Friday, November 13, 2015

ပြောလည်း ပြောချင်တယ်၊ ပြောလည်း မပြောရဲဘူး ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြေး


ကြေးမုံသတင်းစာတွင် လူမှုဘဝသရုပ်ဖော်ရသစာပေများကို အလျဉ်းသင့်သလို့ ဖော်ပြပေးလျက်ရှိပါသည်။ ထို့သို့ ဖော်ပြပေးရာတွင် စာဖတ်ပရိသတ်၏ နှလုံးသားတွင် စွဲထင်ကျန်ရစ်စေမည့် လူမှုဘဝဖြစ်ပျက်ပုံများကို ရသ ပေါ်လွင်အောင်ရေးသားကြသည့် ထင်ရှားသော စာရေးဆရာများအား ရွေးထုတ်ဖော်ပြပေးလျက်ရှိပါသည်။ ယခု အပတ်စဉ် စနေနေ့တိုင်းတွင် ''ပြောလည်း ပြောချင်တယ်၊ ပြောလည်းမပြောရဲဘူး'' ကဏ္ဍသစ်ကို ဖွင့်လှစ်၍ စာဖတ် ပရိသတ်အား အသိပညာမျှဝေပေးထားပါသည်။ ထိုကဏ္ဍတွင် စာရေးဆရာ ဆူဒိုနင်၏ လူမှုဘဝအထွေထွေအပေါ် ရှုမြင်ချက်များကို ကြေးမုံသတင်းစာဖတ်ပရိသတ်များ ပွင့်လင်းမြင်သာစွာ ဖတ်ရှုနိုင်ရန်အတွက် အပတ်စဉ်ဖော်ပြပေးခြင်းဖြစ်ပါသည်။ (စာတည်း)အခါးတွေ များလာတဲ့ စကားနယ်

နှုတ်ချို လျှိုတစ်ပါးဆိုတာ မြန်မာဆိုရိုးစကားပါ။ ချိုချိုသာသာပြောရင် လေယာဉ်ပျံတောင် အလကားစီးရသတဲ့ဆိုတဲ့ အတိဿယဝုတ္တိအလင်္ကာအတိုင်း ပါပဲ။ ချိုချိုသာသာပြောခြင်းဟာ အင်မတန် မင်္ဂလာရှိတဲ့ အလုပ်၊ ဘုရားကြိုက် တဲ့ အလုပ်လို့ပဲ ဆိုလိုက်ချင်ပါတယ်။

ခက်တာက အခုခေတ်မှာ နှုတ်ချိုသူတွေ နည်းလာသလိုပဲ။ ပြောလိုက်ရင် ကြမ်းကြမ်းတမ်းတမ်းတွေချည်းပဲ အကြားရများလာတဲ့အခါ နားဝမှာ ခါးလွန်း မက ခါးလာလို့ သည်တစ်ပတ်တော့ သည်အကြောင်းကို မရဲတရဲပြောမယ်လို့ စိတ်ကူးလိုက်မိရပြန်ပါတယ်။

အမိယုတ်တော့ နှုတ်ကြမ်း

တချို့ကတော့ မိဘနဲ့ ဘာမှ မဆိုင်ဘူးလို့ ပြောကောင်း ပြောကြပါလိမ့်မယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကြောင့် လူ့အပြုအမူတွေ ပြောင်းတတ်တဲ့ သဘောကိုတော့ လူ့အပြုအမူကို သိပ္ပံနည်းကျလေ့လာတဲ့ စိတ်ပညာဘာသာရပ် က လက်ခံထားတာလည်း အမှန်ဖြစ်သလို ဘုရားဟော ကျေးညီနောင် ပုံပြင်က လည်း သတ္တဝါတို့ရဲ့ အမူအကျင့်အပေါ် ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုသဘောကို ပီပီပြင်ပြင် ရည်ညွှန်းထားပါတယ်။

