Tuesday, November 17, 2015

ဒီမိုကရေစီကို ရှာဖွေခြင်း

၂၀၁၅ ရွေးကောက်ပွဲကြီးကတော့ ပြီးဆုံးသွားခဲ့ချေပြီ။ အတိုက်အခံ NLD ပါတီက တောင်ပြိုကမ်းပြို အနိုင်ရသွားလေတော့ ဒီမိုကရေစီ အစစ်အမှန် ရကြတော့မည်ဟုဆိုကာ ပြောကြဆိုကြနှင့် လူတွေ ပျော်ကုန်ကြသည်။ လွန်ခဲ့သော ငါးနှစ်တည်းက ဒီမိုကရေစီစနစ် ပြောင်းလဲလိုက်ပါသည်ဟု ကြေညာခဲ့သော စနစ်သည် ဒီမိုကရေစီ မဟုတ်ဘူးလားဟု လျှာရှည်မိတော့ အဘတို့ ဒီမိုကရေစီက အတုကြီးဟု ပြောကြလေသည်။ဒီမိုကရေစီစစ် မစစ်ကို ဘယ်လိုစံနှုန်းနဲ့ သတ်မှတ်သည်ကို ဒေါ်ရွှေမွန် သေချာ နားမလည်။ ထို့ကြောင့် ဉာဏ်မီသလောက် စဉ်းစားမိသည်။ ဒီမိုကရေစီစနစ်ဆိုတာ ဇွန်ကြီးတို့ ဇာကြီးတို့လို ပြူးပြူးပြဲပြဲနှင့် အမြင်ရှင်းရှင်း ဖြစ်စေတာကို ဆိုလိုတာလားဟု ထင်မိသည်။ ဖြစ်နိုင်သည်၊ အဘတို့ရဲ့ ဒီမိုကရေစီ မဲဆွယ်ပွဲကြီးမှာ ဇွန်ကြီးတို့ ဇာကြီးတို့ကို ငှားကာ ကပြခိုင်းခဲ့တာက သက်သေပင်။

ဒါပေမဲ့ အခုလူတွေက ဇွန်ကြီး ဇာကြီးရဲ့ ဒီမိုကရေစီကို မကြိုက်လို့လားမသိ ဝေဖန်ပြစ်တင် ပြောဆိုသံများ ဆူဆူပွက်ပွက် ထွက်ပေါ်လာသေးသည်။ သူကလည်း သမ္မတပုံရှေ့တွင် ဒူးထောင်ပေါင်ကား လုပ်ပြသကိုး။ သေချာစဉ်းစားကြည့်ရင်တော့ သူတို့မှာ အပြစ်မရှိ။ သမ္မတပုံရှေ့ သူ့ကိုကခိုင်းသူသာ အပြစ်ရှိသည်။ သမ္မတကြီးရဲ့ ဒီမိုကရေစီကို အရောင်တင်လိုက်တာ လက်လက်ထသွားပေသည်ကိုး။ သူကတော့ ဒီမိုကရေစီ နည်းလမ်းတကျ လာငှားမှတော့ ကမည်ပဲ မဟုတ်ပါလား။ ဒါနှင့်ပတ်သက်လို့လည်း လူတွေ အငြင်းပွားကြရသည်။ ဒီမိုကရေစီဆိုတာ စည်းကမ်းရှိတယ်၊ အဖော်အချွတ်ဟာ ဒီမိုကရေစီမဟုတ်ဟု အချို့က ဆိုကြသည်။ အချို့ကလည်း လူ့အခွင့်အရေးအရ သူဟာသူ ဖော်ချင်ဖော် ချွတ်ချင်ချွတ်ခွင့် ရှိတယ်။ ဒါမှ ဒီမိုကရေစီဆိုပြီး ဇွန်ကြီးကို သွားရည်တများများနှင့် ဝန်းရံကြသည်။ ဘယ်ဟာကို ဒီမိုကရေစီဟု သတ်မှတ်ရမှန်း မရွှေမွန် မသိခဲ့။

