတွေ ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်ပါစေ။

တစ်ခါတစ်လေ ကိုယ်ပြောတာက တစ်မျိုး၊ သူနားလည်သွားတာကတစ်မျိုး ရှိနိုင်ပါတယ်။ အရေးကြီးတာက အချင်းချင်း နားလည်မှုမလွဲပါစေနဲ့။ ကလေးတွေဟာ မေးခွန်းတွေ မေးချင်ကြပါတယ်။ မေးဖို့ကြောက်နေတဲ့အချိန်မျိုးမှာ သင့်ဘက်ကစပြီး လမ်းဖွင့်ပေးပါ။ ဖြစ်နိုင်သမျှ စိတ်တိုတာ၊ ကလေးကို နာကျင်စေမယ့်အရာမျိုးတွေ ရှောင်ပြီးပြောဆိုပါ။ မိန်းကလေးတွေဟာ ရှက်တတ်၊ ကြောက်တတ်ကြတာ သဘာဝဆိုတာနားလည်ပြီး သူတို့တွေ မဆိုင်းမတွ မေးခွန်းတွေ မေးနိုင်အောင် သင့်ဘက်က နားလည်မှုအပြည့်ပေးထားရပါလိမ့်မယ်။ သင့်ရဲ့သမီးလေးကို သင်ထားရမှာက စိတ်ထဲမှာရှိတာတွေ ပြောတဲ့အခါ တွန့်ဆုတ်မနေဖို့နဲ့ သူမရဲ့အမြင်တွေကို ဝေမျှဖို့ မကြောက်ဖို့ပါပဲ။

၎။သူမဘာသာ သူမ စည်းကမ်းချမှတ်ထားတတ်အောင် ပြုစုပျိုးထောင်ပေးပါ။

မိဘက ဘာမလုပ်ရ၊ ဘာမလုပ်နဲ့ဆိုပြီး စည်းကမ်းချမှတ်ထားတာမျိုးထက် သူမကိုယ်တိုင် ငါဒါမျိုးဆို မလုပ်သင့်ဘူးဆိုတာ သိရင်ပိုကောင်းပါတယ်။ ကိုယ်တိုင်ချမှတ်ထားတဲ့ စည်းမျဉ်းဟာ ဖောက်ဖျက်ဖို့ အခက်ဆုံးပါပဲ။ ဒီလို စည်းမျဉ်းချမှတ်နိုင်အောင် သူမကို ကူညီဖို့ကတော့ သင့်တာဝန်ပါပဲ။ ဘယ်လိုနေရာမျိုးတွေမှာ ထိန်းချုပ်သင့်တယ်ဆိုတာ၊ စိတ်ထဲမှာ ဘယ်လိုခံစားချက်မျိုးတွေ ဖြစ်လာရင် ပေါက်ကွဲမလွယ်ဖို့ စသဖြင့်ပေါ့လေ။

၅။သူမဘာသာ သူမရပ်တည်နိုင်ခွင်လည်း ပေးပါ။

အဖေဆိုတာ မိသားစုတစ်ခုမှာ အရာရာကို ကာကွယ်ပေးနိုင်တဲ့သူပါပဲ။ ဒါပေမယ့် မိသားစုဝင်တိုင်းမှာတော့ တစ်ဦးနဲ့တစ်ဦးမတူညီတဲ့ စွမ်းရည်တွေ ရှိနေပြီးသားပါ။ အဖေတွေက ကိုယ့်သမီးကို ဘယ်လို ဖြစ်လာရင် ဘယ်လိုကာကွယ်ရမယ်၊ ဘယ်လိုသန်သန်မာမာနေထိုင်သင့်တယ်ဆိုတာမျိုးတွေ ပြောပြထားဖို့တော့ လိုပါတယ်။ သမီးဆိုပြီး အားလုံးကို လက်မလွှတ်ပဲ အစစအရာရာ လိုက်ပါနေလို့တောင် မကောင်းပါဘူး။

၆။ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် လုပ်ပေးပါ။

တစ်ဘ၀လုံးအတွက် သူမကို သင်ပေးနိုင်တဲ့ လက်ဆောင်ကတော့ သူမကိုယ်သူမ ယုံကြည်မှုရှိရှိ ဖြတ်သန်းနိုင်အောင် သင်ပံ့ပိုးပေးခြင်းပါပဲ။ ဒါ အနာဂတ်မှာ အောင်မြင်မှုပန်းတိုင်းကို သွားနိုင်မယ့် လမ်းတစ်လမ်းလည်း ဖြစ်ပါတယ်။ ဖခင်ဖြစ်လာပြီဆိုရင် အနည်းဆုံးတော့ ကိုယ့်သမီးဟာ ဘယ်လောက်လှကြောင်း၊ ဘယ်လောက်စမတ်ဖြစ်ကြောင်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေမယ့် အခြေခံစကားမျိုးတွေတော့ ပြောပေးသင့်ပါတယ်။ မိန်းကလေးတိုင်းဟာ သူတို့ကို ချီးမွမ်းတာ၊ ချစ်တာ ခံချင်ကြတာချည်းပဲလေ။ သူ့ကိုယ်သူ ယုံကြည်မှုရှိအောင် လုပ်ပေးလိုက်ခြင်းဟာ တစ်နေ့ သင်သူမအတွက် ဂုဏ်ယူစရာတွေ ဖြစ်လာမယ့် အခြေခံအချက်လေးပါပဲ။

၇။သမီးတွေအတွက် အဖေဟာ အမြဲရှိပေးနေမယ်ဆိုတာ သူတို့ သိပါစေ။

သမီးတွေဟာ အဖေတွေကို ယုံကြည်တတ်ကြတယ်။ သူတို့ကိုယ်သူတို့ ယုံကြည်ချက်မြင့်မားအောင်လည်း အဖေတွေက စွမ်းဆောင်ပေးနိုင်ကြတယ်။ တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိသွားပြီ အဖေက ငါ့ကိုချစ်ပါလားဆိုတာ သိသွားပြီဆိုရင် သမီးတွေဟာ တစ်သက်လုံး ဖခင်စကားကို မြေ၀ယ်မကျ နားထောင်တတ်ကြပါတယ်။ ဒါဟာ သူတို့ရဲ့ မသိစိတ်ထဲမှာကိန်းအောင်းနေတတ်တဲ့ ချစ်ခြင်းယုံကြည်မှုတစ်မျိုးပါ။ ဒါ့ကြောင့် သမီးအတွက် ဘယ်လိုကိစ္စ၊ အခက်အခဲမျိုးတွေ ကြုံနေပါစေ။ အဖေရှိနေပေးမယ်ဆိုတာမျိုး ဖွင့်မပြောပဲ သူတို့သိအောင် ကြိုးစားပါ။

Ref:womanitely.com

မေသော်
Trend Myanmar

0 comments:

Post a Comment