Thursday, January 29, 2015

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (သို့မဟုတ်) စတုတ္ထမြောက် သမ္မတ အိပ်မက် မက်သူ


-နှင်းကို ၊ ငွေစန္ဒီ ၊ ရေးသည်။

ယခုနှစ်ထဲတွင် ကျင်းပဖို့ ရှိနေသည့် အထွေထွေရွေးကောက် ပွဲကတော့ တော်တော် ကြည့်ကောင်းလိမ့်မည်ဟု အသက် ၈ဝကျော်အရွယ်ရှိ အဘိုး ဦးသိန်းက ဆိုင်းမဆင့် ဗုံမဆင့် ဟောကိန်းထုတ်လိုက်သည်။အဘယ်ကြောင့်ဆိုသော် သူကြည့်နေကျ မြဝတီရုပ်မြင်သံ ကြားလိုင်းဖြင့် ချိတ်ဆက်ထားသည့် ဖလက်တီဗွီဖန်သားပြင် ပေါ်မှ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့် Channel News Asia သတင်းဌာနတို့၏ တွေ့ဆုံ မေးမြန်းခန်းကို ကြည့်ရှုနားထောင်ခဲ့ရသည့်အတွက်ဖြစ်သည် ဟု အငြိမ်းစားကျောင်းဆရာဟောင်းကြီး ဦးသိန်းက ဆိုပါ သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စကားအသွားအလာ များသည် နိုင်ငံတော် သမ္မတရာထူးကို တာဝန်ယူလိုသည့် သဘောများပါဝင်နေသည်ဟု အဘိုးက ကောက်ချက်ချသည်။

အင်တာဗျူးတစ်ခုလုံးကို ခြုံကြည့်ရင်တော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖြေကြားချက်များသည် လှည့်ပတ်၊ ရှောင် ထွက်ပြီး ဖြေဆိုသွားခြင်းဖြစ်သည်မို့ ''လည်ဝယ်သူတစ်ယောက်'' ဟု သူက သုံးသပ်သည်။

မြောက်ဒဂုံမြို့နယ် (၃၄)ရပ်ကွက်အတွင်းရှိ အမည် မဖော်လိုသူ အငြိမ်းစား ဗိုလ်မှူးကြီး တစ်ယောက်ကလည်း ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် နိုင်ငံတော်သမ္မတ တာဝန်ကို ထမ်းဆောင်ချင်နေသည့်သဘောမျိုး ဖြေသွားသည်ဟု သတိ ထားမိသည်။ သို့ဆိုလျှင် ''ယခု ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့်အတူ လက်ရှိသမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်''ဟူ၍ မြန်မာနိုင်ငံတွင် သမ္မတဖြစ်လိုသူ လေးဦး အထိရှိလာပြီဟု သူက တွက်ဆလိုက်သည်။

CNA နှင့်တွေ့ဆုံမေးမြန်းခန်းတွင်
''သမ္မတတစ်ယောက် ဖြစ်ဖို့အတွက် ရည်မှန်းချက်ပေးနိုင်ပါသလား''ဟု မေးမြန်း ရာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုလို ဖြေဆိုသွားခဲ့ သည်။

