Thursday, January 15, 2015

လိုအပ်နေတဲ့နေရာတွေကို လှူသွားမယ့် မိုးစက်ဝိုင်ထူထောင်တဲ့ Myanmar’s Heart Charity Group


Miss Universe Myanmar 2013 အလှမယ် မိုးစက်ဝိုင် (ဓာတ်ပုံများ- ဂျေပိုင် / ဧရာဝတီ)

ပရဟိတအလုပ်လုပ်တယ်ဆိုတာ ဒီဘ၀အတွက်ရော နောက်ဘ၀အတွက်ပါ ကောင်းမွန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ လက်ခံ ထားကြပါတယ်။ လိုအပ်နေတဲ့သူတွေကို တတ်နိုင်တဲ့သူတွေက ကိုယ့်ဘက်က တတ်နိုင်သလောက် ဖြည့်ဆည်း ပေးနိုင်ခြင်းဟာလည်း မင်္ဂလာတပါးပါ။ အခုဆိုရင် အဲဒီလိုဖြည့်ုဆည်းပေးလှူဒါန်းပေးနေတဲ့ ပရဟိတလုပ်ငန်းတွေ အဖွဲ့အစည်းတွေ မြန်မာပြည်မှာ အများအပြားထွက်ပေါ်လာကို တွေ့ရပါတယ်။ ဒီလိုထွက်ပေါ်လာတာဟာ အဓိက စေတနာရှင်ပြည်သူတွေနဲ့ အဖွဲ့အစည်းတွေမှာ တက်တက်ကြွကြွပါဝင်လှုပ်ရှားလာတဲ့ လူငယ်တွေ အများအပြား ရှိလာခြင်းကြောင့်ပဲ မဟုတ်ပါလား။ အခုလည်း 2013 Miss Universe Myanmar တစ်ယောက်ဖြစ်တဲ့ မိုးစက်ဝိုင်ဟာ Myanmar’s Heart Charity Group လို့ အမည်ပေးထားတဲ့ ပရဟိတအဖွဲအစည်းတခုကို ထူထောင်ထားတယ်ဆိုတာကို သိရတာကြောင့် ဧရာဝတီသတင်းထောက် ယုမွန်ကျော်က မိုးစက်ဝိုင်နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။မေး။ ။ မိုးစက်ဝိုင်ရဲ့အခု Myanmar’s Heart Charity Group လေးစတင်ဖွဲ့စည်းဖြစ်ခဲ့တာကို ပြောပြပေးပါ။

ဖြေ။ ။ မိုးစက်ကMiss Universe Myanmar ဖြစ်ပြီးကတည်းက ပရဟိတတွေလုပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် များသောအားဖြင့် လှူဖြစ်တာက ကိုယ့်ပိုက်ဆံနဲ့ပဲ ကိုယ်လှူဖြစ်တယ်ပေါ့။ အဲဒီမှာ မိုးစက်ရဲ့ပရိသတ်တွေနဲ့ မိဘပြည်သူတွေကလည်း Facebook ကနေ သူတို့လည်း ပါဝင်လှူဒါန်းချင်ကြောင်းပြောတယ်။ မိုးစက်က တခါမှ မလုပ်ပေးဖြစ်ဘူး။ နောက်တော့ သူတို့ပါပါချင်တယ်ဆိုတော့ ကိုယ်ကလည်းကတိပေးထားဖူးတယ်။ အဲဒီတော့ သူတို့ပါပါမှာဆိုရင် မိုးစက်အသင်းတခုထောင်မှဖြစ်မယ်ပေါ့။ အဲဒီလို အိုင်ဒီယာနဲ့စပြီး ဖွဲ့စည်း တည်ထောင် ဖြစ်ပါတယ်။ နာမည်ပေးဖြစ်တာက Myanmar’s Heart ဆိုတာက မြန်မာဖြစ်ပြီး၊ မြန်မာစိတ် ရှိတဲ့သူတိုင်းဆိုပြီး ရည်ရွယ်ပြီး ဒီနာမည်လေးကို ပေးဖြစ်ခဲ့တာပါ။

