Sunday, November 15, 2015

ဒီချုပ်အစိုးရဖွဲ့စည်းရေးနှင့် ပြည်သူ့အသံ

ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ယခုရွေးကောက်ပွဲတွင် အစိုးရတစ်ရပ်ဖွဲ့နိုင်သည့် အမတ်အရေအတွက်ကိုကျော်လွန်၍ အနိုင်ရရှိထားပြီး တစ်ပါတီတည်းက အစိုးရဖွဲ့ရန် အလားအလာ အလွန်ကောင်းနေပြီဖြစ်သည်။ နှစ်ပေါင်းများစွာ အတိုက်အခံအဖြစ် ရပ်တည်လာခဲ့သည့် ပါတီကြီးတစ်ရပ်အနေဖြင့် အစိုးရတစ်ရပ်ကို စတင်ဖွဲ့စည်းနိုင်သည့် အခွင့်အရေးရရှိသွားပြီဖြစ်ရာ ဒီချုပ်က မည်သည့်အင်အားစုများဖြင့် အစိုး ရဖွဲ့မည်လဲဆိုသည့်အပေါ် နိုင်ငံတကာကရော ပြည်တွင်းကပါ စိတ်ဝင်တစားစောင့်ကြည့်နေပြီဖြစ်သည်။ ထို့အပြင် အစိုးရဖွဲ့ရေးနှင့်ပတ်သက်၍ လွတ်လပ်သော အာရှအသံ (RFA)နှင့် မေးမြန်းခန်း၌ ဒေါ်အောင်ဆန်းစုကြည်က ပညာတတ်ဆိုခြင်းထက် လူမှန်နေရာမှန်ဖြစ်ရန် အရေးကြီးကြောင်း ပြောကြားသွားခဲ့သည်။ ဒီချုပ်၏ အစိုးရအဖွဲ့အခင်းအကျင်းနှင့်ပတ်သက်၍ လူထုလူတန်းစားအလွှာစုံတို့၏ အမြင်များကို စုစည်းတင်ဆက်လိုက်ပါသည်။

ဦးသိန်းညွန့်
(ဥက္ကဋ္ဌ-အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)