ဆိုရိုးစကားတွေဆိုတာလည်း ယေဘုယျတွေကို ဆိုလိုရာ ရောက်တာမို့ အမိယုတ်တော့ နှုတ်ကြမ်း၊ အဘယုတ်တော့ ကိုယ်အမူအရာကြမ်းဆိုတဲ့ စကားဟာလည်းပဲ အများနဲ့သက်ဆိုင်ပါလိမ့်မယ်။ ခြွင်းချက်တွေ ရှာဖွေကြံဖန် ကတ်သတ်ပြီး ထောက်ကြစတမ်းဆိုရင်တော့ ဘယ်သူမဆို ထောက်နိုင်မှာပေါ့ ဗျာ။ ဒါပေမယ့် အဲလိုထောက်တာနဲ့ မိမိတို့ ပတ်ဝန်းကျင်ကို ချေငံလာအောင် ဝိုင်းဝန်းကြိုးစားတာနဲ့ ဘယ်ဟာက ပိုပြီး မင်္ဂလာရှိမလဲဆိုတာတော့ ကျွန်တော် ပြောစရာတောင် လိုမယ်မထင်ပါဘူး။ စာဖတ်သူလူကြီးမင်းများမှာ ကိုယ်ပိုင် ဆင်ခြင်Óဏ် အသကအသကနဲ့သာမို့ မိမိတို့ဘာသာ ဆင်ခြင်တော်မူနိုင်ကြ မှာလည်း မလွဲပါဘူး။

သွန်သင်မှုမဲ့ခဲ့တာ နှစ်ပေါင်းရယ်ကြာ

ပြောရတာတော့ သိပ်မကောင်းပါဘူး။ ကျွန်တော်တို့ လူထုမှာ စားဝတ် နေရေးအတွက်ကို မဲတင်းနေရတာ နှစ်တွေ မနည်းတော့ပါဘူး။ လူတိုင်းမှာ ဖိစီးမှုအပြည့်နဲ့ပါ။ စားဝတ်နေရေး အပြင်၊ မီးမလာ၊ ရေမလာမှာ ပူရ၊ လိုင်းကား ကြပ်မှာပူရ၊ ဧည့်စာရင်းအကြောင်းပြနဲ့ ညကြီး အချိန်မတော် အိမ်ပေါက်ဝ ရောက်ချလာမယ့် လူတွေကို ပူရ၊ အထက်လူကြီးအိမ်ကမိန်းမနဲ့ အဆင်မပြေ ဖြစ်လာမှာပူရနဲ့ ကျွန်တော်တို့ လူဦးရေရဲ့ ၉၉ ရာခိုင်နှုန်းဟာ အပူတောထဲမှာ နစ်မျောနေခဲ့တာပဲ နှစ်ပေါင်း ၅ဝ ကျော်ခဲ့ပါပြီ။

အဲတော့လည်း မိဘအတော်များများဟာ ကိုယ့်အပူနဲ့ကိုယ် လုံးချာလိုက် နေရင်း သားသမီးတွေကို သွန်သင်ဖို့ အထိုက်အလျောက် ပျက်ကွက်နေကြပါ တော့တယ်။ လက်ဦးဆရာ မိဘတွေတင် အဲသလို အပူအပင်တွေနဲ့ ဖိစီးနေတာ မဟုတ်ဘူး၊ ကျောင်းက ဆရာ၊ ဆရာမတွေခမျာများမှာလည်း အပူပေါင်း သောင်းခြောက်ထောင်နဲ့ဖြစ်တဲ့ အပြင် ကျောင်းသင်ခန်းစာတွေမှာလည်း အပြုအမူနဲ့ ပတ်သက်တာ နကန်းတစ်လုံး မပါလေတော့ကာ တစ်ချိန်က အင်မတန်ယဉ်ကျေး ပါတယ်ဆိုတဲ့ ရွှေမြန်မာတွေသည်ခေတ်မှာ တရားလွန် နှုတ်ကြမ်းကုန်ကြတာ အဆိုးမဆိုးသာပြန်ပါဘူး။

ပျက်အစဉ် ပြင်ခဏဆိုတဲ့ စကားအားကိုးလေးနဲ့ သည်စာကို ကျွန်တော် ရေးကြည့်ပါတယ်။ (တကယ်တော့ အားက သေလုအောင်ကို ပျက်နေပါပြီ။)

ကိုယ်ကြိုက်တာ ကိုယ်လုပ်

အဓိကကတော့ ကိုယ်ချင်းစာစိတ် အားနည်းနေကြတယ်လို့ပဲ ယူဆမိပါ တယ်။ ကိုယ့်ကို ကြမ်းကြမ်းတမ်းတမ်းပြောရင် ကိုယ်ကြိုက်မလား၊ ဆဲဆို အော်ဟစ်ပြီး ပြောဆိုတာကို ကြိုက်ပါတယ်ဆိုတဲ့လူ သည်ဇမ္ဗူမှာ မရှိလောက် ဘူး ထင်ပါတယ်ခင်ဗျာ။ ကန့်လန့်တိုက်ပြီး ကျုပ်ကတော့အဲလိုပြောမှ ကြိုက်တာ ပါဆိုတဲ့သူတော့ ရှိနိုင်တာကိုလည်း မမေ့ပါဘူး။ သို့သော် အဲလိုလူလည်း သူမထင်တဲ့အချိန်မှာ အဲသလို သွားပြောရင် ထမထိုးတောင် မျက်ထောင့်တော့ နီသွားမှာလည်း မလွဲပါဘူး။