မေး။ ။ ဒီအဖွဲ့လေးမရှိခင်ကရော မိုးစက်ပရဟိတနဲ့ပတ်သက်ပြီး ဘယ်လိုလှုပ်ရှားမှုတွေလုပ်ခဲ့သေးလဲ။

ဖြေ။ ။ မိုးစက်အဓိကလုပ်ဖြစ်တာက မိဘမဲ့ကလေးတွေ ပညာရေးအတွက် စကောလားရှစ်ပေးတာ၊ ပြီးတော့မနောအလှနဲ့ ကချင်စစ်ဘေးဒုက္ခသည်တွေအတွက် လှူဒါန်းတာကို ကချင်ပြည်နယ်အထိ လိုက်ပါ ခဲ့ဖူးပါတယ်။

မေး။ ။ ပရဟိတလုပ်တဲ့အခါ လှူဒါန်းဖြစ်တဲ့အခါ တခြားထက်မိဘမဲ့ကလေးငယ်တွေကို ပိုပြီး လှူဒါန်း ဖြစ်တာကရော ဘယ်လိုကြောင့်လဲ။

ဖြေ။ ။ အဲဒါကဘယ်လိုကြောင့်လဲဆိုရင် မိုးစက်အနေနဲ့ဆိုရင် မိုးစက်မိဘတွေက အခြေအနေ ကောင်းခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ကံကောင်းခဲ့တယ်ဆိုတာကို လက်ခံထားတယ်။ ဒါပေမယ့် ကံကောင်းတယ်ဆိုတာ အကျိုးအကြောင်းလည်းရှိတယ်လေ။ ဒီဘ၀မှာ ကိုယ် ကံကောင်းတယ်ဆိုတာ ကလည်း ဟိုဘ၀က ကောင်းမှုလုပ်ခဲ့လို့ပေါ့နော်။ ဆိုတော့မိုးစက်အနေနဲ့ ဒီဘ၀မှာ ကံမကောင်းခဲ့တဲ့ ကလေးတွေကိုလည်း လှူချင်တဲ့ စိတ်ကူးကတော့ အမြဲတမ်းရှိပါတယ်။ ဒီဘ၀မှာ သူတို့ရွေးချယ်လို့၊ ဆုံးဖြတ်လို့မရတဲ့အခြေအနေနဲ့ ရောက်လာပြီးတဲ့အခါမှာ မိဘမဲ့သွားတာပဲဖြစ်ဖြစ်၊ စွန့်ပစ်ခံရတာပဲဖြစ်ဖြစ်၊ ကူညီပေးမယ့်သူရှိရင်တောင်မှ တချို့က ဘယ်မှာလာပြီး ဘယ်ကိုကူညီရမလဲဆိုတာ မသိတဲ့သူတွေလည်း ရှိတယ်လေ။ အဲဒီအတွက်ကူညီတဲ့သူရော၊ ကလေးတွေရောအခွင့်အရေးရစေချင်တဲ့သဘောပါ။

မေး။ ။ လှူဒါန်းတဲ့အခါအဖွဲ့အနေနဲ့ ငွေကြေးကိုအဓိကထားပြီး လှူဒါန်းသွားမှာလား။ ဘယ်လို လှူဒါန်းမှုမျိုးကို ဦးစားပေးပြီး လှူဒါန်းဖြစ်သွားမလဲ။

