Tuesday, November 3, 2015

ခါးတိုလေးနဲ့မှ လှတယ်ထင်

မယ်စကြဝဠာပြိုင်ပွဲဝင်များ၏ ပွဲထွက်ဝတ်စုံများ (ဓာတ်ပုံ-နစ်ကီ)

ယနေ့ခေတ် မိန်းကလေးငယ်များ အကြားတွင် မည်သည့်ဖက်ရှင် ခေတ်စားနေပါသလဲဟုမေးလျှင် ခါးတိုတို ချုပ်လုပ်ဝတ်ဆင်ထားသော ခါးတိုဖက်ရှင်များဟု ဖြေကြပေလိမ့်မည်။
Crop Top ဖက်ရှင်ဟု ခေါ်ကြသည့် ခါးတိုဖက်ရှင်ဆိုရာတွင် ယင်းဖက်ရှင်သည် နိုင်ငံတကာမှ ဆင်းသက်လာသည့် ဖက်ရှင်တစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင်သာမက အိမ်နီးချင်းနိုင်ငံများရှိ အမျိုးသမီးငယ်များယနေ့အချိန်တွင် ခါးတိုတိုဖြင့် စမတ်ကျကျ ဝတ်ဆင်လျက်ရှိသည့် ခါးတိုအင်္ကျီငယ်လေးများပင်ဖြစ်သည်။ဖက်ရှင်ရေစီးတွင် လတ်တ လောခေတ်စားလျက်ရှိသောCrop Top ဖက်ရှင်အမျိုးအစားကို ကြိုက်နှစ်သက်သူ များပြားလာခြင်းကြောင့် ကိုယ်တိုင်ဒီဇိုင်းဖော် ဝတ်ဆင်သူများပြားလာကာ ပြည်တွင်းရှိ ဒီဇိုင်နာအချို့ကလည်း
၎င်းဖက်ရှင်နှင့် သဏ္ဌာန်တူ အဝတ်အစားများကို ဖန်တီးချုပ်လုပ်လာကြသည်။

အနီးစပ်ဆုံး ဖော်ဆောင်ကြည့်လျှင် မကြာမီက ပြုလုပ်ခဲ့သည့် မယ်စကြဝဠာပြိုင်ပွဲ၌ ပြိုင်ပွဲဝင်အလှမယ်လေးများ ဝတ်ဆင်ခဲ့သည့် အမျိုးသားဝတ်စုံပြသမှုတွင် ဒီဇိုင်နာငြိမ်းကို ဖန်တီးပေးခဲ့သည့် ဝတ်စုံများမှာ Crop Top ဖက်ရှင်ကို မှီငြမ်း တီထွင်ထားခြင်းဖြစ်ကြောင်း တွေ့ရသည်။

ထိုကဲ့သို့ပင် ပွဲလမ်းသဘင်များ၌ မြန်မာအမျိုးသမီးငယ်များ ဝတ်ဆင်သော ဝတ်စုံအများစုကိုလည်း ခါးတိုဖက်ရှင်နှင့်ရောထွေးဖန်တီးချုပ်လုပ်ထားကြသည်။ သို့သော် မြန်မာ့ယဉ်ကျေးမှု နှင့်သက်ဆိုင်သည့် ရိုးရာသဘင်ပွဲလမ်း ဆိုင်ရာများနှင့် မြန်မာ့ယဉ်ကျေးမှုကို ပြသရမည့် ပွဲများတွင်တော့ မြန်မာ့ရိုးရာ အစစ်ကိုသာ ဝတ်ဆင်စေလိုကြောင်း Miss Uni-verse ပြိုင်ပွဲတွင်
ဝတ်ဆင်ခဲ့ကြသော အလှမယ်များ၏ အဝတ်အစားများနှင့် ပတ်သက်၍ ဒီဇိုင်နာများ၊ မော်ဒယ်များနှင့် ပရိသတ်များအကြား အငြင်းပွားမှုတစ်ခု ဖြစ်ခဲ့သည်။