''ကျွန်တော် ခုနက ပြောခဲ့ပြီးသားဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့တော့ နိုင်ငံသား တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံအနေနဲ့ နောက် ကျွန်တော့် အတွေ့အကြုံ၊ ကျွန်တော့် မှာလဲ အတွေ့အကြုံ အများကြီးရှိပါတယ်။ အထိအတွေ့ အများကြီးရှိပါတယ်။ နောက် နိုင်ငံသားတစ်ယောက်လဲဖြစ် တယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့တော့ ခုနကပြောတဲ့ သုံးချက်ပေါ့။ သုံးချက်က တည်ငြိမ်အေးချမ်းရေး၊ စည်းလုံး ညီညွတ်ရေး၊ နောက် ဖွံ့ဖြိုးတိုးတက်ရေး ဒီသုံးချက်ကို ကျွန် တော် ပြောခဲ့တယ်။ ဒါ နိုင်ငံသားတိုင်းတော့ ကျရာနေရာက နေ တာဝန်ထမ်းဆောင်ရမှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့် အနေနဲ့လဲ ဘယ်လိုပဲတာဝန်ယူရယူရပေါ့။ ကျွန်တော့်အနေ နဲ့ တာဝန် ထမ်းဆောင်သွားမှာဖြစ်ပါတယ်''ဟု လတ်တလော တွင်လည်း အမျိုးသားနိုင်ငံရေးကို လုပ်ကိုင်နေရသည့် အတွက် ''ဘယ်နေရာမှာပဲလုပ်ရလုပ်ရ အစွမ်းကုန် ကြိုးစားဆောင် ရွက်သွားမယ်''ဟု ဗိုလ်ချုပ်မှူးကြီးက ခံယူထားကြောင်း သိရ သည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သာ နိုင်ငံတော် သမ္မတဖြစ်လာမည်ဆိုပါက ''နိုင်ငံတော်ရဲ့ လုံခြုံရေးကိစ္စတွေ၊ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို ကျွမ်းကျင် ပြီးသားဖြစ်တဲ့အတွက် အရပ်သား သမ္မတတစ်ယောက်ထက် စာရင် သူက ပိုပြီးတော့ အမြင်ပိုရှိမယ်။ အတွေးအခေါ်တွေ ရင့်ကျက်နိုင်မယ်''ဟု အငြိမ်းစားဗိုလ်မှူးကြီးက ဆိုပါသည်။

သို့သော် သူ့ ဆန္ဒအရတော့ ယခု သမ္မတဖြစ်ချင်နေသူ လေးဦးစလုံးကို သမ္မတမဖြစ်စေချင်ဟု ၄င်းက ဆိုပါသည်။

''တခြားသူတစ်ယောက်ယောက် တက်၊ အရပ်သားထဲကတက်၊ မြန်မာနိုင်ငံက အရပ်သားထဲမှာ တကယ်ကို ပြောနိုင်ဆိုနိုင် တတ်သိနားလည် တတ်ကျွမ်းတဲ့သူတွေ ရှိပါတယ်။ အဲလိုလူ မျိုးတွေ ဘယ်နားမှာရောက်နေလဲတော့ မသိဘူး''ဟု အငြိမ်း စားဗိုလ်မှူးကြီးက မျှော်လင့်နေသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးကလည်း ကာကွယ် ရေးဦးစီးချုပ်အနေဖြင့် နိုင်ငံတော် သမ္မတတာဝန်ကို မျှော် မှန်းနိုင်သည့် အနေအထားတွေ ရှိနေသည်ဟုဆိုပါသည်။

၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရကို နိုင်ငံသားတစ်ဦး ၏ မူလအခွင့်အရေး အနေဖြင့် သူ၏ရည်မှန်းချက်ကို လက်ခံ လို့ရသည်ဟု ဆိုသည်။

''လက်ရှိသမ္မတကြီးတောင်မှ တပ်မတော်မှာ ယခင်က ဗိုလ်ချုပ်ကြီးရာထူး ဖြစ်ပါတယ်။ မင်းအောင်လှိုင်ကျတော့ ဗိုလ်ချုပ်မှူးကြီးဖြစ်တော့ လက်ရှိ သမ္မတတာဝန်ထမ်းဆောင် နေတဲ့ ဗိုလ်ချုပ်ကြီးထက် တပ်မတော်ရာထူး အဆင့်အားဖြင့် ပိုမြင့်ပါတယ်။ မြင့်တဲ့အပြင် သူ့မှာလဲ လုပ်ရည်ကိုင်ရည်နဲ့ အတွေ့အကြုံလဲ များစွာရှိတယ်။ အသက် ၆ဝ ဝန်းကျင်ကို ရောက်လာပြီ''ဟု ဦးတင်မောင်ဦးက ဆိုသည်။ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်သည် သမ္မတရာထူးဖြင့် မြန်မာနိုင်ငံရေး အခင်းအကျင်းကို ပြောင်းလဲပစ်နိုင်ဖို့ ဆိုသည်ကတော့ သူ၏ စိတ်ရင်းစေတနာအပေါ်တွင်သာ တည်လိမ့်မည်ဟု ၄င်းက ယူဆသည်။