သူတို့အစိုးရဖွဲ့ပြီးပြီဆိုရင် နိုင်ငံတကာ ထုံးတမ်းစဉ်လာအတိုင်းပဲ ဟန်းနီးမွန်း ရက်ပေါင်း ၁၀၀ သတ်မှတ်ထားတယ်။ ဒီကာလမှာ ဘာမှ ဝေဖန်မှာမဟုတ်ဘူး။ ဒါပေမဲ့ အခု ရွေးကောက်ပွဲအနိုင်ရပြီး ပြည်သူတွေ မျှော်လင့်ချက်အတိုင်း ဆောင်ရွက်နိုင်ဖို့ဆိုရင် အခုအချိန်မှာ ပြောတာဆို တာတွေ အားလုံးဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်ဖို့လို တယ်။ အရင်ဆုံးပြောရရင် သမ္မတအထက်မှာနေမယ်ဆိုတဲ့အချက်က အခြေခံဥပဒေပုဒ်မ ၁၆ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်အကြီးအကဲနဲ့ အုပ်ချုပ်ရေးအကြီးအကဲဖြစ်သည်ဆိုတဲ့ ပြဋ္ဌာန်းချက်၊ နောက်ပုဒ်မ ၅၈ မှာ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်ရဲ့ အထွတ်အထိပ်ဖြစ်သည်ဆိုတဲ့ ပြဋ္ဌာန်းချက် အဲဒီအချက်တွေနဲ့ ဆန့်ကျင်ခြင်းရှိ၊ မရှိ ပြန်လည်သုံးသပ် သင့်ပါတယ်။ သမ္မတကို အထက်ကနေပြီး မူဝါဒချမယ်ဆိုရင် အခြေခံ ဥပဒေပုဒ်မ ၆၄ ကို ပြန်ဖတ်ဖို့လိုတယ်။ သမ္မတ၊ ဒုသမ္မတများသည် ပါတီလုပ်ငန်းများမှာ လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရဘူး။ ပါတီနဲ့ ကင်းကွာအောင်ပြဋ္ဌာန်းထားတယ်။ အဲဒီအချက်ကို သတိပြုသင့်တယ်။ အခြေခံ ဥပဒေပုဒ်မ ၂၀ (စ)ကို ပြန်လည်ဖတ်ရှုဖို့လိုတယ်။ အဲဒီမှာ တပ်မတော်သည် အခြေခံဥပဒေကိုကာကွယ်ရန် အဓိကတာဝန်ရှိသည်။ ကျွန်တော်တို့ကိုယ်တိုင်လည်း လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့အတွက် ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်းမှာ ဒီအခြေခံဥပဒေကို ကြိုက်ကြိုက်၊မကြိုက်ကြိုက် ကျွန်တော်တို့လိုချင်တဲ့ စံနှုန်းတွေပါတာ၊ မပါတာ ဒါက တစ်ပိုင်း၊ မပြင်နိုင်သေးသမျှ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမယ်လို့ ကတိသစ္စာဆိုထားရတာရှိတယ်။ အဲဒါကို သတိပြုသင့်တယ်။ ရွေးကောက်ပွဲအလွန်ကာလမှာပြောတာဆိုတာ အင်မတန် အရေးကြီးကြောင်းကို ၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက သင်ခန်းစာရခဲ့ပြီ။ အဲဒီအချိန်တုန်းက NLDကို ခေါင်းဆောင်ခဲ့တဲ့ ဦးကြည်မောင်ကနေ တပ်မတော်အရာရှိကြီးများကို နုရင်ဘတ် စစ်ခုံရုံးမျိုးနဲ့ပတ်သက်ပြီး ပြောတဲ့အပေါ်မှာ ဒီရလဒ်ဟာနှစ်ပေါင်း ၂၀ ကြာတဲ့အထိ လွှတ်တော်မခေါ်နိုင်ဘဲ ၂၀၀၈ အခြေခံဥပဒေအောက်မှာ နိဂုံးချုပ်ခဲ့ရတဲ့ သင်ခန်းစာရှိပါတယ်။ အဲဒီတော့ ငြိမ်းချမ်းစွာ အာဏာကူးပြောင်းလွှဲအပ်နိုင်ဖို့ဆိုရင် ကိုယ့်လက်ထဲအာဏာမရမချင်း ပြောတာ ဆိုတာများကို နိုင်ငံရေးခေါင်းဆောင်များအနေနဲ့ အခြေခံဥပဒေဘောင်အတွင်းက ဆောင်ရွက်ပါလို့ အကြံပြုချင်ပါတယ်။

ဦးသန်းဌေး
(ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)

အကြံပြုချက်ကတော့ တိုတိုပြောရရင် ပြည်ခိုင်ဖြိုးပါတီ အစိုးရ ဖွဲ့စဉ်တုန်းကလည်း တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်တဲ့ဟာတွေ ပြောမယ်ဆို ဘယ်အစိုးရဖြစ်ဖြစ် တိုင်းပြည်ပျက်စီးအောင်၊ ထိခိုက် အောင်လုပ်တဲ့ တိုင်းပြည်ခေါင်းဆောင်၊ အစိုးရမရှိဘူးလို့ မြင်ပါတယ်။ အဲဒီတော့ ပြည်ခိုင်ဖြိုးအစိုးရအနေနဲ့လည်း တစ်ဖက်က တပ်မတော်အစိုး ရကနေပြီးတော့ ဒီမိုကရေစီအစိုးရကို ဖော်ဆောင်ပေးရတဲ့ အစိုးရဖြစ် တယ်။ လုပ်ချိန် ငါးနှစ်မပြည့်သေးဘူး။ ဒီအတောအတွင်းမှာ လုပ်စရာ ရှိတာကို အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် လုပ်ပေးခဲ့ပြီးပြီ။ မအောင်မြင်သေးတာတွေရှိတယ်။ စိန်ခေါ်မှုတွေ မည်သူမဆို တွေ့ကြုံရမယ့် ပြဿနာတွေ နောက်အစိုးရလည်း တွေ့ရဦးမှာပဲ။ အဲဒါတွေကိုယ်တို့မလုပ်နိုင်တဲ့ဟာတွေကို အောင်အောင်မြင်မြင် လုပ်သွားစေချင်တယ်။ ပြည်သူက ရွေးချယ်လိုက်တဲ့သူတွေမှာ တာဝန်သိပ်ကြီးပါတယ်။ အဲဒီပုဂ္ဂိုလ်များ အောင်အောင်မြင်မြင်နဲ့ တိုင်းပြည်ကို ဆက်ပြီးသယ် ဆောင်သွားနိုင်ပါစေ။ ဒီအတွက်မှာ မိမိတို့ပါတီ အာဏာရစဉ်ကလည်း တူတာတွေ တွဲလုပ်မယ်လို့ အားလုံးကို ဖိတ်ခေါ်ခဲ့တာတွေရှိတယ်။ ဒီနေ့လည်းပဲ ကောင်းတဲ့ဟာတွေအတွက်ကို ပူးပေါင်းဆောင်ရွက်သွားမှာပါ။

