Monday, November 16, 2015

ဦးဝီရသူနှင့် တွေ့ဆုံခြင်း



Voice - ပြီးသွားတဲ့ ရွေးကောက်ပွဲအပေါ် အရှင်ဘုရားရဲ့ အမြင်လေး အရင်ဆုံးမိန့်ပါဦး ဘုရား။

UWRT - ရလဒ်ကောင်းတွေတော့ ပေါ်ထွက်လာတာပေါ့။

Voice - NLD က နေရာအများစု အနိုင်ရသွားတဲ့ အပေါ်မှာရော အရှင်ဘုရား ဘယ်လိုမြင်မိလဲ။

UWRT - ဒါကတော့ကွာ ပြိုင်တယ် ဆိုတာကတော့ အနိုင်အရှုံးဆိုတာ ရှိတာပေါ့၊ နိုင်တဲ့သူ ဘယ်သူနိုင်နိုင် မုဒိတာပွားရမယ့် တာဝန်ရှိတယ်၊ ဘယ်သူရှုံးရှုံး ရှုံးတဲ့ သူမှာ ကရုဏာထားရမယ့် တာဝန်ရှိတယ်၊ လူတိုင်းက ဒီတာဝန်ကို မပျက်မကွက် ထားကြရမှာလေ။Voice - အရှင်ဘုရားတို့ အနေနဲ့ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေး ဆိုပြီး တစ်လျှောက်လုံး လှုပ်ရှားလာတာ ရှိတယ်။ အခု NLD အနိုင်ရသွားတဲ့အခါ အမျိုးစောင့်ဥပဒေ လေးခုကို ပြန်ပြီး ပယ်ဖျက်ခံရမှာ ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိတယ်၊ အဲဒါနဲ့ ပတ်သက်ပြီးရော အရှင်ဘုရားအနေနဲ့ ဘယ်လိုများ မိန့်ကြားချင်လဲ။

UWRT - သြော် ... မတက်ခင်တုန်း ကတော့ ဒီစိုးရိမ်မှု ရှိခဲ့လို့ တို့တစ်တွေ မျိုးစောင့်ဥပဒေ အောင်ပွဲတွေ လုပ်ပြီးတော့၊ အင်အားတွေ ပြပြီးတော့ ခုခံ ကာကွယ်နေတာလေ။ တက်လာတဲ့အခါ ကျတော့ ပိုပြီး စိုးရိမ်မှုကြီး တာပေါ့။ သို့သော်လည်းပဲ ဒီမိုကရေစီအစိုးရက ဒီမိုကရေစီ သဘောတရားအရ အမတ်အများစု ထောက်ခံလို့ အတည်ပြုပြဋ္ဌာန်းထားတဲ့ ဥပဒေကြီးကို လက်လွတ်စပယ် ဖျက်ဆီးလိမ့်မယ် လို့တော့ ဦးဇင်းမထင်ပါဘူး။

Voice - လက်ရှိအာဏာရ ပြည်ခိုင်ဖြိုးပါတီ အပါအဝင် သမ္မတကြီးတို့ ကအစ အမျိုးစောင့်ဥပဒေတွေ ပေါ်ပေါက်လာအောင် အားပေးခဲ့တယ်၊ လုပ်ပေးခဲ့တာတွေ ရှိတယ်၊ အရှင်ဘုရားတို့ ကလည်း အမျိုးဘာသာကို စောင့်ရှောက်မယ့် သူတွေကိုသာ မဲပေးကြဖို့ ဆိုပြီး လိုက်လံ ဟောကြားခဲ့တာတွေ ရှိတယ်၊ ဒါပေမဲ့ ပြည်သူတွေအနေနဲ့ မဲပေးကြတဲ့အခါ တခြားပါတီကို မဲပေးလိုက်တယ်၊ အဲဒီအပေါ် မှာရော အရှင်ဘုရားအနေနဲ့ ပြည်သူတွေကို ဘယ်လိုများ မိန့်ကြားချင်လဲ ဘုရား။

UWRT - ဒါကတော့ကွာ၊ နီချိန်တန်လို့ အစိမ်းကို နီပေးနေရတာပေါ့၊ နီချိန်တန်လို့ နီသွားတာ ဘယ်သူ့မှ အဆိုးဆိုလို့ မရဘူးလေ။

Voice - ဒါဆိုရင်ရော NLD ကသာ အစိုးရဖွဲ့ခဲ့မယ် ဆိုရင် အရှင်ဘုရားတို့ မဘသပေါ့နော်၊ အဲဒီအဖွဲ့က ပြည်ခိုင်ဖြိုးပါတီနဲ့ နီးစပ်ခဲ့တာ ဆိုတော့ လာမယ့်အစိုးရသစ် မှာရော အရှင်ဘုရားတို့ ဘယ်လို လှုပ်ရှားမှုတွေ ဆက်လုပ်ဖို့ရှိလဲ။ အစိုးရသစ်နဲ့ရော လက်တွဲပြီး လုပ်ဆောင်ဖို့တွေ ရှိလားဘုရား။

UWRT - တို့တစ်တွေကတော့ အမြဲတမ်း ဖိတ်ခေါ်နေတာပဲ။ အနီမကဘူး၊ အစိမ်းမကဘူး၊ ကိုယ်စားလှယ် အမည်းတွေ တောင်မှ တို့တစ်တွေ ဖိတ်ခေါ်နေတာပဲလေ၊ ပူးပေါင်းဆောင်ရွက်ဖို့ ကတော့ တို့တစ်တွေကတော့ အမြဲတမ်း လက်ကမ်းကြိုဆို နေတယ်ပေါ့၊ အဲဒါကိုလည်း ဦးဇင်းတို့ တစ်တွေက ပူးပေါင်း ဆောင်ရွက်ပါမယ်။ ဒီချုပ် အစိုးရ ငါးနှစ်သက်တမ်းကို မဘသ ဘာတွေလုပ်မလဲ ဆိုတာကို စောင့်ကြည့်လိုက်လေ။

