Sunday, January 4, 2015

ဗိုလ်ရှုသဘင်က ဒီမိုကရေစီစနစ် အမြစ်တွယ်ခိုင်မာဖို့ သက်သေဟု သမ္မတပြော

ဗိုလ်ရှုသဘင် အခမ်းအနားကျင်းပရခြင်းသည် နိုင်ငံတော်အတွက် လွတ်လပ်ရေးကို ရယူပေးခဲ့ကြသည့် သူရဲကောင်းများကို ဂုဏ်ပြုခြင်းဖြစ်ပြီး ဒီမိုကရေစီစနစ် အမြစ်တွယ်ခိုင်မာလိုဖို့ကိုလည်း သက်သေပြလိုက်ခြင်းဖြစ်သည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဗိုလ်ရှုသဘင် အခမ်းအနားတွင် ပြောကြားလိုက်သည်။


၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံ အခမ်းအနားကို ဇန်န၀ါရီလ ၄ ရက်နံနက်ပိုင်းက နေပြည်တော်တွင် ကျင်းပနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

“နိုင်ငံလွတ်လပ်ရေးကို ရယူပေးခဲ့ကြတဲ့၊ ရရှိပြီး အချုပ်အာဏာကို လွတ်လပ်ရေး ပြန်လည်ဆုံးရှုံး မသွားအောင် အကာအကွယ်ပေးခဲ့ကြတဲ့ သူရဲကောင်းများကို ဂုဏ်ပြုခြင်းဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် အမြစ်တွယ် ခိုင်မာလိုဖို့ကိုလည်း သက်သေပြလိုက်တာလည်း ဖြစ်ပါတယ်” ဟု သမ္မတက ပြောသည်။နိုင်ငံလွတ်လပ်ရေးအတွက် အသက်စွန့်ခဲ့ကြသည့် သူရဲကောင်းများဟာ နိုင်ငံရေးနောက်ခံ အသိုင်းအ၀ိုင်း လူမျိုးစုနဲ့ ကိုးကွယ်ယုံကြည်မှု မတူညီကြသော်လည်း နိုင်ငံနှင့် လူမျိုးကောင်းကျိုး ချမ်းသာအတွက် အသက်စွန့်ခဲ့တာခြင်း တူညီကြသည်ဟု ဆိုသည်။

“ဒါကြောင့် ကျွန်တော်တို့ တိုင်းရင်းသားများ၊ နိုင်ငံသားများ တိုင်းချစ်ပြည်ချစ် နိုင်ငံချစ်စိတ်နှင့် လွတ်လပ်ရေးကို ရှေးရှုပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံအဖြစ်ဝိုင်းဝန်း တည်ဆောက်သွားကြရမည်” ဟု ဆက်ပြောသည်။

မြန်မာနိုင်ငံရေးသမိုင်းကြောင်းမှာ ပဋိပက္ခများနဲ့ အကျပ်အတည်များကို အချိန်ကာလကြာမြင်စွာ ဖြတ်သန်းခဲ့ရတဲ့အတွက် တခြားနိုင်ငံများ ထက် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရတာကို ကျွန်တော်တို့ အာလုံးသင်ခန်း စာ ရရှိပြီးဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်ချမ်းရေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောသည်။

လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်မှာ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေး၊ အပစ်အခတ်ရပ်ဆိုင်းရေး စောင့်ကြည့်လေ့လာရေး အဖွဲ့များ ဖွဲ့စည်းရေး၊ ဖက်ဒရယ်စနစ်ကို အခြေခံ တဲ့ ပြည်ထောင်စုကို တည်ဆောက်ရေး၊ ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်ပြီး နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရေးဆိုသည့် အခြေခံမူများကို သဘောတူညီ ထားပြီးဖြစ်သည်ဟု ဆိုသည်။

“ပစ်ခတ်တိုက်ခိုက်များမှုများ ရပ်ဆိုင်းမှသာလျှင် ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသများရှိ ပြည်သူများရဲ့ အသက် အိုးအိမ်စည်းစိမ် ပျက်စီးမှုများ ကို လျှော့ချနိုင်ပြီး နှစ်ဖက်အကြား ထိပ်တိုက်ရင်ဆိုင်မှုများနဲ့ ပစ်ခတ်မှုများကို ကာကွယ်နိုင်မှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ မရှိမဖြစ်လိုအပ်တဲ့ အရေးကြီးလုပ်ငန်းစဉ်တစ်ရပ် သတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်” ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ပြောသည်။

၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင်အခမ်းအနားကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၄ ခု အားတက်ရောက်ရန် ဖိတ်ကြားခဲ့သော်လည်း လက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့သာ တက်ရောက်ခဲ့သည်။ အလားတူပင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခြင်း မရှိပေ။

ဗိုလ်ရှုသဘင်ကို အလေးပြုချီတက်သူ တပ်မတော်စစ်ကြောင်းများ၊ လူမှုအဖွဲ့အစည်းများက အင်းအား ၇,၁၉၂ ဦးဖြင့် ချီတက် အလေးပြုခဲ့ကြသည်။ အခမ်းအနားကို ၅၃ နှစ်ကြာပြီးမှ နေပြည်တော်ရှိ သမ္မတ အိမ်တော်ရှေ့ လွှတ်တော်ဝင်းအနီး ရာဇာဌာနီလမ်းပေါ်ရှိ သမ္မတရန်ပုံငွေမှ ကျပ် ၆ ဒသမ ၄ ဘီလီယံ အကုန်အကျခံ ဆောက်လုပ်ထားသည့် ဗိုလ်ရှုခံအဆောက်အအုံတွင် ပြန်လည်ကျင်းပခဲ့သည်။

အဆောက်အုံ ဆောက်လုပ်သည့် ကုန်ကျစရိတ်နှင့် အခမ်းအနား ပြင်ဆင်မှုများအတွက် ကုန်ကျသည့် ငွေများအစား ထိုငွေများကို ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုသင့်သည်ဟုလည်း နိုင်ငံရေး လေ့လာသူများက ထောက်ပြဝေဖန်ကြသည်။ မြန်မာနိုင်ငံတွင် ဗိုလ်ရှုသဘင် အခမ်းအနားကို ၁၉၄၉ နှစ်ပထဆုံး သမ္မတ စ၀်ရွှေသိုက် လက်ထက် ရန်ကုန်မြို့တော်ခန်းမရှေ့တွင်ကျင်းပခဲ့ပြီး ၁၉၆၂ ခုနှစ်အထိ ကျင်းပခဲ့သည်။


မဇ္ဈိမ

0 comments:

Post a Comment