ဒေါက်တာညိုညိုသင်း
(ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)

ပြည်သူလိုလားတဲ့ပါတီကြီးက အစိုးရအဖွဲ့သစ်ဖွဲ့နိုင်ပြီိဆိုတော့ ပြည်သူတစ်ရပ်လုံးကလည်း ပျော်နေပြီ။ အန်တီတို့နိုင်ငံမှာ ပြည်သူလူ ထုကြီးက ဒီအစိုးရသစ်ကို လှိုက်လှိုက်လှဲလှဲရင်ထဲက တင်မြှောက်လိုက် ရခြင်းအကြောင်းက တကယ့်ကို စစ်မှန်တဲ့ အပြောင်းအလဲကို သူတို့ လိုချင်လို့။ ဒါကြောင့်မို့လို့ အန်တီတို့ရဲ့ အစိုးရအဖွဲ့သစ်ကြီးသည် ပြည် သူလူထုအတွက် စစ်မှန်တဲ့၊ ထင်ရှားတဲ့အပြောင်းအလဲကြီးတွေကို သယ် ဆောင်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ စစ်မှန်တဲ့ အပြောင်းအလဲတွေရဖို့ ဆိုလို့ရှိရင် နိုင်ငံမှာ အရေးအကြီးဆုံးဖြစ်တဲ့ လာဘ်ပေးလာဘ်ယူမှုတိုက်ဖျက်ရေးကို လုပ်ရမှာပေါ့။ အစိုးရအဖွဲ့အ သစ်အနေနဲ့ လာဘ်ပေးလာဘ်ယူမှုတိုက်ဖျက်ရေးကို ဆောင်ရွက်တဲ့နေ ရာမှာ မိမိကိုယ်တိုင်က သန့်ရှင်းကြောင်း ပြသဖို့ လိုပါတယ်။ ဒါကြောင့်မို့လို့ ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့အသစ်ကြီးသည် မိမိတို့ရဲ့ ပိုင်ဆိုင်မှုများကို ပြည်သူလူထုထံ ချပြဖို့လိုပါတယ်။ ပေါ်ပေါက်လာမယ့် လွှတ်တော်ကြီးသည် လွှတ်တော်ကြီးမှာ ပါဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်များသည် သန့်ရှင်းစွာနဲ့၊ ရိုးသားစွာနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အခုအချိန်မှစပြီးတော့ စွမ်းစွမ်းတမံဆောင်ရွက်မည်ဖြစ်ကြောင်းကို ကျမ်းသစ္စာပြုကျိန်ဆိုကြရမှာဖြစ်ပါတယ်။ သန့်သန့်ရှင်းရှင်းဆောင်ရွက်ဖို့လိုပါတယ်။ ဒါကြောင့် အစိုးရအဖွဲ့သစ်၊ လွှတ်တော်သစ်မှာ ပါလာမယ့် လွှတ်တော်ကိုယ်စားလှယ်သစ်၊ အစိုးရအဖွဲ့သစ်အနေနဲ့ အရင်ဆုံး မိမိတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထုတ်ပြန်ဖို့လိုမယ်လို့ အကြံပြုချင်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သစ်အနေနဲ့ မြို့ခံပြည်သူတွေခံစားနေရတဲ့ ယာဉ်ကြောပိတ်ဆို့မှုပြဿနာ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ဒီမိုကရေစီစံနှုန်းနဲ့မညီတဲ့ ဆောင်ရွက်ချက်တွေ အဲဒီကိစ္စတွေကို အမြန်ဆုံးဆောင်ရွက်ပေးသွားဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ကို အကြံဉာဏ်ပေးချင်ပါတယ်။

ကိုအာကာ
(စာရေးဆရာ)