‘‘ဒီအဝတ်တွေက ရိုးရာဝတ်စုံ မဟုတ်ပါဘူး။ ပြိုင်ပွဲရဲ့အဖွင့်မှာ ကရမယ့်သီချင်းနဲ့ ကရမယ့်ပုံစံက လက်တွေဘာတွေ မြှောက်ရမယ်ဆိုတော့ လှုပ်လှုပ်ရှားရှား ဖြစ်တယ်။ သီချင်းနဲ့အလိုက်လည်း ပျော်စရာဖြစ်အောင် အခုခေတ်စားနေတဲ့ Crop Top ပုံစံလေးကို ယူပြီးချုပ်လိုက်တာ’’ဟု အဆိုပါ ဒီဇိုင်း တီထွင်ခဲ့သည့် ဒီဇိုင်နာငြိမ်းကိုက ရှင်းပြသည်။

အဆိုပါ အဝတ်အစားဒီဇိုင်း နှင့်ပတ်သက်၍ တီထွင်ဖန်တီးထားမှု အပေါ်တွင် ရိုးရာဝတ်စုံအချို့နှင့် တူညီဟန်ရှိနေသည်ကို လူမှုကွန်ရက်သုံးစွဲသူအချို့ကလည်း ဝေဖန်ခဲ့ကြသည်။ ဖက်ရှင်တစ်ခုကို ဒီဇိုင်နာများ
လွတ်လပ်စွာ ဖန်တီးရယူနိုင်သော်လည်း ပြည်ထောင်စုဖွား တိုင်းရင်းသားများ အမြတ်တနိုးထားသည့် ရိုးရာများကို ပုံမှန်ထက်ပိုပြီး တီထွင်ဆန်းသစ်ရန် မသင့်လျော်ကြောင်း နန်းခင်ဇေယျာက ၎င်း၏အမြင်ကို
ပြောသည်။

‘‘ရိုးရာယဉ်ကျေးမှုကို တိမ်ကောသွားအောင် မလုပ်သင့်ဘူး။ ထွင်ချင်ရင် လူကြီးတွေနဲ့ တိုင်ပင်ရမယ်။ အခုနောက်ပိုင်းမှာ ဒီဇိုင်နာတွေ ဖန်တီးမှုအသစ်တွေထွင်တာ အရမ်းတော်ပါတယ်။ ဒါပေမဲ့ ရိုးရာကိုတော့
သေသေသပ်သပ်နဲ့၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ထွင်ကြပါလို့ပဲ ပြောချင်ပါတယ်’’

အဆိုပါ Crop Top ခါးတိုဖက်ရှင် ဝတ်စုံဒီဇိုင်းနှင့် ပတ်သက်၍လည်း လူမှုကွန်ရက်တွင် လူသိပိုများခဲ့သည့် အကြောင်းရင်းမှာ ဖန်တီးခဲ့သည့် ဒီဇိုင်နာငြိမ်းကိုကပင် ပြိုင်ပွဲမဝင်မီ တစ်ရက်တွင် အလှမယ်များ
အစမ်းဝတ်ကြည့်စဉ် အကြမ်းချုပ် လုပ်ပေးထားသည့် ဝတ်စုံနှင့်ဓာတ်ပုံကို ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ တင်မိခဲ့ခြင်းကြောင့်ဟုဆိုသည်။

မယ်စကြဝဠာပြိုင်ပွဲဝင် အလှမယ်များ ဝတ်ဆင်ခဲ့သည့် ယင်းဒီဇိုင်းမှာ ပြိုင်ပွဲတွင် ဖျော်ဖြေသည့် အဝတ်အစား ဒီဇိုင်းတစ်ခုဖြစ်ပြီး ခေတ်ရေစီးကြောင်းနှင့်အညီ ယနေ့ ခေတ်စားနေသော ဖက်ရှင်ပုံစံကို တီထွင်ဖန်တီး ချုပ်လုပ်နိုင်သည့်အတွက် ဖန်တီးသူကို အသိအမှတ်ပြုမိကြောင်း မယ်စကြဝဠာဆုရှင် သျှားထွဋ်အိန္ဒြာက ယခုကဲ့သို့ ပြောသည်။