ဖြေ။ ။ လိုအပ်တာကိုကြည့်ပြီး လှူဒါန်းသွားမှာပါ။ ငွေကြေးကတော့ တချို့နေရာမှာလိုရင် ငွေကြေး လှူမှာပေါ့။ တချို့နေရာမှာလိုအပ်တာက ကျောင်းဆောင်ဆိုရင်ကျောင်းဆောင်ကိုလှူမယ်။ ဒါကသူတို့ လိုအပ်မှုအပေါ် မူတည်ပါတယ်။ မနောအလှအဖွဲ့နဲ့ မိုးစက် ကချင်ပြည်နယ် ဘက်သွားတဲ့အခါ ပရဟိတ ကျောင်းလေးတွေမှာ မိုးစက်က ငွေသွားလှူဖြစ်ခဲ့ပါတယ်။ အဲဒီမှာလည်း သူတို့က အလှူငွေကို ပို လိုအပ်တာပေါ့။ ကလေးတွေရဲ့စားစရိတ်၊ သောက်စရိတ်ကလည်းလိုအပ်သေးတာကိုး။

မေး။ ။ Myanmar’s Heart အနေနဲ့ရောငွေကြေးကိုဘယ်လောက်ပဏာမအထိလှူဒါန်းပြီးသွားပြီလဲ။

ဖြေ။ ။ Myanmar’s Heart အနေနဲ့ဆိုရင် အခုမှ ပထမဆုံးအကြိမ် လှုပ်ရှားမှုကို စတင်မှာပေါ့နော်။ အခု လောလောဆယ်တော့ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး လှူဒါန်းသွားမှာပါ။ မိုးစက်တို့နဲ့ အတူတူ ပူးပေါင်း ပါဝင်ထားတဲ့ ကုမ္ပဏီတွေက Alpine ၊ Mistine Life skincare ၊ ရွှေနဂါးဖိနပ်နဲ့ VeVe အချိုရည်ပေါ့နော်။ သူတို့နဲ့က အလှူငွေက သိန်းနှစ်ရာ့ခြောက်ဆယ်ရှိပါတယ်။ ဒါက မိဘပြည်သူတွေဆီက မပါသေးပါဘူး။ မိဘပြည်သူတွေဆီက တလလောက် အချိန်ယူပြီး အလှူငွေကောက်ခံသွားမှာပါ။ အဲဒီကရတဲ့ အလှူငွေ တွေကို မိုးစက်တို့က ပထဆုံးအနေနဲ့ ပဲခူးတိုင်းကြို့ပင်ကောက်မှာရှိတဲ့ သိင်္ခရိုင်ဆိုတဲ့ ဘုန်းကြီးကျောင်းမှာ ပရဟိတဂေဟာရှိပါတယ်။ မိဘမဲ့ကလေးဂေဟာပေါ့။ အဲဒီမှာသွားလှူမှာပါ။ ငွေသားချည်းပဲက အဖွဲ့အစည်းအနေနဲ့ဆိုရင် အဲဒီမှာ ပထမဆုံးသွားလှူမှာပါ။ ဒါပေမယ့်အန်တီအယ်လ်ခွန်းရီတို့နဲ့ မိုးစက် ကချင်ပြည်နယ်သွားတုန်းကတော့ Myanmar’s Heart အနေနဲ့ မိုးစက်ဘာသာ ငွေတသိန်းတော့ လှူဒါန်းထားပါတယ်။

မေး။ ။ ပထမဆုံးလှူဒါန်းမယ့် သိင်္ခရိုင်ဘုန်းကြီးကျောင်းကိုရော ဘယ်တော့လောက် သွားရောက် လှူဒါန်းဖြစ်မလဲ။ ဘယ်လို လှူဒါန်းမှုမျိုးကိုပြုလုပ်မှာလဲ။

ဖြေ။ ။ အလှူငွေကတော့ မိုးစက်တို့ဘယ်လောက်ရမယ်ဆိုတာ မသိသေးဘူးလေ။ လှူတာကတော့ ဘယ်လောက်ထိ လှူဖြစ်မလဲဆိုတာက အခုတော့ပြောဖို့ နည်းနည်းစောသေးတယ်ပေါ့နော်။ လောလော ဆယ်မှာတော့ ကုမ္မဏီတွေက သူတို့ Customers တွေနဲ့ပေါင်းပြီး လှူထားတာ စောစောကပြောတဲ့ သိန်းနှစ်ရာ့ခြောက်ဆယ်တော့ ရှိပြီပေါ့။ အဲ့ဒါအပြင် မိဘပြည်သူတွေရဲ့ အလှူငွေနဲ့ပေါင်းပြီး ဘယ်လောက်ရလဲဆိုတာကို မိုးစက်ကပြန်ပြောပြီး လှူဒါန်းရမှာပေါ့။