''တချို့ သာမန်လူတွေထင်နေတာက တပ်မတော်သား မို့လို့ ဒီမိုကရေစီ ရေစီးကြောင်း ထဲမှာ မျောမပါနိုင်ဘူးပေါ့။ ဒါက ရာနှုန်းပြည့်တော့ မမှန်နိုင်ပါဘူး''ဟု ဦးတင်မောင်ဦးက ရှုမြင်သည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင် တပ်မတော် သားတစ်ဦး ဖြစ်ခဲ့ဖူးသည့်အတွက်ဖြစ်သည်ဟု ဆိုသည်။

''အတတ်နိုင်ဆုံး ဒီမိုကရေစီကျင့်စဉ်နဲ့ညီအောင် ပြည် သူဘက်က ကြိုးစား ရပ်တည်တယ်။ ဒီမိုကရေစီကို သေချာလိုက် လေ့လာတဲ့အခါ အနှစ်ချုပ်က အချက်နှစ်ချက်ပဲ ရှိတယ်။ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ မျှဝေခံစားနိုင်ခြင်းပဲ။ ဒါကိုလုပ် နိုင်ရင် အဲဒီလူရဲ့လုပ်ဆောင်ချက်က ဒီမိုကရေစီနည်းကျ တယ်လို့ ယုံကြည်တယ်''ဟု ၄င်းက ယခုလိုလည်း ဥပမာပေး သေးသည်။

ဥပမာ- လယ်သမားဆိုပါစို့။ သူ့အရေးကို သေချာခံစား နားထောင်ပြီး စိတ်ရှည်လက်ရှည်နဲ့ တင်ပြချက်တွေကို ဖြေ ရှင်းပေးနိုင်မယ်။ အလုပ်သမားဆိုလဲ အလုပ်သမား၊ ကျောင်း သား စသဖြင့် သူတို့တွေရဲ့လိုလားချက်တွေကို မျှဝေခံစားနိုင် လို့ရှိရင် အဲဒီလူရဲ့လုပ်ဆောင်ချက်က ဒီမိုကရေစီကျတယ်။ သို့သော် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် တကယ် လို့ သမ္မတဖြစ်လာခဲ့ပါက လက်ရှိရပ်တည်နေသည့် တပ်မ တော်သားဘဝနှင့်တော့ လုံးဝခြားနားသည် ဆိုခြင်းကို သတိ ပြုရလိမ့်မည်။ နိုင်ငံရေးလောကထဲကို နယ်ကျွံခိုဝင်လာခဲ့ သည့်အတွက် အခက်အခဲတော့ရှိလိမ့်မည်ဟု ဦးတင်မောင် ဦးက သုံးသပ်သည်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်လင်းဦးက တော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတော်သမ္မတ ဖြစ်လာလိမ့်မည်ဟု မမြင်မိကြောင်း ဆိုပါသည်။ လက်ရှိ ဖွဲ့ စည်းပုံအခြေခံဥပဒေအရဆိုလျှင် ရွေးကောက်ခံကိုယ်စား လှယ်များက ရွေးချယ်သည့် ဒုတိယသမ္မတနှစ်ဦးနှင့် တပ် မတော်သား ကိုယ်စားလှယ်အစုအဖွဲ့မှ ရွေးချယ်သည့် ဒုသမ္မတ တစ်ဦးအဖြစ် ဒုသမ္မတအမည်စာရင်း သုံးဦးတွင်တော့ ကာကွယ် ရေးဦးစီးချုပ်အနေဖြင့် ပါကောင်းပါလာနိုင်သည်။