ကျွန်တော် မျှော်လင့်တာက ပထမဆုံး ဒုတိယပင်လုံစာချုပ်ဖြစ်လာဖို့ မျှော်လင့်တယ်။ ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု အမြန်ဆုံးဖြစ်လာဖို့ပါ။ ပြီးတော့ Value Added လုပ်ငန်းတွေ ပေါ်လာဖို့ ပေါ်လစီတွေ၊ ဥပဒေတွေ၊ အကူအညီတွေ ပေးစေချင်ပါတယ်။ ပြီးတော့ တိုင်းရင်းသားဒေသတွေမှာ နိုင်ငံခြားအကူအညီနဲ့ တိုင်းရင်းသားလုပ်ငန်းရှင်တွေ၊ ဖွံ့ဖြိုးမှုတွေ ပေါ်လာအောင် ပေါ်လစီတွေ သတ်မှတ်ချထားပေးပါ။ ပြီးတော့ ကျွန် တော်တို့ရဲ့ Brain Drain (ဦးနှောက်ယိုစီးမှု)တွေ တဖြည်းဖြည်းနည်းလာ အောင် အစိုးရအနေနဲ့ ပညာရှင်လူတန်းစားကို တန်ဖိုးထားတဲ့ ပေါ်လစီနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်လာအောင် ကူညီထောက်ပံ့ပေးစေချင်ပါတယ်။ အခုအခြေအနေမှာ ကျွန်တော်တို့နိုင်ငံရဲ့ တန်ဖိုးရှိတဲ့ဦးနှောက်တွေဟာ စင်ကာပူနဲ့ တခြားဖွံ့ဖြိုးပြီးနိုင်ငံမျိုးတွေမှာ သွားပြီးစီးဆင်းပေးနေရတာ အရမ်းနှမြောဖို့ ကောင်းပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ ပညာရေးနဲ့ပတ်သက်ပြီးတော့ အများကြီးပြောစရာရှိပါတယ်။ မြန်မာပြည်က ဘွဲ့လက်မှတ်တစ်ခု၊ အောင်လက်မှတ်တစ်ခုကို ကိုင်ပြီး လူတွေကြားထဲမှာ ခေါင်းမဖော်နိုင်ပါဘူး။ အဲဒါက လူငယ် ကျောင်းသားတိုင်း ပြောင်းလဲစေချင်တဲ့ ဆန္ဒပါပဲ။ အစိုးရသစ်အနေနဲ့ မြန်မာလုပ်ငန်းရှင်တွေလည်း နေရာမပျောက်၊ လူငယ်လုပ်ငန်းရှင်တွေ ကိုလည်း ကူညီပေးဖို့ Value Added လုပ်ငန်းတွေလည်း ပေါ်လာဖို့ FDIကိုလည်း အထိုက်အလျောက်ထိန်းကျောင်းပြီး ကိုယ့်နိုင်ငံသားတွေ ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေဖို့ ခိုင်မာပြီး ပြတ်သားတဲ့ ပေါ်လစီတွေ သတ်မှတ်ပေးပါလို့ အကြံပြုချင်ပါတယ်။ NLD အစိုးရသစ်အနေနဲ့ ကျွန်တော်ပြော တဲ့အချက်တွေကို လုံးဝလုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

ဦးရဲမြတ်သူ
(မန္တလေးတိုင်း ကွန်ပျူတာလုပ်ငန်းရှင်အသင်း နာယက)