မေး။ ။ ဒီအစီအစဉ်မှာပါဝင်လှူဒါန်းလိုတဲ့မိဘပြည်သူတွေအနေနဲ့ရောဘယ်လိုဆက်သွယ်လှူဒါန်းနိုင်မလဲ။ ကုမ္မဏီတွေနဲ့ချိတ်ဆက်လှူဒါန်းတာကရောဘယ်လိုမျိုးလဲ။

ဖြေ။ ။ မိုးစက်အခုလုပ်ထားတာက Win-Win ပေါ့။ လှူဒါန်းတဲ့ကုမ္မဏီတွေရော၊ ပရဟိတအဖွဲ့အနေနဲ့ရော အကုန်အကျိုးရအောင်စီစဉ်ထားတာပါ။ အသင်းအနေနဲ့က အလှူငွေ အဓိက ရချင်တာပေါ့။ ကုမ္မဏီ အနေနဲ့က သူတို့ Customers တွေနဲ့ပေါင်းပြီး လှူဒါန်းလို့်ရအောင်ပေါ့။ ကုမ္ပဏီအနေနဲ့က စောစောက မိုးစက်ပြောတဲ့ ပစ္စည်းတွေပါတဲ့ ကုမ္ပဏီတွေပေါ့။ Alpine ၊ VeVe ဆိုတာလည်း ခါတိုင်းသောက်နေကျကို ၀ယ်သောက်ရုံပဲ။ ဒါပေမယ့် ဒီလိုဝယ်သောက်ခြင်းဖြင့် ကုသိုလ်လုပ်တဲ့ လှူဒါန်းခြင်းဖြစ်တာပေါ့။ Life cosmetics ဆိုရင် Skin Care တွေပါမယ်။ နောက်ရွှေနဂါးဖိနပ်ပေါ့။ ဒီဟာတွေက မိုးစက်ရွေးချယ်ထားတာ တွေပေါ့။ မိဘပြည်သူတွေအနေနဲ့က သူတို့အတွက် အသုံးတည့်တဲ့ ပစ္စည်းလည်းဖြစ်ရမယ်၊ သုံးနေကျ လည်းဖြစ်ရမယ်။ အဲဒီဟာကို ရောင်းချလို့ရတဲ့ အလှူငွေ ၁၀၀ ရာခိုင်နှုန်းဟာ မိုးစက်တို့ ပရဟိတအသင်းကို လှူပြီးသားဖြစ်ပါတယ်။ ကုန်ပစ္စည်းပေါ်မှာ မိုးစက်တို့အသင်းရဲ့ Logo ကို ထည့်သွင်းထားမယ်။ ဒါဆို အဲဒါကို ၀ယ်ယူပြီး လှူဒါန်းခြင်းပါ။ ဒါကပထမနည်းပါ။ ဒုတိယနည်းကတော့ မိုးစက်တို့ ကမ္ဘောဇဘဏ် ဘဏ်အကောင့်ရှိပါတယ်။ နံပါတ်က ၀၀၄၁၂၂၀၀၆၉၃၃၆ အဲဒီကို လွှဲပြီး လှူဒါန်းနိုင်ပါတယ်။

မေး။ ။ Myanmar’s Heart ပရဟိတအသင်းကို ဖွဲ့စည်းထားတယ်ဆိုတော့ ဒါကအဖွဲ့အစည်းတခုအနေနဲ့ ရုံးခန်းဖွင့်မှာလား။ အဖွဲ့ကို ဘယ်လိုရှေ့ဆက်သွားဖို့စီစဉ်ထားလဲ။