သံချောင်းပါတီဝင်တွေကတော့ ဒီမိုကရေစီဆိုတာ ကြိုက်တဲ့ပုလင်း သောက်ကာ ကြိုက်တဲ့နေရာ မူးမှောက်လို့ ရတာကို ခေါ်တာဟု ပြောကြသည်။ လမ်းထိပ်မုန့်ဟင်းခါးဆိုင်က ဒေါ်ညိုကတော့ ဒီမိုကရေစီရရင် စည်ပင်ကို ပေးရတဲ့ ဈေးကောက် ပေးစရာမလိုဘူး ဆိုသည်။ ကြက်ကြော်ရောင်းတဲ့ ဦးမာမွတ်နှင့် အပေါင်ဆိုင်က အရှောင်ကတော့ ဒီမိုကရေစီရရင် နိုင်ငံသား အခွင့်အရေး၊ လူ့အခွင့်အရေး ရတော့မယ်ဆိုပြီး ပျော်နေတာ တွေ့ရသည်။သူတို့ ဘယ်နိုင်ငံသား ဆိုတာတော့ သူတို့ကိုယ်တိုင်မှ သိပေလိမ့်မည်။ ထိုအတူပါပဲ နှစ်လုံးရောင်းတဲ့ ဒေါ်ပွကလည်း ပျော်နေတာ တွေ့ရသည်။ ဒီမိုကရေစီရရင် ရဲကို လိုင်းကြေးမပေးရတော့ဘူးဆိုပြီး ကလို့တောင် နေချေသေးသည်။ လမ်းထိပ်က ကိုပေါက်တော့ ဒီမိုကရေစီဆိုတာ ကိုယ်ကြိုက်တာ ကိုယ်လုပ်လို့ရတယ် ဆိုပြီး မိန်းမဈေးဖိုးတွေ အကုန်ယူကာ အရက်သောက်ပစ်လို့ လောလောလတ်လတ် နဖူးကွဲသွားတာ တွေ့ရသည်။ ဒေါ်ရွှေမွန် အံ့သြနေမိသည်။ သူတို့ပြောသော ဒီမိုကရေစီဆိုတာ တစ်ယောက်တစ်မျိုးစီ ဖြစ်နေခြင်းကြောင့်ပင်။

အခုတော့ လူတွေက သူတို့ဖြစ်ချင်တာတွေက ဒီမိုကရေစီ ဖြစ်နေကြသည်။ ဘယ်ဟာကို အတည်ယူရမှန်းမသိ။ အပြင်တင်မဟုတ် ဖေ့ခ်ဘွတ်စ်ဆိုသော စာအုပ်မျက်နှာကြီးပေါ်မှာလည်း လူတွေ ထိုဒီမိုကရေစီအရေးနှင့် ပတ်သက်လို့ အငြင်းပွားနေကြတာ ဇူကာဘတ်တောင် စိတ်ညစ်နေရော့မည်။ ရွေးကောက်ပွဲ မဲဆွယ်ကြသည့် ပါတီတွေပဲ ကြည့်ပါလေ။ ဒီမိုကရေစီ နည်းလမ်းနှင့်အညီ ဆိုပြီး အသံချဲ့စက်တွေ အပြိုင်အဆိုင် ဖွင့်ကြ၊ အလှပြယာဉ်တွေ လှည့်ကြနဲ့ ဒီမိုကရေစီကို ပါးစပ်ကမချ မဲဆွယ်ကြသည်။ ဖေ့ခ်ဘွတ်စ်တစ်ခွင် ပြဲပြဲစင်အောင်လည်း ဆွယ်ကြလေသည်။ အပြန်အလှန် ဆွယ်ကြရင်း၊ ဆဲကြရင်း၊ ဆိုကြရင်းနှင့် လူမနိုင်တော့ အကောင့်တွေကို ရီပို့ထုကြပြီး ဒီမိုကရေစီကို ပြည့်ပြည့်ဝဝ အသုံးချကြသည်။

ထိုသို့ဖြစ်နေတာကို မကြည်သူ အချို့ကလည်း နှစ်ဖက်လုံးကို ကြားမှနေကာ ကလော်ကြသည်၊ သရော်ကြသည်။ ဒီတော့ နှစ်ဖက်လုံးက ဒီမိုကရေစီသမားတို့က ကြားမှနေကာ သရော်နေသူတို့ဘက် လှည့်လာကြသည်။ ကြားနေဘုပြော၊ ဓမ္မနဲ့အဓမ္မမှာ ဘယ်ဘက်မှ မရပ်ရဲသည့် ဦးနှောက်မရှိသူတွေ၊ အမှောင်ခေတ်မှာ ကြားနေသူတွေဟာ တစ်ဖက်လှည့်နဲ့ အာဏာရှင်ကို ထောက်ခံသူ၊ အချို့ကလည်း သာရာကူးမည့် သာကူးတွေဟု စွပ်စွဲကြသည်။ တချို့ကလည်း ကြားနေတွေကို ကျိတ်လက်ခုပ်တီးသည်။ သူတို့ အဆဲခံရ သက်သာသည်ဟု မှတ်ကြသည်။

