Thursday, January 8, 2015

လမ်း၊ တံတား ဆောက်ဖို့ သစ်ပါမစ် ပေးသတဲ့လား KIA


ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ၀ါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံး ဒေသမှာ အဖိုးတန်သစ်များ တရားမ၀င်ခုတ်ယူပြီး တစ်ဖက်နိုင်ငံကို ရောင်းချရန် ပြင်ဆင်ထားသည်ကို တပ်မတော်စစ်ကြောင်း များက နယ်မြေ ရှင်းလင်းရာမှာ ဖမ်းမိခဲ့ကြောင်း သတင်းများတွင် ဖတ်လိုက်ရပါသည်။ ဖမ်းဆီးရမိသူများထဲတွင် မြန်မာနိုင်ငံသား ၂၀ ဦး၊ တရုတ်နိုင်ငံသား ၁၀၂ ဦး စုစုပေါင်း ၁၂၂ ဦးအား သစ်ထုတ်ရာ၌ အသုံးပြုယာဉ် ၄၅၅ စီး၊ တရုတ်ယွမ်ငွေ ၁၂၀၀၀၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ KIO ထိပ်တန်းခေါင်းဆောင်ဟောင်း ဒေါက်တာ တူးဂျာကတော့ KIO/KIA အနေနဲ့ ကိုယ်တိုင်သစ်ထုတ်လုပ်တာ မရှိပေမယ့် ဒေသဖွံ့ဖြိုးရေးအတွက် ပါမစ်ပေးတာရှိကြောင်း၊ လမ်းလုပ်မယ်၊ တံတားလုပ် မယ်ဆိုလို့ ရှိရင်တော့ ငွေလိုတယ်လေ။ အဲဒါကျတော့ ပါမစ်ပေးတာ တခါတလေ ရှိကြောင်း မီဒီယာတစ်ခုရဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ဖြေကြားသွားသည်ကို တွေ့လိုက်ရပါသည်။

သို့ဆိုလျှင် သစ်ခိုး ထုတ်နိုင်အောင် ပါမစ်ပေးခဲ့သော ငွေများဖြင့် လမ်း၊ တံတား ဆောက်လုပ်နေကြောင်း၊ ဒါမှမဟုတ် ဆောက်လုပ်ခဲ့ကြောင်း ဒေါက်တာ တူးဂျာ ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်ပါလိမ့်မည်။ ကချင်ပြည်နယ်ထဲမှာ KIO/KIA အဖွဲ့မှ ငွေကြေးအကုန်အကျခံကာ အများ ပြည်သူအတွက် လမ်း၊ တံတား ဆောက်လုပ်ခဲ့သည်ဟူသော ကိစ္စကို အမှန်တကယ်ပင် စိတ်ဝင်စားမိပါသည်။

အကောင်းဘက်က တွေးပေးမယ်ဆိုရင် တပ်မတော်စစ်ကြောင်းများနှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့စဉ်က KIA ကိုယ်တိုင် မိုင်းခွဲဖျက်ဆီးခဲ့သော လမ်း၊ တံတား များအား ပြင်ပေးခဲ့သလား ဟူသော အတွေးကလည်း ၀င်ရောက် လာပြန်ပါ သည်။

၂၀၁၁ ခုနှစ် ဇွန်လကနေ ဒီဇင်ဘာဘအထိ ကချင်ပြည်နယ်ရှိ လမ်း၊ တံတားများအား KIA အဖွဲ့ ဖောက်ခွဲဖျက်ဆီးခဲ့ သော အကြိမ်အရေအတွက် သည် ၁၂၂ ကြိမ် ရှိကြောင်း သိရပါသည်။ တစ်ဖန် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ မှ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအထိ လမ်း၊ တံတားများအား KIA အဖွဲ့ မိုင်းခွဲဖျက်ဆီးမှု ၇၆ ကြိမ် ရှိခဲ့ပါသည်။

ကချင်ပြည်နယ်အတွင်း အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် အဓိက ဆက်သွယ်ရေး လမ်းကြောင်းများ ဖြစ်သည့် မြစ်ကြီးနား-ဗန်းမော်လမ်း၊ မြစ်ကြီးနား-ကန်ပိုက်တီး-ဗန်းမော်-လွယ်ဂျယ်လမ်း၊ နန့်စီးအောင်-မြစ်ကြီးနား မီးရထားလမ်း၊ မြစ်ကြီးနား-ပူတာအိုလမ်း၊ တနိုင်း-နမ္မတီး လမ်းတို့အား KIA အဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ဖျက်ဆီးမှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါသည်။ ယနေ့ KIA အနေဖြင့် တရုတ်ကို သစ်ခိုးထုတ်ရောင်းချပြီး သူတို့ကြောင့် ပျက်စီးသွား သော လမ်း၊ တံတားများအား ပြင်ဆင်သည်ဆိုလျှင် အများပြည်သူအတွက် ကြည့်တတ်သော အဖွဲ့အဖြစ် နားလည် လက်ခံနိုင်ပါသည်။

သို့သော် ပျက်စီးသွားသော လမ်း၊ တံတားများ မပြင်သလို၊ နောက်ထပ် အသစ်ဆောက်လုပ်သော လမ်း၊ တံတားများ လည်း မရှိပေ။ တရုတ်ကုန် သည်များနှင့် ပေါင်းကာ နိုင်ငံပိုင် အဖိုးတန်သစ်တော သယံဇာတများအား ခိုးထုတ်ရောင်းချ နေသည်မှာ KIO/KIA အဖွဲ့၏ ကိုယ်ကျိုးစီးပွားတစ်ခုတည်း အတွက် ဖြစ်ပါသည်။ ကချင်ပြည်နယ်ရှိ ပြည်သူလူထု အတွက် မဟုတ်သလို နိုင်ငံတော်အတွက်လည်း အကျိုးမရှိသော လုပ်ရပ်သာ ဖြစ်ပါသည်။

ဒေါက်တာ တူးဂျာ ပြောခဲ့သလို လမ်းလုပ်မယ်၊ တံတားလုပ်ဖို့ ငွေလိုတဲ့အတွက် သစ်ပါမစ်ပေးတယ်ဆိုတဲ့ စကားသည် ဟာသပြက်လုံးတစ်ခုလို ဖြစ်နေပါသည်။ တစ်နိုင်ငံလုံး ဟိုးလေးတကျော် ဖြစ်နေသော သစ်ခိုးထုတ်သည့်အမှုကို ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးသလို ဖြစ်မနေဘူးလားလို့သာ ပြောချင်ပါသည်။

တကယ်လို့များ KIA သာ သစ်ခိုး မထုတ်ဘဲ လမ်း၊ တံတားများ ဆောက်ခဲ့လျှင် ယနေ့အချိန် ကချင်ပြည်နယ်တွင် အစင်းပေါင်း ရာထောင်မကသော လမ်း၊ တံတားများကို ပြင်နေရလောက်ပါပြီ။ ယခုမူ ရာထောင်မကသော လမ်း၊ တံတားများ မြင်ရမည့်အစား ပြုန်းတီးနေသော အဖိုးတန် သစ်တောများကိုသာ စိတ်မကောင်းဖွယ် တွေ့မြင်နေရပြီ ဖြစ်ပါသည်။

နေ၀န်းသစ်
နေ့စဉ်သတင်း

0 comments:

Post a Comment