''သမ္မတတော့ သိပ်မသေချာဘူး။ ဖြစ်နိုင်ခြေအရှိဆုံး က ပြည်ထောင်စု လွှတ်တော်က မဲခွဲဆုံးဖြတ်တဲ့အခါ ပြည်သူ့ လွှတ်တော်က ရွေးချယ်တင်မြှောက်တဲ့ သမ္မတလောင်းကပဲ သမ္မတဖြစ်မှာ။ ကျန်တဲ့တပ်မတော်သားကိုယ်စားလှယ်တွေ နဲ့ အမျိုးသားလွှတ်တော်ကရွေးမယ့်သူတွေကတော့ ဒုတိယ သမ္မတတွေပဲ ဖြစ်မယ်။ တကယ်လို့များ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က တပ်မတော်သား ကိုယ်စားလှယ်တွေ ရွေးချယ် တင်မြှောက်တဲ့ ပုဂ္ဂိုလ်ဆိုရင် ဒုတိယသမ္မတရာထူးပဲ ရမယ့် သူ''ဟု ဦးကျော်လင်းဦးက သုံးသပ်သည်။

ထို့ကြောင့် သမ္မတ လောင်းတစ်ဦးအနေဖြင့်တော့ မြန်မာ့နိုင်ငံရေးအခင်းအကျင်း ထဲတွင် ပြန်လည်ပါဝင်လာနိုင်သည်ဟု ၄င်းက ယူဆသည်။ သို့သော် ယခုအချိန်တော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် သမ္မတအဖြစ် တာဝန်ယူဖို့တို့၊ နိုင်ငံရေးလုပ်ဖို့တို့ကို ဆုံးဖြတ်ချက်မချနိုင်သေးဟု ဦးကျော်လင်းဦးက တွက်ဆ သည်။

သေချာသည်က သူသည် မကြာခင်လပိုင်းအတွင်း အသက်(၆ဝ) ပြည့်တော့မည် ဖြစ်သည်။ တပ်မတော်မှ အငြိမ်း စားယူရတော့မည်ဆိုလျှင်လည်း မမှားနိုင်။ မဖြစ်မနေ မြန်မာ့ နိုင်ငံရေးအခင်းအကျင်းတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့် ဆက်လက်ပါဝင်လာမည်ဆိုလျှင်တောင် အပြောင်း အလဲကြီး ပြောင်းလဲနိုင်ဖို့တော့ မမြင်ဟု ဦးကျော်လင်းဦးက ဆိုသည်။ သူက ယခုလို ထောက်ရှုကြည့်ခြင်းဖြစ်သည်။

ဥပမာ- သမ္မတရဲ့ ငါးနှစ်သက်တမ်းအခြေအနေကို ကြည့်တဲ့အခါ သမ္မတဦးသိန်းစိန်ရော၊ ဒုတိယသမ္မတနှစ် ယောက်ရော ကြည့်ရတာ ပူးပေါင်းပြီးမှလုပ် နေတဲ့သဘောဆိုတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒုတိယရာထူး ရလို့ပဲ ဖြစ်ဖြစ်၊ သမ္မတရာထူးရလို့ပဲဖြစ်ဖြစ် သိပ် ပြီးတော့ မြန်မာ့နိုင်ငံရေးက ပြောင်းလဲ သွားမယ်လို့တော့ ကံသေကံမ ပြောလို့ တော့မရဘူး။

လက်ရှိအခြေအနေများအရတော့ ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မတော်၏ အခန်းကဏ္ဍကိုတော့ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေသည်ဟု ဦးကျော်လင်းဦးကရှုမြင်သည်။