ဤသို့ဖြင့် ကြားနေသူတို့သည် ဘောမဘွဲ့ ထဘီခြုံဘွဲ့ စသည်ဖြင့် တံဆိပ်ပေါင်းစုံ ဆက်ကပ်ခံရရှာသည်။ ထိုသို့ဖြင့် အပြောင်းအလဲကာလမှာ သွေးဆူနေသော လူအုပ်သည် မည်းမည်းမြင် ရီပို့ထုကြသဖြင့် အချို့သရော်စာ ရေးသူတွေရဲ့ အကောင့်များမှာ ဒီမိုကရေစီ မရရှာကြတော့။ စာရေးဆရာများ၏ လူမှုကွန်ရက်အကောင့်များ နေ့မြင်ညပျောက် ဘဝသို့ ရောက်ကြရသည်။ ဖေ့ခ်ဘွတ်စ်သုံးရင်း စဉ်းစားရင်းနဲ့ ဒေါ်ရွှေမွန်တစ်ယောက် နည်းနည်းမှ နားမလည်တော့။ ဒီမိုကရေစီဟု အော်ကြသည်။ အစိုးရကို ဆဲကြသည်။ အတိုက်အခံကိုဆဲကြသည်။ ဟော အခု အတိုက်အခံ အာဏာရသွားတော့လည်း ငါနဲ့မတူ ငါ့ရန်သူဆိုပြီး တွေ့တဲ့သူကို ဒီမိုကရေစီကွဆိုပြီး ဆဲနေကြတုန်းပင်။ သပြီး ပြောင်ပြောင်းတင်းတင်းပင် အတင်းအဖျင်းတွေ ရေးကြသည်။

မီဒီယာအချို့ဆို ဒီမိုကရေစီ အသီးအပွင့်ကြောင့် လူတိုင်း ကြက်သားစားနိုင်သွားပြီဟု ရေးကြသည်။ ထိုနေ့က ဈေးထဲက ဝက်ဒိုင်ပိတ်တာကို သူတို့မသိကြ။ သို့နှင့် ဒီမိုကရေစီဆိုပြီး ဈေးထဲက ငါးစိမ်းသည်တွေလို ထများ နပန်းလုံးကြလေမည်လား မဆိုတတ်။ ကြာတော့ မရွှေမွန်တစ်ယောက် ထိုဒီမိုကရေစီ ဆိုတာကြီးကို ဘယ်လို အဓိပ္ပာယ်ဖော်ရမှန်းကို မသိလေတော့။ အတိုက်အခံတို့ကလည်း အစိုးရ လုပ်တာဟာ ဒီမိုကရေစီနည်းလမ်း မကျဟု ပြောကြသည်။ ထိုအတူပါပဲ၊ အစိုးရကလည်း အတိုက်အခံတို့ လုပ်တာသည် ဒီမိုကရေစီမှ သွေဖည်သည်ဟု ဆိုကြသည်။ တကယ်တော့ သူတို့ အကုန်လုံးက သူတို့လုပ်ချင်တာ၊ သူတို့ဖြစ်ချင်တာတွေကို ဒီမိုကရေစီဟု နာမည်တပ်ကြတာချင်းကတော့ အတူတူပင်ဖြစ်သည်။ တကယ်တော့ သူတို့ဒီမိုကရေစီကြီးက ငါ့မြင်း ငါ့စိုင်း စစ်ကိုင်းရောက်ရောက် ဆိုသလို ကိုယ်ဖြစ်ချင်တာက ကိုယ့်ဒီမိုကရေစီ ဖြစ်နေချေပေတော့သည်။

မြတ်လေးမွန် (သံချောင်းပါတီ)
The Voice Weekly

0 comments:

Post a Comment