Wednesday, January 28, 2015

“နေရယ်၊ လရယ်၊ အမှန်တရားရယ်” က တရားဥပေဒရေးရာပိုင်းကို တကယ်ပဲ မီးမောင်းထိုးပြနိုင်မလား


ဒါရိုက်တာ အောင်ကိုလတ် (ဓာတ်ပုံ - ဟိန်းထက်/ ဧရာဝတီ)

တရားစီရင်မှုနဲ့ တရားဥပဒေ စိုးမိုးရေးအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲကို ဖေဖော်ဝါရီ ၁၃ ရက်က စတင်ပြီး အပတ်စဉ်သောကြာနေ့ညကိုးနာရီခွဲအချိန်တွေမှာ မြန်မာ့ရုပ်မြင်သံကြားကနေ စတင် ပြသသွားမယ်ဆိုတဲ့အကြောင်း ဇာတ်ကားရဲ့ စာနယ်ဇင်း ရှင်းလင်းပွဲအဆိုအရ သိရပါတယ်။မြန်မာပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ အခွင့်အရေးများနဲ့ တာဝန်ဝတ္တရားတွေကို နားလည်သဘောပေါက်စေဖို့ ရည်ရွယ်တယ်လို့ လည်း ဆိုပါတယ်။

ဇာတ်လမ်းတွဲ အမည်ကတော့ “နေရယ် လရယ် အမှန်တရားရယ်” လို့ အမည်ပေးထားပြီး ပါဝင်တဲ့ အဓိက ဇာတ်ဆောင်တွေကတော့ ဘုဏ်းသိုက်၊ မိုးယံဇွန်၊ ဆုပန်ထွာနဲ့ခင်ဇာခြည်ကျော်တို့ပါ။ ဒါရိုက်တာ အောင်ကိုလတ် က ရိုက်ကူးပေးထားတာလည်းဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ ဥပဒေရေးရာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ရုပ်မြင်သံကြား ဇာတ်လမ်းတွဲဆိုရင်လည်း မမှားပါဘူး။

“နေရယ် လရယ် အမှန်တရားရယ်” ဇာတ်လမ်းတွဲကို Myanmar Legal Aid Broadcasting Consortium ဖြစ်တဲ့ အောင်ကိုလတ် Motion picture၊ Communication Service Group၊ မြန်မာဥပဒေ အထောက်အကူပြု ကွန်ယက်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ ပျိုးပင် အစီအစဉ်နှင့် Yangon Film School တို့က ပူးပေါင်း ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။

ဇာတ်လမ်းတွဲရိုက်ကူးသူ ဒါရိုက်တာ အောင်ကိုလတ်က ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး “နေရယ် လရယ် အမှန်တရားရယ် ဇာတ်လမ်းတွဲကို ရိုက်ကူးရတဲ့အတွက် ဂုဏ်ယူပါတယ်။ ဥပဒေရေးရာနဲ့ ပတ်သက်ပြီး ရိုက်ကူးတဲ့ မြန်မာနိုင်ငံရဲ့ပထမဆုံး ရုပ်မြင်သံကြား ဇာတ်လမ်းတွဲဖြစ်ပြီး တရားမျှတမှုနဲ့ တရားဥပဒေ စိုးမိုးရေးက ကျနော်တို့ လူ့အဖွဲ့အစည်းကို ပံ့ပိုးကူညီမှာ၊ငြိမ်းချမ်းရေးတည်ဆောက်ရာမှာအရေးပါပါတယ်။ ဥပဒေ အထောက်အကူပြုခြင်းက ကျနော်တို့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးကူညီမယ်လို့ ယုံကြည်ပါတယ်”လို့ လည်းပြောကြားခဲ့ပါတယ်။

ဇာတ်လမ်းတွဲမှာ မြန်မာ့ကျေးလက်ဓလေ့ကို နောက်ခံထား ရိုက်ကူးထားကာ တရားရုံးနဲ့ ရဲဌာနတို့မှာလည်း ရိုက်ကူးထားတယ်လို့လည်းသိရပါတယ်။

ဒါ့ထက် ဇာတ်လမ်းတွဲမှာ လက်ရှိဖြစ်ပျက်နေသော ဥပဒေရေးရာ ပြသနာများဖြစ်တဲ့ မြေယာအခွင့်အရေး၊ စက်ရုံဝန်ထမ်းတွေရဲ့ လုပ်ငန်းပိုင်းဆိုင်ရာဆက်ဆံရေးအနေအထား၊ လူကုန်ကူးခြင်း၊ အစိုးရ၀န်ထမ်းတွေရဲ့ ပြဿနာတွေဖြစ်တဲ့ အသရေဖျက်ခံရခြင်း၊ မှားယွင်းစွာ ထုတ်ပယ်ခြင်းနှင့် လိမ်လည်ခြင်းတို့ကို ကိုယ်တွယ် ဖြေရှင်းပုံများကိုပါ ရိုက်ကူးထားခြင်းဖြစ်ပါတယ်။

ကဲ.. မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ ဥပဒေရေးရာနဲ့ပတ်သက်လို့ ယိုယွင်းပျက်ဆီးမှုတွေ လိုအပ်ချက်တွေကို ဒီ ဇာတ်ကားကနေ ဘယ်လိုမီးမောင်းထိုး ပြသလိုက်မလဲဆိုတာတော့ မြန်မာ့ရုပ်မြင်သံကြားကနေပဲ ရှုစားကြည့်ကြပါဦးလို့။ တခုတော့ရှိတာပေါ့.. မြန်မာ့ရုပ်မြင်သံကြားက ပြသတာဆိုတော့လည်း တကယ့်လက်တွေ့မှာ ဖြစ်ပျက်နေတဲ့ အမှန်တရားအတိုင်း ကြည့်ရှုရမှာလားဆိုတာတော့..။

ယုမွန်ကျော်
7Day Daily

0 comments:

Post a Comment