Thursday, November 12, 2015

ဒီတစ်ပတ်ကြည့်ရမယ့် ဘောလိဝုဒ်ရုပ်ရှင် - Prem Ratan Dhan Payo


- ဒီတစ်ပတ်တော့ အနောက်တိုင်း ဇာတ်ကားတွေချည်းပဲ ကြည့်နေရလို့ အပြောင်းအလဲလေးဖြစ်အောင်လို့ ဘောလိဝုဒ်ဇာတ်ကားလေးအကြောင်း ဖော်ပြပေးလိုက်ပါတယ်။ နိုဝင်ဘာ ၁၁ ရက်က ထွက်ရှိခဲ့တဲ့ အချစ်ဒရာမာ ဇာတ်ကားလေးမှာ ဘောလိဝုဒ်စတားတွေဖြစ်တဲ့ ဆယ်လ်မန်ခမ်းနဲ့ ဆိုနမ်ကပူးရ်တို့က အဓိကသရုပ်ဆောင်နေရာက ပါဝင်ထားကြတာပါ။ဒီရုပ်ရှင်ကားနဲ့ပတ်သက်ပြီး ရုပ်ရှင်ဝေဖန်ရေးသမားတွေက ကောင်းတဲ့ မှတ်ချက်တွေ ပေးထားကြပြီး ကြည့်သင့်တဲ့ ရုပ်ရှင်ကားတစ်ကားလို့ ဆိုထားကြပါတယ်။ ဆယ်လ်မန်ခမ်းဟာ ဇာတ်ကောင်စရိုက်နှစ်မျိုးနဲ့ သရုပ်ဆောင်ထားတာဖြစ်ပြီး ကြီးကျယ်ခမ်းနား မြင့်မြတ်လှတဲ့ ဘုရင် ဇာတ်ရုပ်ရယ်၊ သာမန်ပြည်သူတစ်ယောက်ရဲ့ ဇာတ်ရုပ်ရယ် မြင်တွေ့ရမှာပါ။ ယုံကြည်ချက်ကို အလေး ထားတဲ့ ဘုရင်တစ်ယောက်ဖြစ်တဲ့ ပရမ်းဟာ သာမန်ပြည်သူ တစ် ယောက်လို ဘ၀ဖြတ်သန်းချင်နေ သူဖြစ်ပြီး သူ့ရဲ့ မွေးစားညီအစ်ကို ဖြစ်သူ နီရန်ဂျန်ဟာ ပရမ်းဆီက နေထီးနန်းလုယူပြီး နန်းတက်ချင်နေခဲ့ပါတယ်။ တိုင်းပြည်ကို စွန့်လွှတ်ပြီး အေးဆေးတဲ့ ဘ၀ပြောင်းလဲဖို့ ဆုံးဖြတ်ပြီးတဲ့ ဘုရင်ပရမ်းဟာ တစ်ရက်မှာတော့ မမျှော်လင့်ဘဲ သူနဲ့ ရုပ်ချင်းချွတ်စွပ်တူတဲ့ အဖေတူ အမေကွဲ အစ်ကိုတော်သူ သာမန်ပြည်သူတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။

အများလေးစားချစ်ခင်တဲ့ ပရမ်းဟာ ရုပ်ချင်းဆင်ပေမယ့်သူနဲ့ လုံးဝဆန့်ကျင်ဘက်ပုံစံဖြစ်တဲ့ ဗီဂျေးနဲ့ တွေ့ပြီးတဲ့နောက် သူတို့ရဲ့ လက်ရှိဘ၀တွေကို ခေတ္တပြောင်းပြီး ထီးနန်းကိုလွှဲပြောင်းပေးဖို့ လုပ်ခဲ့ပါတော့တယ်။

မင်းသမီးဆိုနမ်ကပူးရ်ကို တော်ဝင်မင်းသမီးမိုင်သီလီအဖြစ် တွေ့ရမှာပါ။ နေရာအပြောင်းအလဲတွေလုပ်ပြီးနောက် ရုပ်ချင်းဆင်တဲ့ညီအစ်ကိုတွေ ဘ၀ အခြေအနေ အပြောင်းအလဲမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆယ်လ်မန်ခမ်းရဲ့ ကွဲပြားတဲ့ သရုပ်ဆောင်မှုတွေနဲ့အတူ ဆက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

အိန္ဒိယဇာတ်လမ်းတွေရဲ့ သဘာဝအတိုင်း သီချင်းတွေ၊ အကတွေကို မြိုင်မြိုင်ဆိုင်ဆိုင်တွေ့ရမှာဖြစ်ပြီး လူအင်အား ဘယ်လောက်တောင် သုံးထားသလဲဆိုတာ ဇာတ်ကားကြည့်ရင်း အံ့သြမိဦးမှာပါ။ အဆင့်မြင့်တဲ့ ရိုက်ကူးတင်ဆက်ပုံတွေကြောင့် ငြီးငွေ့ချိန်တောင်မရှိဘဲ ကြည့်ရမယ့် ဇာတ်ကားလေးပါလို့ ညွှန်းပေးလိုက်ပါတယ်။ ။

7Day Daily

0 comments:

Post a Comment