‘‘ဒီဖက်ရှင်က ပါဖောမန့်ပြဖို့ ပုံစံသက်သက်ဖြစ်တဲ့အတွက် အပြစ်မယူစေချင်ဘူး။ အခုက Crop Top တွေ ခေတ်စားနေတာဆိုတော့ ကျောင်းတက်နေတဲ့သူတွေတောင် Original Crop Top တွေနဲ့ တွေ့နေရတယ်လေ’’ဟု
၎င်းက ပြောသည်။

ယင်းဒီဇိုင်းနှင့် ပတ်သက်၍လည်း ဒီဇိုင်နာက မယ်စကြဝဠာ ပြိုင်ပွဲသက်သက်အတွက် ဆန်းပြားစွာ ဖန်တီးချုပ်လုပ်ခြင်းဖြစ်နိုင်ကာ အခြားနိုင်ငံများသို့ သွားရောက်ရမည့် ပွဲများ၌ အခြားရိုးရာများကို မှီငြမ်း
ချုပ်လုပ်သည်ထက် မိမိရိုးရာမပျက် ချုပ်လုပ်ခြင်းသာလျှင် ကောင်းမွန်သည်ဟု မြင်မိကြောင်း ဒီဇိုင်နာဂျိုကာက ပြောသည်။

ခါးတိုဖက်ရှင်အင်္ကျီများကို ရွေးချယ်ကြည့်ရှုနေသည့် အမျိုးသမီးငယ်တစ်ဦး (ဓာတ်ပုံ-နစ်ကီ)

လက်ရှိတွင် ခေတ်ရေစီးကြောင်းအရ ဆယ်ကျော်သက် မိန်းကလေးများအတွက် ခေတ်စားလာသည့် နိုင်ငံတကာမှ ဝင်ရောက်လာသော Crop Top ဖက်ရှင်ခါးတိုအင်္ကျီလေးများသည် အလုပ်သွား၊ ကျောင်းတက်ရာတွင်
အများစု ဝတ်ဆင်နေကြသော ဒီဇိုင်းဖြစ်ပြီး ကိုယ်တိုင်လည်း ကြိုက်နှစ်သက်၍ ဝတ်ဆင်လျက်ရှိကြောင်း ဒုတိယနှစ်တက္ကသိုလ် ကျောင်းသူ မခင်ဇာခြည်လင်းက ပြောသည်။

‘‘အခုဆိုရင် ကျောင်းတွေမှာ ကျောင်းသူတိုင်းလိုလိုက မြန်မာ့အင်္ကျီအစစ်ကို ဝတ်တဲ့သူက ရှားသလောက်ဖြစ်နေပြီ။ ကျောင်းသူတွေ ဝတ်လာကြတာကတော့ ထဘီနဲ့ အခုခေတ်စားနေတဲ့ အင်္ကျီတွေကို တွဲဝတ်
နေကြတာပါပဲ။ တက္ကသိုလ် တက်နေကြတာဆိုတော့ အားလုံးက ခေတ်မီချင်ကြတယ်လေ။ ဒီတော့ မိန်းကလေးအများစုက Crop Top လေးနဲ့ တွဲဝတ်ကြတာပေါ့’’ဟု ၎င်းကပြောသည်။

ယနေ့ခေတ်၌ ခေတ်ပေါ်၊ ခေတ်လွန်အဝတ်အစားများ ရေပန်းစားနေသော်လည်း မြန်မာဝတ်စုံဒီဇိုင်းများ တီထွင်ရာတွင် မြန်မာ့ယဉ်ကျေးမှုကို ပြသည့်ဖန်တီးမှုများကို အသားပေး ဖန်တီးစေလိုပြီး ဒီဇိုင်နာစိတ်ကြိုက်
ဖန်တီးရမည့် အဝတ်အစားများကိုသာ တီထွင်စေလိုကြောင်း၊ ခေတ်နှင့်အညီ အဝတ်အစားဒီဇိုင်းများ ဖန်တီးကြမည့် ဒီဇိုင်နာများအား ဒီဇိုင်နာမျိုးမင်းစိုးက အကြံပြုသည်။