အထူးသဖြင့် ငြိမ်းချမ်းရေးလိုကိစ္စမျိုးတွင် တစ်ပြည် လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ် ဆိုသည်ကို တွေ့လိုမြင်လိုသည့် သဘောရှိသည်ဟု ၄င်းက ဆိုသည်။

နောက်တစ်ခုကတော့ ကမ္ဘာ့နိုင်ငံများနှင့် မြန်မာ့တပ် မတော်ကို ပြန်လည်ချိတ်ဆက်ခြင်း၊ ဆက်ဆံသမှုပြုခြင်း အပါအဝင် တပ်မတော်၏ အကြီးအကဲတစ်ယောက်အနေ ဖြင့် နိုင်ငံတကာသို့ သွားရောက်လည် ပတ်လေ့လာနေသူ ဖြစ်ပြီး မြန်မာ့တပ်မတော်အား ခေတ်မီရေးအတွက် ကြိုး ပမ်းချက်များရှိနေသည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပေါ် ဦးကျော်လင်းဦးက အကောင်းမြင်သည်။

ယခုအခါ CNA နှင့် တွေ့ဆုံမေးမြန်းခန်း ကိုအကြောင်း ပြုပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် နိုင်ငံ တော်သမ္မတ လုပ်လိုသည့်သဘောများ ပါဝင်လာခြင်းဖြစ် သော်လည်း သူ့အရင်ပြောနှင့်ပြီးသား ပုဂ္ဂိုလ်များဖြစ်သည့် သမ္မတဦးသိန်းစိန်တို့၊ လွှတ်တော်ဥက္ကဋ္ဌဦးရွှေမန်းတို့၊ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုက ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်၏ ပုံရိပ်ကို ထိုလူပုဂ္ဂိုလ်များက လွှမ်းမိုးသွားနိုင်သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက ဆိုသည်။

''ဖြစ်ချင်တယ်ဆိုတဲ့ဆန္ဒကတော့ သင့်တော်သောဆန္ဒ ပါ။ သို့သော် ယနေ့ နိုင်ငံရေးရေစီးကြောင်းထဲမှာ မျောပါ နေတဲ့သူတွေနဲ့ယှဉ်လိုက်ရင်တော့ ဟိုလူတွေက ရှေ့ရောက် နေတာကိုလဲတွေ့ရမှာ''။ သို့သော် နိုင်ငံအတွက် ဘယ်သူက ပိုအကျိုးရှိမည်၊ မည်သူက ပိုမိုအကျိုးပြုနိုင်မည်ဆိုသည် ကတော့ တွက်ဆကြည့်ဖို့ တော်တော်ခက်သည်ဟု ဦးတင် မောင်ဦးကဆိုသည်။
လက်တွေ့ဆောင်ရွက်ကြည့်မှပဲ သိ နိုင်မည်ဟု ၄င်းကဆိုသည်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်လင်းဦး ကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် မြန် မာ့နိုင်ငံရေးလောကထဲကို ရောက်လာမည်။ ထို့ပြင် ဒီမို ကရေစီစနစ်ကို ယုံကြည်သည့် ဗိုလ်ချုပ်မှူးကြီးဟောင်း တစ်ယောက်အနေဖြင့် မြန်မာ့ဒီမိုကရေစီ စနစ်ကို ပိုမိုအခြေ ခိုင်အောင် စွမ်းဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်နေသည်။ အိမ်နီးချင်းနိုင်ငံများတွင်ဆိုလျှင်လည်း ယင်းသို့သော တပ် မတော်သား ဗိုလ်ချုပ်ကြီးဘဝကနေပြီး နိုင်ငံတော်အကြီး အကဲဖြစ်လာသည့် အချိန်တွင် ဒီမိုကရေစီကို ပိုမိုအခြေခိုင် စေခဲ့သည့် သာဓကများလည်းရှိသည်ဟု ဦးကျော်လင်းဦး က ယခုလို ဥပမာပေးသည်။