ဖြေ။ ။ အဖွဲ့အစည်းအနေနဲ့တော့ ရုံးမထိုင်ပါဘူး။ မိုးစက်တို့က လောလောဆယ် လူငယ် ပရဟိတအသင်း လိုပဲပေါ့နော်။ အစီအစဉ်ကိုလည်း ကန်ပိန်းပြုလုပ်တာ တနှစ်ကိုတကြိမ်လောက်ပဲ Target ထားထား ပါတယ်။ ဒီလိုလုပ်ဖြစ်တာလည်း ကုမ္ပဏီတွေကိုလည်း ပါစေချင်တယ်။ မိဘပြည်သူတွေကိုလည်း ပါစေချင်တယ်။ အားလုံးကိုပါစေချင်တယ်။ ဒါကြောင့်ဒီလိုအစီအစဉ်လေးလုပ်တာပေါ့နော်။ အလှူလည်း လုပ်ရင်းအကျိုးလည်းရှိစေချင်တာကြောင့်လုပ်ဖြစ်တာပါ။ ရုံးတော့မထိုင်ပါဘူး။ တနှစ်ကိုတခါ ကန်ပိန်း လုပ်တိုင်း မိုးစက်တို့ကတော့ လှုပ်ရှားနေမှာပေါ့နော်။

မေး။ ။ လှူဒါန်းဖို့ရွေးချယ်တဲ့အခါဘယ်လိုများရွေးချယ်ဖြစ်လဲ။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ ပထမအကြိမ်ကတော့ ကြို့ပင်ကောက်က သိင်္ခရိုင်မိဘမဲ့ကလေးများ စောင့်ရှောက်တဲ့ ဘုန်းကြီးကျောင်းပေါ့နော်။ ရွေးချယ်တာကတော့ မိုးစက်တို့က လှူဒါန်းမယ့်သူ သိပ်မရှိသေးတဲ့နေရာ၊ လူသိ မများသေးတဲ့နေရာကို ရွေးပါတယ်။ မိုးစက်တို့က ကိုယ်တတ်နိုင်သလောက် ကိုယ်လုပ်တာပေါ့။ အဲဒီ နေရာလေးတွေကို ပိုပြီးတတ်နိုင်တဲ့သူပိုပြီး လှူနိုင်တဲ့သူတွေက သိသွားရင် ကောင်းတာပေါ့နော်။ အဲဒီလိုရည်ရွယ်ပြီးအဓိကထားရွေးချယ်မှာပါ။

မေး။ ။ သွားရောက်လှူဒါန်းတဲ့အခါဘယ်သူတွေလိုက်ပါမလဲ။ ပြည်သူချစ်အနုပညာရှင်တွေ ပါဝင်ရင် ပြည်သူတွေပိုပြီး စိတ်ဝင်စားကြတဲ့အတွက မိုးစက်တို့အသင်းမှာအနုပညာရှင်တွေပါဝင်လာဖို့ရှိပါလား။