လောလောဆယ် နိုင်ထားတဲ့ အနေအထားအရ ဧပြီနောက်ပိုင်းအထိ ဟော့ဟော့ရမ်းရမ်းနဲ့ အောင်ပွဲခံတာမျိုး၊ ပျော်ရွှင်တာမျိုးမလုပ်သေးဘဲ တကယ်လုပ်စရာရှိတာတွေကို အရင်ဆုံးလုပ်ဖို့၊ လက်ရှိ ဥပဒေတွေကို အိမ်စာအနေနဲ့ ကျေညက်အောင် ပြန်လုပ်ဖို့၊ ရပ်ရွာလူထုအနေအထား ကို စစ်တမ်းကောက်ဖို့တွေကို အရင်ဆုံးလုပ်သင့်ပါတယ်။ အခု ရွေးချယ် ခံရတာဟာ အားလုံးက လွှတ်တော်ထဲမှာ ပြည်သူ့ကိုယ်စားလှယ်အနေ နဲ့ ရွေးချယ်လိုက်တာဖြစ်တဲ့အတွက် မဏ္ဍိုင်လေးခုစလုံးမှာ ဘယ်သူ့ မျက်နှာကိုမှ မထောက်ဘဲ ဆောင်ရွက်ဖို့နဲ့ ရေရှည်တည်တံ့တဲ့စနစ်တစ်ခု တည်ဆောက်နိုင်ဖို့အတွက် ပျက်စီးယိုယွင်းနေတဲ့ စနစ်တွေကို ပြန်ပြီး ပြုပြင်ရပါမယ်။ တကယ်တမ်း ဒီမိုကရေစီစနစ်မှာ ဟိုဘက် ဒီဘက်ပါတီ တွေ ညှိနှိုင်းပြီး လုပ်ငန်းတွေဆောင်ရွက်ရပါတယ်။ ဒါပေမဲ့ ဒီကအခြေအနေတွေအရ လူကို၊ မူကိုရွေးတဲ့ စနစ်ကိုရောက်အောင် တွန်းပို့သလိုဖြစ်တဲ့အတွက် အားလုံးက NLDကို အပြည့်ပေးလိုက်ကြတာ။ နောက်ပိုင်းမှာ ပါတီကြီးတစ်ခုတည်းက မဟုတ်ဘဲ ပွင့်ပွင့်လင်းလင်းလုပ်တဲ့ အစိုးရသစ်ကို ရောက်စေချင်တာ။ အဲဒါကို တန်းသွားလို့မရတာကြောင့် ပါတီတစ်ခုတည်းကိုပဲ ပုံအပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုလို ဒေါ်စုရှိတုန်း၊ စည်းစည်းလုံးလုံးနဲ့ရှိတုန်းမှာ နောက်အနှစ် ၅၀ လောက်အထိ စနစ်တွေကို ချသွားဖို့လိုအပ်ပါတယ်။

ဦးဝင်းမျိုးသူ
(အုပ်ချုပ်မှု ဒါရိုက်တာ၊ စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း)

ဒီချုပ်ကို ပြောချင်တာက ရွေးကောက်ပွဲမတိုင်ခင် ကတိပေးခဲ့တဲ့အ တိုင်း သန့်ရှင်းသောအစိုးရဖြစ်အောင် လုပ်မယ်ဆိုတာကို ပီပြင်အောင် ဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံချင်တယ်။ သန့်ရှင်းတဲ့အစိုးရက နှစ် ပိုင်းပေါ့။ တစ်ပိုင်းက လာဘ်ပေးလာဘ်ယူကို တိုက်ဖျက်တာဖြစ်သလို သန့်ရှင်းတဲ့အစိုးရဖြစ်ခြင်းကလည်း ကောင်းမွန်တဲ့အစိုးရဖြစ်အောင် ပွင့် လင်းမြင်သာတဲ့၊ တာဝန်ယူတာဝန်ခံတဲ့ အစိုးရဖြစ်အောင် လုပ်တဲ့လုပ် ငန်းစဉ်ပဲလို့ ယူဆတယ်။ ဒီချုပ်က တာဝန်ယူရတဲ့အချိန်က အမှန်တကယ်ပြောရရင်တော့ အမှိုက်ပုံကြီး (ဒါမှမဟုတ်)လည်း ပျက်စီးယိုယွင်းနေတဲ့ မော်တော်ကားကြီးကို ကုန်းတက်မှာ မောင်းနေရတာနဲ့ အတူတူပဲလေ။ အားလုံးမြင်တာကတော့ လုပ်စရာတွေ အများကြီးဖြစ်နေတယ်။ ပြည်သူ လူထုကလည်း မျှော်လင့်ချက်တွေ အများကြီးဖြစ်နေတယ်။ အကောင်း ဆုံးကတော့ သန့်ရှင်းတဲ့အစိုးရဖြစ်စေဖို့က အခရာကျတာပေါ့။ သန့်ရှင်းတဲ့အစိုးရဖြစ်ဖို့ ဆောင်ရွက်ခြင်းကသာလျှင် ကျန်တဲ့အရာတွေပါ ဖြေရှင်းနိုင် မှာပေါ့။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုရင်လည်း ပွင့်လင်းမြင်သာမှုမရှိတာတွေရယ်၊ အကျင့်ပျက်ခြစားမှု ရှိတာတွေရယ်ကြောင့် ဖြစ်နေတာ။ တစ်ပါတီအားကောင်းမယ်ဆိုတာကလည်း ပြောရရင် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်က အားကောင်းဖို့လိုတာပေါ့။ ရေရှည်မှာတော့ ဒီမိုကရေစီစနစ်ဖြစ်လာရင်တော့ သူ့နည်း သူ့ဟန်နဲ့ အပြန်အလှန် ထိန်းကျောင်းမယ့် အဖွဲ့တွေက ပေါ်လာမှာပေါ့။ သို့သော်လည်း အခု အခိုက်အတန့်မှာ တိုင်းပြည်မှာ အားကောင်းတဲ့ အစိုးရတစ်ရပ်လိုတယ်လို့ မြင်တယ်။ ဦးကြည်စိုး

