Monday, November 30, 2015

သမ္မတလောင်းနေရာ အတွက် စစ်မှုမထမ်းဖူးသူ NLD ပါတီဝင် ၁၀ ဦးကို ယာယီရွေးချယ်ထားသည်ဟု ဦးဉာဏ်ဝင်း ပြောကြား


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ တင်မြှောက်မည့် သမ္မတလောင်း နေရာအတွက် စစ်မှုမထမ်းဖူးသူ NLD ပါတီဝင် ၁၀ ဦးကို ယာယီရွေးချယ်ထားကြောင်း ယင်းပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။
ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်းနှင့် တိုကျိုမြို့အခြေစိုက် ဂျပန် ရိုမီယိုရီ ရှင်ဘွန်း သတင်းဌာန (Yomiuri Shimbun) တို့ တွေ့ဆုံရာတွင် သမ္မတလောင်း ရွေးချယ်ရေးနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်ကြောင်း ဂျပန်ဘာသာဖြင့် ထုတ်ဝေသော ရိုမီယို ရီရှင်ဘွန်း အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။

သမ္မတလောင်းသည် NLD ပါတီဝင် ဖြစ်ပြီး အတိတ်နှင့် လက်ရှိအချိန်တွင် စစ်မှုထမ်း အတွေ့အကြုံ မရှိသူဟူသော အခြေခံမူများဖြင့် ရွေးချယ်ထားကာ သမ္မတလောင်းနေရာ အတွက် လေးဦးမှ ၁၀ ဦးအထိ ယာယီရွေးချယ်ထားကြောင်း ဦးဉာဏ်ဝင်းက ပြောကြားသည်။

ထို့အပြင် အစိုးရသစ်၏ စီးပွားရေး မူဝါဒများအရ ဂျပန်နှင့် အခြားနိုင်ငံတကာ ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုများအတွက် ကြိုဆိုကြောင်းနှင့် ဂျပန်အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်သွားမည်ဖြစ်ပြီး နိုင်ငံခြားကုမ္ပဏီများ ပိုမိုလွယ်ကူသက်သာစေရေး အတွက် အခွန်ဥပဒေ အသစ်များကိုလည်း ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တစ်နိုင်ငံလုံး၏ မဲဆန္ဒနယ်ပေါင်း ၈၀ ရာခိုင်နှုန်းကျော်ကို အနိုင်ရရှိထားသည်။

ထို့အပြင် သမ္မတ တင်မြှောက်ရန် အတွက် ပြည်ထောင်စုလွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ရာတွင် လိုအပ်သော ထက်ဝက်ကျော် လွှတ်တော်ကိုယ်စားလှယ် အရေအတွက် ၃၉၀ ဦး နေရာ ရရှိထားသည်။

နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်လိုကြောင်း ထုတ်ဖော်ပြောဆိုထားသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကမူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ပါ ပြဋ္ဌာန်းချက်အရ သမ္မတဖြစ်ခွင့် မရှိသော်လည်း လက်ရှိအချိန်အထိ NLD ပါတီမှ တင်မြှောက်မည့် သမ္မတလောင်းကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ထို့အပြင် NLD ပါတီနှင့် နီးကပ်သော ဆက်ဆံရေးရှိသူ ဗိုလ်ချုပ်ကြီးဟောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို သမ္မတလောင်းအဖြစ် တင်သွင်းနိုင်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကမူ NLD သမ္မတလောင်းသည် အရပ်သားစစ်စစ် ဖြစ်မည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

The Voice Weekly

0 comments:

Post a Comment