ဖြေ။ ။ ဟုတ်ကဲ့။ အဲဒီအတွက်မိုးစက် Miss Universe 2013 သွားပြိုင်သွားတုန်းက ခင်ခဲ့တဲ့ အိမ်နီးနားချင်း နိုင်ငံက Miss တွေကိုဖိတ်ခေါ်ထားပါတယ်။ အဲဒီမှာ Miss China နဲ့ Miss Singapore က စိတ်ဝင်စား တယ်လို့ပြောပါတယ်။ မိုးစက်က လာရောက်ကူညီဖို့ ပြောထားတာဖြစ်တဲ့အတွက် သူတို့အနေနဲ့က အကုန်လုံးက Free ပေါ့နော်။ သူတို့နဲ့ Contract တွေ ဘာတွေတော့ မရှိဘူးပေါ့။ ဒါက ပွင့်ပွင့်လင်းလင်း ပြောပြထားတာပါ။ သူတို့ကစိတ်ဝင်စားတယ်။ လာချင်တယ်ပြောတဲ့အတွက် မိုးစက်က သူတို့အတွက် အခု စီစဉ်ပေးနေပါတယ်။ နောက်ပိုင်းတော့ ဘယ်လိုတွေဖြစ်ဦးမယ်မသိဘူးပေါ့နော်။ မြန်မာပြည်တွင်းမှာဆိုရင် မိုးစက်နဲ့ခင်တဲ့သူငယ်ချင်းတွေဖြစ်တဲ့ အောန်ဆိုင်းတို့၊ စိုင်းစည်တွမ်ခမ်းတို့ကိုခေါ်သွားမယ်။ နောက်ပြီး ညီမလေးဟန်သီကလည်း ပရဟိတကိုစိတ်ဝင်စားတယ်လို့ ပြောတယ်။ သူ့ကိုလည်းခေါ်ပါလို့ ပြောထားတယ်။ နောက် ကိုထွန်းကိုကိုကလည်း စိတ်ဝင်စားတယ်ဆိုတော့ သူတို့အဆင်ပြေမယ်ဆိုရင် လိုက်မယ်ထင်ပါတယ်။

မေး။ ။ ပရဟိတအဖွဲ့အစည်းတခုကိုလုပ်နေတဲ့သူတယောက်အနေနဲ့ ကျန်တဲ့သူတွေကိုရော ဒီလို လုပ်ငန်းတွေမှာ ပါဝင်လာကြဖို့ ဘယ်လို စည်းရုံးပြောပြချင်လဲ။

ဖြေ။ ။ တိုက်တွန်းစကားဆိုတာထက် မြန်မာပြည်မှာ လိုအပ်နေတဲ့နေရာတွေ အများကြီးရှိတယ်ပေါ့နော်။ ဗုဒ္ဓဘာသာအယူအရဆိုရင်တော့ ဒါဟာကံကံရဲ့အကျိုးတရားပေါ့။ တဦးပေါ်တဦးကောင်းမယ်၊ ကိုယ် တတ်နိုင်သလောက်လေးတွေ ကူညီပေးသွားမယ်ဆိုရင် ဒါဟာအရမ်းကောင်းတဲ့အပြုအမူပေါ့။ နောက်ဘ၀မှာလည်းကောင်းမယ်၊ ဒီဘ၀မှာလည်းကောင်းမယ်။ ကိုယ့်ရဲ့မိသားစု၊ ကိုယ့်ရဲ့ မိဘတွေ အတွက်လည်း ကောင်းတယ်လို့ မိုးစက်ကတော့ထင်ပါတယ်။ ဘာသာရေးအရတော့ သူတို့လည်း အဘက်ဘက်က အန္တရာယ်ကင်းမယ်လို့ ထင်ပါတယ်။

မေး။ ။ လှူဒါန်းတဲ့သူတွေက လှူဒါန်းနေပေမယ့် လိုအပ်တဲ့နေရာတွေကလည်း အများကြီးရှိနေသေးပြန်ရော။ အဲဒီအပေါ်ကိုရောမိုးစက်ကဘာပြောချင်လဲ။