(IC အိမ်ခြံမြေအကျိုးဆောင်)

လက်ရှိအခြေအနေကို ခိုင်မာဖို့နဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားပြီး ရှေ့ကို တစ်ဆင့်ချင်း ခရီးဆက်ကြဖို့ အကြံပြုချင်တယ်။ အခုအခြေအနေ အတိုင်းဆို တစ်ပါတီတည်းလို့ ပြောလို့ရသွားပြီ။ ဒီလိုတစ်ပါတီတည်းဖြစ် သွားရင် ကိုယ်စားလှယ်တွေ တစ်ဦးချင်းရဲ့ အရည်အချင်းနဲ့ စေတနာပေါ် မှာ မူတည်လာပြီမို့ ပါတီတွင်းအရည်အချင်းမြှင့်တင်ခြင်းနဲ့ စေတနာပေါ် လွင်အောင် ပြုလုပ်ပေးတဲ့လုပ်ငန်းတွေ ပါတီတွင်းမှာ လုပ်ရမယ်။ တစ်ဦးချင်း အရည်အချင်းနိမ့်လာမယ်၊ စေတနာတွေ မှားလာမယ်ဆိုရင် အမှား တွေပြန်ပြီး တွေ့ကြုံရနိုင်တယ်။ ဒါကြောင့် ကိုယ်စားလှယ်တစ်ဦးချင်းရဲ့ အရည်အချင်းနဲ့ စေတနာတွေမှာ မူတည်လာတယ်။ ဒီလူတွေဟာ အရည်အချင်းပြည့်ရမယ်၊ စေတနာကောင်းရမယ်၊ ဒါမှ တစ်ပါတီတည်းဖြစ်နေ တဲ့ပါတီက ထွန်းတောက်လာမယ်။ စီးပွားရေးနဲ့ပတ်သက်ပြီး အိမ်ခြံမြေ လုပ်ငန်းဆိုတာ အရေးကြီးတဲ့စီးပွားရေးလုပ်ငန်းထဲမှာ တစ်ခုပါတယ်။ ဘယ်တော့မှ ရှောင်လွှဲလို့မရပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အိမ်ခြံမြေ လုပ်ငန်း လုပ်ကိုင်နေသူတွေကို ဥပဒေနဲ့အညီ လုပ်ကိုင်နိုင်အောင် ခေတ်နောက်မကျတဲ့ ခြွင်းချက်နည်းတဲ့ အိမ်ခြံမြေဥပဒေတွေနဲ့ လက်ဖက်ရည်ဖိုးပေးနေရတဲ့ဘဝတွေ ကင်းကင်းနဲ့ လုပ်ကိုင်ချင်တယ်။

Rဇာနည်
အဆိုတော်

NLD အစိုးရဖွဲ့နိုင်သွားတာက ပြည်သူတွေအားလုံး မျှော်လင့်နေတဲ့ အပြောင်းအလဲတစ်ခု။ မဲတွေပေးကြတာကိုကြည့်ရင် အသိသာကြီးပါ။ အဲဒါကြောင့် ပြည်သူတွေအားလုံးနဲ့အတူ ထပ်တူထပ်မျှ ဝမ်းသာပါတယ်။ ဘယ်အစိုးရတက်တက် အစိုးရက ကောင်းတဲ့လမ်းစဉ်တွေကို အစ်ကိုတို့ တွေကို လုပ်ပေးနိုင်ဖို့ မျှော်လင့်တယ်။ တခြားနိုင်ငံတွေထက်မသာရင် တောင် မလျော့တဲ့ဟာမျိုး၊ တိုင်းသူပြည်သားတွေ ကျန်းကျန်းမာမာ ချမ်း ချမ်းသာသာလုပ်ပေးနိုင်မယ့် အစိုးရတစ်ရပ်ဖြစ်ဖို့ ဆုတောင်းပါတယ်။ မျှော်လင့်ပါတယ်။ ပြီးတော့ ပြည်သူ၊ ပြည်သားတွေအားလုံးကလည်း စည်းကမ်းတကျ လိုက်နာကြလိမ့်မယ် ထင်ပါတယ်။