ထို့အတူပင် ပြိုင်ပွဲအချို့၌ စင်ပေါ်တက်ဖျော်ဖြေရာတွင် ဒီဇိုင်နာ စိတ်ကြိုက်ဖန်တီးထားသည့် ဝတ်စုံကို ဝတ်ဆင်နိုင်သော်လည်း မြန်မာဝတ်စုံဟု နာမည်မတပ်စေလိုကြောင်း အသက်(၂၂)နှစ်အရွယ် မသင်းအိဇင်က
ပြောသည်။

‘‘ဒီလိုဝတ်စုံတွေက ဒီဇိုင်နာတွေ ထွင်ထားတဲ့ အနောက်တိုင်းဆန်ဆန် ဝတ်စုံတစ်ခုလို့ပဲ မြင်တယ်။ ဖေ့စ်ဘွတ်ခ်မှာ ရေးထားကြတဲ့ Miss လေးတွေအတွက် မြန်မာဝတ်စုံ ဒီဇိုင်းလေးတွေ ဆိုတာကိုတော့
ကန့်ကွက်တယ်။ မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ နောင်တစ်ချိန် မြန်မာဝတ်စုံတွေ ယဉ်ကျေးမှုနဲ့ မကိုက်ညီတော့တာမျိုးတော့ မဖြစ်စေချင်ဘူး။ ပြောရရင်တော့ အခုဟာက မြန်မာဝတ်စုံ မဟုတ်ပါဘူး။
ဒီဇိုင်နာတွေ တီထွင်ဆန်းသစ်ထားတာလို့ပဲ မြင်တယ်’’ ဟု ၎င်းက ပြောသည်။

လက်ရှိတွင် Crop Top ဖက် ရှင်အင်္ကျီများကို နေရာစုံ၌ ဝယ်ယူ ရရှိလာနိုင်ပြီဖြစ်ပြီး ယနေ့ခေတ် မိန်းကလေးအများစုအတွက် ဈေးဝယ်ရန် နေရာသစ်တစ်ခုဖြစ်လာသည့် အွန်လိုင်းဈေးဝယ်နေရာများ၌လည်း အဆိုပါ
Crop Top အင်္ကျီများကို နေရာယူရောင်းချနေရသည်ကို တွေ့ရသည်။

‘‘အများစုကတော့ ထိုင်းကနေလာတယ်။ ဈေးနှုန်းကလည်း သက်သာပြီး အင်္ကျီလေးတွေကလည်း ချစ်စရာကောင်းတဲ့ဒီဇိုင်းမျိုးလေးတွေ ဖြစ်နေလို့ အရမ်းရောင်းရတယ်။ အရင်က Sexy ဖြစ်တဲ့ အင်္ကျီတွေ
ရောင်းခဲ့ရပေမယ့် အခုနောက်ပိုင်းမှာကျတော့ ချစ်စရာကောင်းတဲ့ ဒီဇိုင်းတွေ ပိုအရောင်းသွက်လာတယ်’’ဟု အွန် လိုင်းရှော့ပင်းပြုလုပ်သူ မရည်မွန်သူက ပြောသည်။

အဆိုပါ Crop Top အင်္ကျီ ဒီဇိုင်းတစ်ထည်လျှင် အနည်းဆုံး ကျပ် ၇,၅၀၀ မှ အများဆုံးကျပ် ၄၀,၀၀၀ ခန့်အထိ ရန်ကုန်မြို့တွင်းရှိ အမျိုးသမီးဝတ် ဖက်ရှင်ဆိုင်အများစုတွင် ရောင်းချလျက်ရှိသည်။

7Day Daily

0 comments:

Post a Comment