Sunday, January 18, 2015

KIA (ကချင်) လက်နက်ကိုင် အဖွဲ့က အများပြည်သူ အသုံးပြုလျက် ရှိသော တံတား ၄ စင်းကို မိုင်းခွဲဖျက်ဆီး၍ သွားလာမှု ပြတ်တောက်


ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ၈ မိုင်လမ်းဆုံ ၏ အနောက် မြောက်ဘက် ၁ မိုင်၊ ၃ ဖာလုံခန့် အကွာ မိုးကောင်း - ဖားကန့် သွားကားလမ်း မိုင်တိုင်အမှတ် ၉/၃ ရှိ တံတားအမှတ် (၁/၁ဝ)၊ အရှည် ၆ဝ ပေ၊အကျယ် ၁၂ ပေရှိ ဘေလီသံပေါင် တံတား (ပါဟုတ်ချောင်းကူး တံတား) အား ဇန်နဝါရီ ၁၇ ရက် ညနေ ၃ နာရီချိန် ခန့်တွင် လည်းကောင်း၊ အဆိုပါ တံတား၏ အနောက်မြောက် ဘက် ၄ ဖာလုံခန့် အကွာ၊ မိုင်တိုင် အမှတ် ၉/၇ ရှိ တံတားအမှတ် (၂/၁ဝ)၊ အရှည် ၃ဝ ပေ၊ အကျယ် ၁၂ ပေရှိ ဘေလီ သစ်သားတံတား (၁ဝ မိုင်ချောင်းကူး တံတား) အား ညနေ ၄ နာရီခွဲချိန် ခန့်တွင် လည်းကောင်း KIA (ကချင်) လက်နက်ကိုင် အဖွဲ့က မီးရှို့ဖျက်ဆီး ခဲ့သဖြင့် တံတားများ မီးလောင် ပျက်စီးခဲ့သည်။အလားတူ ညနေ ၃ နာရီခွဲချိန် ခန့်တွင် အဆိုပါ ကားလမ်းပေါ်ရှိ ခွန်ဆိုင်ဇွပ် ကျေးရွာအဝင်မှ အရှည် ၂ဝ ပေ၊ အကျယ် ၁၂ ပေရှိ သစ်သား တံတားအား လည်းကောင်း၊ နန့်ခိုင်ကျေးရွာ အနီးမှ အရှည် ၂၁ ပေ၊ အကျယ် ၁၄ ပေရှိ၊ ကွန်ကရစ် တံတားနှင့် အရှည် ၂၄ ပေ၊ အကျယ် ၁၇ ပေရှိ ကွန်ကရစ် တံတားနှစ်စင်း အား ညနေ ၅ နာရီချိန် ခန့်တွင် လည်းကောင်း KIA (ကချင်) လက်နက်ကိုင် အဖွဲ့က အောင်မြင့်ကြိုင် ကုမ္ပဏီပိုင် ဘက်ဟိုး ယာဉ်မောင်းအား ခြိမ်းခြောက်၍ ၄င်း မောင်းနှင်သည့် ဘက်ဟိုးဖြင့် ဖျက်ဆီးခိုင်း ခဲ့သဖြင့် တံတားများ ပျက်စီးသွားပြီး မိုးကောင်း - ဖားကန့် သွားလာလျက် ရှိသော မော်တော်ယာဉ်များ ဖြတ်သန်း သွားလာခြင်း မပြုနိုင်ဘဲ သွားလာမှု ပြတ်တောက် ခဲ့ကြောင်း သိရှိရသည်။

KIA (ကချင်) လက်နက်ကိုင် အဖွဲ့ အနေဖြင့် စစ်ဘက်ပစ်မှတ် နှင့် မသက်ဆိုင်သော ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာ လမ်းပန်း ဆက်သွယ်မှု အဆင်ပြေ ချောမွေ့ စေရေးအတွက် နိုင်ငံတော်မှ တည်ဆောက် ထားသည့် လမ်းတံတား များအား ရည်ရွယ်ချက် ရှိရှိဖြင့် နှောင့်ယှက် ဖျက်ဆီးမှုများ ပြုလုပ် လာခြင်းကြောင့် စစ်ရှိန်မြင့်မား လာမည်ကို ဒေသခံ ပြည်သူများမှ စိုးရိမ်လျက် ရှိကြောင်း သိရှိရသည်။

The Myawady Daily

0 comments:

Post a Comment