Thursday, November 26, 2015

ဗီဒီယို အကြိုခံစားခြင်း- မာယာမများနဲ့ မောင်

- ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ အချစ်ကားလေးတစ်ကားအကြောင်းကို ညွှန်းပေးလိုက်ပါတယ်။
ရတီထွဋ်မြတ်က ငွေနဲ့ အရာရာကို ဖြေရှင်းလို့ရတယ်လို ခံယူထားသူပါ။ တစ်ရက်မှာတော့ ရတီထွဋ်မြတ် စီးလာတဲ့ကားနဲ့ နွားနို့ပို့တဲ့ သူတစ်ယောက်ရဲ့ စက်ဘီးတိုက်မိခဲ့ပါတယ်။ တကယ်တော့ ရတီထွဋ်မြတ်ဖုန်းပြောရင်း အရေးတကြီး ကားမောင်းလာတာကြောင့် ဖြစ်သွားတာပါ။ အဲဒါကြောင့် ရတီထွဋ်မြတ်က ကားတံခါးကိုမဖွင့်ဘဲ ငြိမ်နေခဲ့ပါတယ်။ ငြိမ်မနေတာက နွားနို့ပို့တဲ့လူပါ။အဲဒီလူက ရတီထွဋ်မြတ်ရဲ့ကားတံခါးကို ခေါက်ပြီး အော်နေပေမယ့်အထဲက ဘာတုံ့ပြန်မှုမှ မရတာကြောင့် လမ်းဘေးမှာရှိတဲ့ ခဲကိုကောက်ပြီးမှန်ကို ထုဖို့ လုပ်ပါတယ်။

အဲဒီအချိန်မှာတော့ ရတီထွဋ်မြတ်လည်း မနေသာတော့ဘဲ တံခါးဖွင့်ပေးလိုက်ပါတယ်။ ဒါပေမဲ့ သူ့အမှားကို ဝန်မခံဘဲ ဘယ်လောက်လျော်ပေးရမလဲလို့ မေးခဲ့ပါတယ်။ အဲဒီမှာ နွားနို့ပို့တဲ့ လူက ဒေါသထွက်သွားပြီး တစ်ယောက်တစ်ပြန် စကားများခဲ့ပါတယ်။ နောက်ဆုံးမှာတော့ နွားနို့ပို့တဲ့ သူကသူကားစီးနိုင်တဲ့ အချိန်မတွေ့အောင် ဆုတောင်းထားဆိုပြီးပြောခဲ့ပါတယ်။

ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ ရေစက်က ပြန်ပြီးဆုံခဲ့ပါတယ်။ ရတီထွဋ်မြတ်ရဲ့ စားသောက်ဆိုင်မှာ နွားနို့ပို့တဲ့သူက အလုပ် လာလျှောက်ခဲ့ပါတယ်။

ဒါပေမဲ့ အင်တာဗျူးဖြေမယ့်အချိန် သူဌေးကရတီထွဋ်မြတ်ဆို တာသိသွားပြီး အင်တာဗျူးမဖြေဘဲ ပြန်ဖို့လုပ်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ အင်တာဗျူး မဖြေရဘဲ အလုပ်ခန့်မယ်ဆိုရင် အလုပ်လုပ်မယ်ဆိုတာကြောင့် ရတီထွဋ်မြတ်လည်း အင်တာဗျူး မမေးဘဲ အလုပ်ခန့်ခဲ့ပါတယ်။

နွားနို့ပို့တဲ့သူရဲ့ နာမည်ကထက်သူရိန်ပါ။ ထက်သူရိန်က တကယ်တော့ အလုပ်မရှိတဲ့သူ တစ်ယောက် မဟုတ်ပါဘူး။သူဌေးတစ်ယောက်ပါ။ သူဘာဖြစ်လို့ ရတီထွဋ်မြတ်ဆီမှာ အလုပ်ဝင်ခဲ့တာလဲဆိုတာကတော့ အရာရာကို ငွေနဲ့ဖြေရှင်းတဲ့ ရတီထွဋ်မြတ်ကို ပညာပေးချင်လို့ပါ။ အဲဒါကြောင့် သူ့ရဲ့ အလုပ်တွေကို ပစ်ပြီး ရတီထွဋ်မြတ်ရဲ့ စားသောက်ဆိုင်မှာ အပင်ပန်းခံအလုပ်ဝင်ခဲ့တာပါ။ ရတီထွဋ်မြတ် အနေနဲ့ လည်း ထက်သူရိန်ကို အလုပ်ခန့် လိုက်တာက သူ့ကိုပြန်ပြောခဲ့တဲ့ လူတစ်ယောက်ကို သူ့လက် အောက်မှာထားပြီး နှိမ်ချင်လို့ပါ။

ထက်သူရိန်နဲ့ ရတီထွဋ်မြတ်တို့ ဘယ်လိုကိစ္စတွေမှာ ထပ်ပြီး ထိပ်တိုက်တွေ့ကြဦးမှာလဲ။ ထက်သူရိန်ကပဲ သူဖြစ်စေချင်တဲ့ အတိုင်းရတီထွဋ်မြတ်ကို အနိုင်ယူနိုင်မှာလား၊ ဘာဖြစ်မလဲဆို တာကိုတော့ စိန်ဌေးထုတ်လုပ် ရေးကနေ ဖြန့်ချိပေးထားတဲ့ မာ ယာမများနဲ့မောင်ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ရှုစား ပေးပါ။

ဒီဇာတ်ကားမှာ ထက်သူရိန်အဖြစ် ပြေတီဦးနဲ့ ရတီထွဋ်မြတ် အဖြစ် အိချောပိုတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ အသင်ရဲ့ ဝတ္ထုကို ကိုကျော်ဇာတ်ညွှန်းရေး ပေးထားပြီး ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) က ရိုက်ကူး ပုံဖော်ထားပါတယ်။ ။

7Day Daily

0 comments:

Post a Comment