ဒေါက်တာစိုးထွန်း
(စီးပွားရေးလုပ်ငန်းရှင်)

အစိုးရဖွဲ့ပြီးနောက် သွားမယ့်မူဝါဒတွေ၊ ဥပမာစီးပွားရေးမူဝါဒတွေ ကို ပိုပြီးရှင်းလင်းစွာ ချပြဖို့လိုတယ်ပေါ့နော်။ ဘယ်လိုသွားမယ်ဆိုတဲ့ ဟာကိုပါ။ နောက်ပြီးတော့ ဖြစ်နိုင်ရင် ကျွန်တော်တို့ စီးပွားရေးမှာလည်း လုပ်ကိုင်တဲ့နေရာမှာ အဟန့်အတားဖြစ်နေတာတွေရှိတယ်။ အဲဒီဟာနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ပြင်ရမှာကို လောလောဆယ် လုပ်ရမယ်။ ဒီလို မှမဟုတ်ရင် နောက်ပိုင်းမှလုပ်ရတာ ခက်မယ်။ နောက်တစ်ခုက အခြေခံ အဆောက်အအုံပိုင်းကိုလည်း ပြည်ပအလှူရှင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဖို့လိုတယ်။ ဥပမာ လျှပ်စစ်မီးလိုပေါ့။ အခုဆို လျှပ်စစ်မီးမရတဲ့အတွက် ဘာမှလုပ်မရဖြစ်နေတယ်။ နောက်တစ်ချက်အနေနဲ့ဆို ငွေ ကြေးနဲ့ပတ်သက်ပြီး အကူအညီတွေပေါ့။ လယ်သမားအနေနဲ့ကြည့်ရင်လည်း စိုက်ဘဏ်ကပေးတဲ့ မလုံလောက်တဲ့ငွေလေးနဲ့ ရပ်တည်နေရတယ်။ ကျန်တဲ့ SME (အသေးစားနှင့် အလတ်စားလုပ်ငန်းများ)တွေ ကြည့်လိုက်ရင်လည်း အရင်းအနှီးမရှိဘူး။ သူတို့ကိုလည်း အရင်းအနှီးရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ ဖြေရှင်းရမယ့် ပြဿနာပေါ့နော်။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင် ကြိုးစားဖို့လိုတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမှ ပြည်တွင်းမှာရှိတဲ့ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်လာမယ်။ နောက် ထိုက်သင့်တဲ့ လစာရမယ်။ နောက်နည်းပညာတွေရမယ်။ ကျွန်တော်တို့မှာ အရင်ကလည်း ကြံ့ခိုင်ရေးပါတီ အနိုင်ရပြီး သမ္မတ ဦးသိန်းစိန်အစိုးရဖွဲ့လာခဲ့တယ်။ အပြောင်းအလဲတွေ လုပ်ခဲ့ပေမယ့် အများကြီးမပြောင်းဘူး။ ဘာဖြစ်လို့လဲဆို လူတွေ အများစုပဲပြန်ပါလာတယ်။ ဝန်ကြီးချုပ်ကနေ သမ္မတဖြစ်တယ်။ ဝန်ကြီးတချို့ ဝန်ကြီးဌာန ပြောင်းသွားတယ်။ ဒါပဲရှိတယ်။ ရွေးကောက်ပွဲမှာတော့ လူအများစုက ဒီထက်ပိုပြီး ပြောင်းလဲတိုးတက်တာကို မြင်ချင်တာပေါ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရဖွဲ့နိုင်တာကြိုဆိုပါတယ်။ ပြည်သူက လိုလားတဲ့ပြောင်းလဲခြင်းကို ဆောင်ရွက်ပေးနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း
(ချင်းအမျိုးသားတပ်ဦး အဓိပတိကောင်စီဝင်)