ဖြေ။ ။ အဲဒါကဘယ်လိုလဲဆိုတော့ အလှူရှင်တွေရှိပေမယ့် တခါတလေကျရင် သူတို့က ဘယ်လှူရမှန်း မသိတာလည်းရှိတယ်ပေါ့။ တဖြေးဖြေးနဲ့တော့ လှူဒါန်းမှုတွေများလာတဲ့အခါ လိုအပ်တဲ့နေရာတွေကိုလည်း ရှာဖွေတွေ့ရှိလာမယ်လို့ထင်ပါတယ်။ လှူဒါန်းတဲ့သူတွေကလည်း မိုးစက်သိသလောက်ဆိုရင် မနောအလှအဖွဲ့ဆိုရင် သူတို့ခက်ခက်ခဲခဲနေရာတွေမှာ သွားရောက်လှူဒါန်းကြတယ်။ အခု ကြို့ပင်ကောက် က သိင်္ခရိုင် ဆိုရင်လည်း ကန္တာရ မိုးစက်ပရဟိတအသင်းက သွားလှူတာကို မိုးစက်ကသိတာပါ။ အဲဒီက အဖွဲ့ဝင်တွေကလည်းပြောတယ်လေ။ ဒီလိုဆိုတဖြေးဖြေးလူတွေအများကြီးသိလာပြီး လှူဒါန်း လာကြမယ် လို့လည်းထင်ပါတယ်။ လိုအပ်တဲ့နေရာတွေအများကြီးရှိသေးပေမယ့် မိုးစက်တို့က ဒီလိုပဲ တဖြေးဖြေးချည်း စီပဲ သွားရမှာပေါ့နော်။ ချက်ချင်းကြီးတော့အကုန်လုံးဖြစ်လာဖို့ကမလွယ်ဘူးလေ။

မေး ။ ။ နောက်ပိုင်းမှာ ပရဟိတလုပ်ငန်းတွေကိုပဲပိုလုပ်သွားဖြစ်မလား၊ အနုပညာအလုပ်တွေကိုရော လုပ်ဖြစ်သွားမလား။

ဖြေ။ ။ မိုးစက်အတွက်က ဒီပရဟိတအသင်းထောင်လို့ ပြောင်းလဲသွားဖို့တော့မရှိပါဘူး။ ပရဟိတအသင်းလေးဖွဲ့ဖြစ်တာကလည်းဒီလို အသင်းထောင်မှသေချာစနစ်တကျနဲ့ လုပ်ဖြစ်မှာမို့လို့ပါ။ ခါတိုင်းလုပ်နေသလိုပဲအလုပ်တွေကလည်း လုပ်သွားဦးမှာပါ။ မိုးစက်အနေနဲ့လှူဖြစ်မယ်ဆိုရင်လည်း Myanmar’s Heart Charity ကနေပဲပိုပြီး လှူဖြစ်သွားမယ်။ မိဘပြည်သူတွေလာရောက်လှူဒါန်းတဲ့ အလှူငွေတွေကိုလည်းသေချာလိုအပ်တဲ့နေရာတွေကိုမိုးစက်တို့လှူဒါန်းပေးသွားမှာပါ။ဘယ်နေရာမှာ လှူဒါန်းဖို့ဆိုပြီး လာရောက် အကြံပေးလို့လည်းရပါတယ်။ အဲဒီနေရာတွေကိုလည်း မိုးစက်တို့က ထည့်သွင်း စဉ်းစားသွားမှာပါ။

မေး။ ။ လှူဒါန်းချင်တဲ့သူတွေက မိုးစက်တို့ဆီ တိုက်ရိုက်လာပြီး လှူဒါန်းမယ်ဆို ဘယ်လိုစီစဉ်ထားလဲ။ ဘဏ်အကောင့်မှာမလွှဲပဲ တစ်ခြားရော ဘယ်လိုလှူဒါန်းနိုင်မလဲ။

ဖြေ။ ။ ဟုတ်ကဲ့။အဲဒါဆိုရင် မိုးစက်တို့ Facebook မှာ Myanmar’s Heart Page ဆိုပြီးရှိပါတယ်။ ဘယ်နေရာမှာမိုးစက်တို့ အလှူငွေကောက်မယ်၊ နောက်ပြီးအဖွဲ့ရဲ့လှုပ်ရှားမှုတွေကိုလည်း အဲဒီမှာ အမြဲတင်သွားမှာပါ။ လှူဒါန်းလို့ရမယ့်နေရာကိုလည်း အဲဒီနေရာမှာ တစ်ပတ်တစ်ကြိမ်ကြော်ငြာသွားမှာပါ။


ဧရာဝတီ

0 comments:

Post a Comment