ဥပမာ-ဖိလစ်ပိုင်မှာ ဗိုလ်ချုပ်ကြီးရားမို့စ်တို့၊ အင်ဒို နီးရှားမှာ ဗိုလ်ချုပ်ကြီးမိုလ်ဒိုကို တို့လို ပုဂ္ဂိုလ်မျိုးတွေကို စံ နမူနာပြုပြီးတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအ လဲက ဒီထက်ပိုပြီး အောင်မြင်အောင် ကြိုးစားနိုင်ခဲ့မယ်ဆို ရင် ချီးကျူးရမယ့် နောက်ထပ် အရှေ့တောင်အာရှဒေသရဲ့ ချီးကျူးရမယ့် ဗိုလ်ချုပ်မှူးကြီးဟောင်း တစ်ယောက် ဖြစ် လာပါလိမ့်မယ်။

အမည်မဖော်လိုသူ အငြိမ်းစားဗိုလ်မှူးကြီးကတော့ လက်ရှိသမ္မတ ဦးသိန်းစိန်တုန်းကတောင် တပ်မတော်ယူနီ ဖောင်းချွတ်ပြီး သမ္မတတာဝန်ကို ရယူခဲ့သည်မို့ လေ့လာမှု၊ အရည်အချင်းနှင့် ယုံကြည်ချက်သာရှိလျှင် အကောင်းဆုံးဖြစ် နိုင်လိမ့်မည်ဟုထင်နေသည်။ သူဆိုလိုချင်သည်က သီတဂူ ဆရာတော်ကြီးမိန့်သလို ရှေ့ကဦးဆောင်သူတစ်ဦး၏ မူဝါဒ များကိုလျစ်လျူရှုပြီး ကိုယ့်မူ၊ ကိုယ့်နည်းနှင့် လမ်းသစ်ဖောက် မည်ဆိုက ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းသည် နောက် သို့ ပြန်တွန့်သွားနိုင်သည်ဟု ၄င်းကယူဆသည်။

''ဦးရွှေမန်းလဲ ဦးသိန်းစိန်လုပ်သလို လုပ်တော့လုပ် နိုင်မှာပါ။ ဒါပေမဲ့ ဦးသိန်းစိန် အိုင်ဒီယာနဲ့ သူ့အိုင်ဒီယာတွေ က မတူဘူး။ ကိုက်ညီမှုမရှိတာကိုလဲ တွေ့နေရတာပဲ။ ဒီ တော့ ဦးရွှေမန်းသာသမ္မတဖြစ်ပြီးရင် သူ့မူနဲ့သူ တစ်ခါပြန် ပြင်မယ်ဆိုရင် တစ်ကနေ ပြန်စနေရပြန်ဦးမယ့်သဘောဖြစ် သွားနိုင်တယ်''။
သမ္မတဦးသိန်းစိန်၏ ဒီမိုကရေစီရေး ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်တစ်လျှောက်တွင် တပ်မတော်၏အကြီး အကဲတစ်ဦးအနေနှင့် လိုက်ပါစီးမျောခွင့်ရခဲ့သည့် ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေ ဖြင့် လုပ်နိုင်သည့်အရည်အချင်းရှိပြီဟု ယူဆလို့သာ ယခု လို သမ္မတဖြစ်လိုသည့် အရိပ်အယောင်များပြောထွက်ခြင်း ဖြစ်လိမ့်မည်ဟု ဗိုလ်မှူးကြီးက သုံးသပ်သည်။

သူ့အနေဖြင့် ပင်စင်ယူပြီးတော့ ရွေးကောက်ခံမလား၊ ထပ်တိုးတာဝန်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်လေ မလားဆိုသည်ကတော့ ခန့်မှန်း ခက်နေသေးကြောင်း ၄င်း ကပြောသည်။