ဒီတိုင်းပြည်မှာ အရေးကြီးတဲ့ ကိစ္စနှစ်ခုရှိပါတယ်။ ပြည်တွင်းငြိမ်း ချမ်းရေးနဲ့ ဒီမိုကရေစီရေးပါ။ ရွေးကောက်ပွဲဟာ ကျွန်တော်တို့ တိုင်း ပြည်မှာ လိုလားနေတဲ့၊ ကျွန်တော်တို့ ကျောင်းသားတွေ ရှစ်လေးလုံး အရေးတော်ပုံမှာ တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းဖို့အ တွက် ရွေးကောက်ပွဲဟာ အင်မတန်မှ အရေးကြီးတယ်။ အရေးကြီးတဲ့ အပြင် ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့တကွ တောင်းဆိုလာတဲ့ ဒီမို ကရေစီရရှိရေးမှာ အခုလို NLD အနိုင်ရတာဟာ ရှစ်လေးလုံးအရေးတော် ပုံကြီး အောင်မြင်မှုတစ်ခုအနေနဲ့ရော ပြည်သူလူထုရဲ့ အောင်မြင်မှုတစ် ခုအတွက်ပါ ဂုဏ်ယူဝမ်းမြောက်ပါတယ်။ လူထုအောင်ပွဲဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးအားလုံး အောင်ပွဲဖြစ်ပါတယ်။ NLD အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး အစိုးရဖွဲ့လာရင် ပြည်တွင်းငြိမ်း ချမ်းရေးကို အလေးထားဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ပါတယ်။

ကိုဘော်စကို
(ချင်းတိုင်းရင်းသား၊ တီးတိန်မြို့ခံ)

ဒီချုပ်ကို အကြံပြုတာကတော့ နှစ်ပေါင်း ၆၀ ကျော်အထိ မရသေးတဲ့ အခွင့်အရေးတွေ ရအောင်လုပ်ပေးပါလို့။ နောက်တစ်ခုက မငြိမ်းသေး တဲ့ ပြည်တွင်းစစ်မီးကို ငြိမ်းအောင်သတ်ပေးပါလို့ အကြံပြုချင်တယ်။ တက်လာမယ့်အစိုးရဆီက မျှော်လင့်ထားတာကတော့ သူတို့ NLD ပါတီ က အာမခံပေးထားတာ အများကြီးကိုး။ ဒါတွေ အကုန်လုပ်ပေးရင် ပြီးပါ ပြီ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တစိုက်မတ်မတ်လုပ် ကြိုးစား လုပ်ဆောင်မယ်လို့ ယုံကြည်တယ်။ လူသားချင်းစာနာစိတ်ထားပြီး တစ် ဦးတစ်ယောက်ကောင်းစားရေးမဖြစ်ဖို့ အဓိကပါ။

စောဖိုးခွား
အဆိုတော်

ကျွန်တော်တို့ ဝမ်းသာတယ်။ အရင်ကတည်းက အပြောင်းအလဲ တစ်ခုကို မျှော်လင့်တယ်။ ကျွန်တော်တို့မှာ မျှော်လင့်ထားတာတွေရှိ တယ်။ မျှော်လင့်ထားတာတွေအတွက် နံပါတ် (၁)အဖြစ် ပြောင်းလဲဖို့က တော့ ပြောင်းလဲသွားပြီ။ အကြံပေးဖို့ဆိုတာထက် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲရမယ့်အရာတွေ အများကြီးရှိတယ။် ခြစားတာတွေရှိတယ်။ ကျွန်တော်ကတော့ ကိုယ်ကိုယ်တိုင်ကစပြီး ပြောင်းလဲဖို့ အလုပ်နဲ့သက် သေပြချင်တယ်။ အဲဒီမက်ဆေ့ခ်ျပေးသွားမယ်။ နောက်ပြီး ကျွန်တော်က သီချင်းဆိုတဲ့ လူတစ်ယောက်ဆိုပေမယ့် သီချင်းဆိုတာထက် များသော အားဖြင့် မက်ဆေ့ခ်ျတွေပါဆိုတော့ အဲဒါကို အရှိန်ပိုမြှင့်ပြီး ဆက်လုပ် သွားမယ်။ ကိုယ်ကိုယ်တိုင် စလုပ်မယ်။ ပြီးတော့မှ ကိုယ့်အဝန်းအဝိုင်း ကနေ တစ်ဆင့်တစ်ဆင့်ကောင်းတဲ့ အရာတွေလုပ်သွားဖို့ စိတ်ကူးထားတယ်။ ကြိုတင်ပြင်ဆင်ထားပါတယ်။

7Day Daily

0 comments:

Post a Comment