Voice - တင်ပါ့၊ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့က အရင်အတိုင်းပဲ အရှိန်အဟုန်မပျက် ဆက်ပြီး လှုပ်ရှားနေဖို့ ရှိလား၊ မရှိလားပေါ့ ဘုရား။

UWRT - ပြည်ပအန္တရာယ်လည်း ရှိတယ်၊ ပြည်တွင်း အန္တရာယ် သိပ်မရှိတဲ့အချိန်မှာ တောင်မှ မဘသအဖွဲ့ကြီးက အင်တိုက်အားတိုက် အလုပ်လုပ်နေရတာ။ အခုကျတော့ အမျိုးစောင့်ဥပဒေကို ကန့်ကွက်တဲ့ အစိုးရ တက်လာတဲ့ အခါကျတော့ ပိုပြီး သတိဝီရိယ ထားပြီးတော့ စည်းစည်းလုံးလုံးနဲ့ နိုးနိုးကြားကြား တက်တက်ကြွကြွ ဆောင်ရွက်ရမယ့် အချိန် ရောက်နေပြီပေါ့။

Voice - ဒါဆိုရင်ရော အရှင်ဘုရားအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တက်လာမယ့် အစိုးရ ဖွဲ့ကို မိန့်မှာစရာ ရှိတယ်ဆိုရင်ရော ဘယ်လိုမျိုး မိန့်မှာဖို့ရှိလဲ ဘုရား။

UWRT - တကယ်တမ်းပြောရရင် ဦးဇင်းတို့ မဘသ အဖွဲ့က ကောက်ရိုးပုံစောင့်တဲ့ခွေး ပဲကွ။ ဟို ... ကောက်ရိုးပုံကို လာဆွရင်တော့ ဘယ်သူလာ ဆွဆွ၊ ဘယ်သူလာ သယ်သယ်၊ ဘယ်သူလာမမ ကိုက်ရမှာပဲလေ။ အေး ... အဲဒီလို အမျိုးစောင့်ဥပဒေတို့၊ ၅၉(စ) တို့၊ ၁၉၈၂ ဥပဒေတို့၊ ဟို ... ရိုဟင်ဂျာကိစ္စတို့ ဒါတွေကို တို့တစ်တွေ စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်။ ဒီဟာတွေ လာမ၊ လာဆွရင်တော့ တို့တစ်တွေနဲ့ တွေ့မှာပေါ့။

Voice - အရှင်ဘုရားတို့ အနေနဲ့ အသစ်ဖြစ်လာမယ့် သမ္မတကို ဘယ်လိုလူမျိုး ဆိုရင်ရော သဘောကျမလဲ ဘုရား။

UWRT - နိုင်ငံရေးအရ တည်တည်ငြိမ်ငြိမ်နဲ့၊ အကင်းပါးပါးနဲ့ လျှောက်လှမ်းပြီးတော့ အမျိုးဘာသာ၊ သာသနာကို အားပေးတဲ့သူ ဆိုရင်တော့ တို့တစ်တွေက ခရစ်ယာန် ဘာသာဝင်က သမ္မတ တက်လုပ်လုပ်တို့က အားပေးရမှာပေါ့။ ထောက်ခံရမှာပေါ့။

Voice - ခရစ်ယာန်လို့ သုံးလိုက်တာ အရှင်ဘုရား တခြားဘာသာခြား တွေရော သုံးလို့ရလား ဘုရား၊ မွတ်ဆလင်တွေ၊ အစ္စလာမ်တွေရော မပါဘူးလား ဘုရား။

UWRT - မွတ်စလင်၊ အစ္စလာမ် ဆိုတာက တို့ ဖွဲ့စည်းပုံအရ တိုင်းရင်းသားတွေ မဟုတ်ဘူးလေ။ တိုင်းရင်းသားထဲမှာ ပါတဲ့ ကမန် အစ္စလာမ်ဘာသာက ဒီနေရာကို ရသွားတယ်၊ အားလုံးမျှမျှတတ ရှိတယ် ဆိုလို့ရှိရင်တော့ တို့က လက်ခံရမှာပဲလေ၊ ဘာကြောင့်လဲ ဆိုတော့ သူတို့ကို တိုင်းရင်းသားအဖြစ် အသိအမှတ် ပြုထားပြီးပြီနော်။

Voice - ဒါဆို နောက်ဆုံးအနေနဲ့ အခုရွေးကောက်ပွဲ အပေါ် ခြုံပြီး ပြောရမယ်ဆိုရင်ရော တရားမျှတပြီး လွတ်လပ်တယ် လို့ရော မြင်ပါသလား ဘုရား။

UWRT - မြင်ပါတယ်၊ တကယ်လို့ မမျှတဘူး၊ မလွတ်လပ်ဘူး ဆိုရင်တော့ ဒီအဖြေက ဘယ်ထွက်မလဲပေါ့။

Voice - တင်ပါ့၊ ကျေးဇူးတင်ပါတယ် ဘုရား။

အောင်မျိုးထက်
thevoicemyanmar.com

0 comments:

Post a Comment