Friday, January 9, 2015

‘‘မြန်မာ့နှလုံးသား’’ပရဟိတအဖွဲ့ ထူထောင်လိုက်တဲ့ မိုးစက်ဝိုင်

ဓာတ်ပုံ−ကျော်ဇင်သန်း

မြန်မာ့နှလုံးသားပရဟိတအဖွဲ့ကို ဇန်န၀ါရီ ၉ ရက်တွင် စတင်တည်ထောင်လိုက်သော မိုးစက်ဝိုင်က ၎င်းတို့အဖွဲ့၏ ပထမဆုံးလှူဒါန်းမှုကို ကြို့ပင်ကောက်မြို့ရှိ သင်္ခရိုင်မိဘမဲ့ကလေးကျောင်းသို့ လှူဒါန်းသွားမည်ဟုပြောသည်။‘‘သင်္ခရိုင်ဘုန်းတော်ကြီးသင် ပရဟိတမိဘမဲ့ဂေဟာမှာ နို့တိုက်အရွယ်ကလေးကိုးယောက်အပါအ၀င် မိဘမဲ့ကလေး ၂၁၁ ယောက်ကို ကယ်ဆယ်စောင့်ရှောက်ပေးထားပါတယ်။ တစ်နေ့ကို စားစရိတ် ခုနစ်သောင်းကုန်ကျပြီး တစ်လကို ၂၁ သိန်းကုန်ကျနေပါတယ်။ အဲဒီလို ကုန်ကျစရိတ်ရှိပေမယ့် အလှူရှင် ခိုင်ခိုင်မာမာမရှိတဲ့အတွက် ကြို့ပင်ကောက်က မြို့ခံတွေနဲ့ အစိုးရ၀န်ထမ်းအချို့ကသာ လှူဒါန်းကြပါတယ်။ အဲဒီလိုအခက်အခဲဖြစ်နေတဲ့ ကျောင်းထိုင် ဆရာတော်ရဲ့ အခက်အခဲကိုသိတဲ့အတွက် မိုးစက်တို့ Myanmar Heart အဖွဲ့ရဲ့ ပထမဆုံးအကြိမ် လှူဒါန်းမှုအနေနဲ့ ရွေးချယ်လိုက်တာပါ’’ဟု မိုးစက်ဝိုင်ကပြောသည်။

ယင်းအစီအစဉ်တွင် ပါဝင်လှူဒါန်းလိုသူများသည် ကမ္ဘောဇဘဏ်၌ ဖွင့်ထားသော အကောင့်အမှတ်သို့ ပါဝင်လှူဒါန်း နိုင်သကဲ့သို့ ၎င်းတို့၏ လှူဒါန်းမှုအစီအစဉ်တွင် အကျိုးတူပူး ပေါင်းထားသော ကုမ္ပဏီများမှ ထုတ်လုပ်ထားသည့် Myanmar Heart Charity Group 100% Donation စာတန်းကပ်ထားသည့် ကုန်ပစ္စည်းများကို ၀ယ်ယူခြင်းဖြင့်လည်း လှူဒါန်းမှုအစီအစဉ် တွင်ပါဝင်နိုင်ကြောင်း ၎င်းကပြောသည်။

ဘဏ်မှ အလှူငွေလွှဲသူများ အနေဖြင့် ကြို့ပင်ကောက်မြို့ တွင် သွားရောက်လှူဒါန်းမည့် အလှူအတွက် ဖေဖော်ဝါရီ ၁၅ ရက် နောက်ဆုံးထား၍ ပါဝင်လှူဒါန်းနိုင်ပြီး ဖေဖော်ဝါရီ ၁၅ ရက်နောက်ပိုင်းတွင် လှူဒါန်းသည့် အလှူငွေများကို ထပ်မံပြုလုပ်မည့် အစီအစဉ်တွင် အသုံးပြုသွားမည်ဟု ၎င်းကဆိုသည်။ သင်္ခရိုင်ဘုန်းတော်ကြီးကျောင်းသို့ လှူဒါန်းရန် ယခုအချိန်အထိ အကျိုးတူပူးပေါင်းသည့် ကုမ္ပဏီများမှ လှူဒါန်းငွေ သိန်း ၂၆၀ရရှိထားကြောင်း မိုးစက်ဝိုင်ကပြောသည်။

ယင်းအလှူကို ဖေဖော်ဝါရီတတိယပတ်တွင် ပြုလုပ်သွား မည်ဖြစ်ပြီး ၎င်းနှင့်အတူ မယ်စကြ၀ဠာပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် အလှမယ်များကိုလည်း ပါဝင်နိုင်ရန် ဖိတ်ခေါ်ထားကြောင်း ၎င်းက ပြောသည်။

7Day Daily

0 comments:

Post a Comment