''အငြိမ်းစားယူပေမယ့်လဲ နိုင်ငံတော်ကနေ ပြီးတော့ သူ့ကိုလိုအပ်လို့ ထပ်မံပြီးတာဝန်ပေးမယ်၊ သူ ကိုယ်တိုင်ကလဲ ဆန္ဒရှိမယ်ဆိုရင် တာဝန်ဆက်ထမ်းဆောင် လို့ရတယ်''။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် မြန်မာ့ နိုင်ငံရေးအခင်းအကျင်းထဲသို့ တပ်မတော်သားကိုယ်စား လှယ်အစုအဖွဲ့ကို အကြောင်းပြုပြီး ရောက်လာသည်ဖြစ် စေ၊ တခြားပုံစံတစ်မျိုးနှင့် ရောက်လာသည်ဖြစ်စေ အရပ် ဘက် နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားအင်အားစု များနှင့် ရင်းရင်းနှီးနှီး ထိတွေ့ဆက်ဆံ၊ ဆွေးနွေးသည်မျိုး ပြုသင့်သည်ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောဖူးသည်။

ဦးကိုကိုကြီးကိုယ်တိုင် လက်ခံထားသည့် အချက်တစ် ချက်လည်းရှိသေးသည်။ အချိန်၏ရွေ့လျားမှုအရ မျိုးဆက် များအဆက်ဆက် ပြောင်းလဲလာခြင်း ပင်ဖြစ်သည်။ ယခင် ခေတ်တုန်းက ပစ်ခဲ့၊ သတ်ခဲ့၊ ဖမ်းခဲ့၊ ဆီးခဲ့သော တပ်မတော် ၏ ထိပ်ပိုင်းခေါင်းဆောင်များသည် ယခုအခါ တပ်မတော် တွင် မရှိတော့ပြီ။ လက်ရှိတပ်မတော်၏ မျိုးဆက်သည် သူတို့ကိုယ်တိုင် မကျူးလွန်ခဲ့ရသော သမိုင်းကြွေးများ၊ အမွေ ဆိုးများကို ဆက်ခံနေရသည်ဟု ဦးကိုကိုကြီးက ယူဆသည်။

ထို့ကြောင့် တပ်မတော်နှင့် ပြည်သူအကြား နွေးထွေး သည့်၊ လေးစားသည့် ယုံကြည်မှုမျိုး၊ တိုင်းရင်းသားများနှင့် တပ်မတော်အကြား၊ တိုင်းရင်းသားနှင့် လူများစုဗမာများ အကြား အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ယုံကြည်မှု များ ရရှိရေးအတွက် စဉ်းစားချိန်တန်ပြီဟု ၄င်းက တိုက် တွန်းသည်။

အထူးသဖြင့် မိမိတို့ သတိမမူမိသည်ကတော့ ပြီးခဲ့ သည့် တပ်မတော် အစိုးရလက်ထက် ထိပ်ပိုင်းခေါင်းဆောင် များ၊ အဆင့်မြင့်အရာရှိကြီးများသည် လတ်တလော ဒီမို ကရေစီ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းထဲတွင် တည့် တည့်တစ်မျိုး၊ ကန့်လန့်တစ်ဖုံ လိုက်ပါစီးမျောနေကြသူများ ဖြစ်နေကြသည်ဟု အငြိမ်းစားကျောင်းဆရာကြီး ဦးသိန်း က ဆင်ခြင်မိသည်။

သို့သော် သူကိုယ်တိုင် မျက်စိနှင့်၊ နား နှင့် ကြားသိမြင်တွေ့လိုက်ရသည့် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်၏ အဖြေတချို့ကိုတော့ သိပ်လက်မခံလို။

''၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးတုန်းက ပြည်သူ တွေရဲ့ဆန္ဒနဲ့ရေးတာဆိုတဲ့ အချက်ပဲ။ အဲဒါလိမ်တာပေါ့''။

‪‎TheYangonTimes‬

0 comments:

Post a Comment