Wednesday, January 28, 2015

အမျိုးသား ပညာရေး ဥပဒေအရေး လေးပွင့်ဆိုင် တွေ့ရန် သဘောတူညီမှုရ

အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက် သပိတ်မှောက်သည့် ကျောင်းသား ခေါင်းဆောင်များနှင့် ဒုဝန်ကြီး၊ ဝန်ကြီး ဦးအောင်မင်း အပါအဝင် အစိုးရ တာဝန်ရှိသူအချို့ ဆွေးနွေးအပြီး လာမည့် ဖေဖော်ဝါရီ ၁ ရက်တွင် ရန်ကုန်မြို့၌ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီ၊ ပညာရေးစနစ်ပြုပြင် ပြောင်းလဲရေးဆိုင်ရာ နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)၊ လွှတ်တော်နှင့် အစိုးရတို့ ပါဝင်သော လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် သဘောတူညီလိုက်သည်ဟု ကျောင်းသားခေါင်းဆောင်များက မဇ္ဈိမကို ပြောသည်။


(ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)

အစိုးရဘက်မှ ကျောင်းသားများအနေဖြင့် သပိတ်မှောက် ဆန္ဒပြခြင်းကို ရပ်တန့်ပေးရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။ သို့သော် ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER) က ထုတ်ပြန်ထားသည့် ၁၁ ချက်ကို ပညာရေး ဝန်ကြီးဌာနက တရားဝင် ပြင်ဆင်မှသာ ဆန္ဒပြမှုကို ရပ်ပေးမည်ဟု ဒီမိုကရေစီ ပညာရေး ဦးဆောင်ကော်မတီဝင် မြနမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအတွင်းရေးမှူး မင်းသွေးသစ်က မဇ္ဈိမကို ပြောသည်။NNERမှ ထုတ်ပြန်ထားသည့် အချက် ၁၁ ၌ ပညာရေး ဥပဒေများ ရေးဆွဲရာ၌ ကျောင်းသား/ဆရာ ကိုယ်စားလှယ်များ ပါဝင်ရန်၊ ကျောင်သား/ဆရာ သမဂ္ဂများကို တရားဝင် အသိအမှတ်ပြုပြီး လှုပ်ရှားထူထောင်ခွင့်ပြုရန်၊ ဒေသအလိုက်၊ ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင် ပြဋ္ဌာန်းရန်၊ လက်ရှိကျင့်သုံးနေသည့် စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့် စနစ်များ ပြင်ဆင်ရန် စသည့် အချက်များ ပါဝင်သည်။

လက်ရှိတွင် မန္တလေးမှ ထွက်လာသည့် သပိတ်မှောက် ကျောင်းသားများ၏ သပိတ်စစ်ကြောင်းသည် ဆက်လက်ထွက်ခွာလျှက်ရှိပြီး ဇန်နဝါရီ ၂၈ ရက် နေ့လည်ပိုင်းတွင် တောင်သာမြို့အတွက် ဝဲလောင်ရွာသို့ ရောက်ရှိပြီဖြစ်ကာ မန္တလေးမှ ထွက်လာသည်မှာ ၈ ရက်မြောက်နေ့ ရှိပြီဖြစ်သည်။ ၈ ရက်အတွင်း ပြည်တွင်း၊ ပြည်ပ အလှူရှင်များထံမှ အလှူငွေ သိန်း ၆၀ ကျော် ရရှိထားသည်ဟု ကိုမင်းသွေးသစ်က ပြောသည်။

မဇ္ဈိမ

0 comments:

Post a Comment