ကိုယ်ကြိုက်တာ ကိုယ်လုပ်ဆိုတဲ့ စကားလေးက အင်မတန်တာသွားပါ တယ်။ ကိုယ့်ကို ချိုချိုသာသာ ချေချေငံငံ ပြောတာ ကြိုက်လို့ရှိရင် ကိုယ်လည်း တခြားသူတွေအပေါ်မှာ ချေချေငံငံ ဖွယ်ဖွယ်ရာရာ ပြောဆိုသင့်ပါတယ်။

ထိုင်းကိုပဲ နမူနာ ပြပါဦးမယ်။ ထိုင်းတွေ အော်ကြီးဟစ်ကျယ်ပြောတာ အင်မတန် တွေ့ရခဲပါတယ်။ သူတို့ကို အော်ရင်လည်း မကြိုက်ပါဘူး။ အော်တာ ဝေးစွ၊ ထိုင်းမှာနေတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆို လွန်ခဲ့တဲ့နှစ်ပေါင်း ၂ဝ ကျော်က လမ်းကျဉ်းလေးထဲမှာ ပိတ်ရပ်ထားတဲ့ ကားကို စိတ်မရှည်လို့ ဟွန်းတီးမိတဲ့အတွက် သေနတ်နဲ့ လှမ်းပစ်တာတောင် ခံခဲ့ရဖူးပါတယ်။ အတင်း မောင်းပြေးတာမြန်လို့ လူကိုမထိခိုက်ပေမယ့် ကားမှန်ကွဲတဲ့အထိ ပျက်စီးသွားခဲ့ တာပါ။

ကျွန်တော် ကိုယ်တွေ့ကြုံခဲ့တာကတော့ တစ်နှစ်က သင်္ကြန်မှာပါ။ ည ၁၂ နာရီလောက် အငှားယာဉ်တစ်စီးနဲ့ ပြန်အလာ၊ လမ်းတစ်နေရာမှာ နည်းနည်းမူးနေပုံရတဲ့ လူငယ်လေးနှစ်ဦး လမ်းကူးမယ်လုပ်တာမြင်တော့ ကားဆရာက မျဉ်းကြားမဟုတ်သည့်တိုင် ကားကိုရပ်ပေးလိုက်ပါတယ်။ လူငယ် လေးတွေဟာ ကားဆရာကို လက်အုပ်ချီ၊ ဦးညွတ်ရင်းက လမ်းကူးသွားကြတာကို မြင်လိုက်တဲ့အခါ ကျွန်တော့်ရင်ထဲမှာ လှိုက်ကနဲခံစားလိုက်ရခြင်းနဲ့အတူ ကျွန်တော့်ခြေထောက်ကို တက်နင်းမိသွားတာတောင် ကန်တော့နော်၊ မတော်လို့ပါ ခင်ဗျာလို့ ပြောရမှာ ဝန်လေးကုန်ကြတဲ့ ကျွန်တော်တို့ နိုင်ငံသား တွေကို ပြန်မြင်ယောင်မိလိုက်ရပြန်ပါတယ်။

ကျွန်တော်၊ ကျွန်မလို့တောင် မပြောနိုင်ရှာ၊ ဆရာခေါ်ရမှာ ဝန်လေးရှာကုန် တဲ့ ရွှေမြန်မာတချို့ ကျွန်တော်တို့ နိုင်ငံသားတချို့ဆို ကျွန်တော်၊ ကျွန်မဆိုတဲ့ စကားတောင် မပြောနိုင်ရှာကြတော့ပါဘူး။ ဘာဖြစ်လို့ နှိမ့်ချရမှာလဲဆိုတဲ့ အတွေးနဲ့ ကျနော်၊ ကျမလို့ အသံထွက်တဲ့အတိုင်းရေးလိုရေး၊ အခုဆို ကျွန်တော် ကို ကျော်လို့တောင် ထွင်ရေးနေတဲ့အထိ ဖြစ်လာပါပြီ။

ဆရာခေါ်ဖို့လည်း အင်မတန် ဝန်လေးတဲ့သူတွေလည်း တွေ့လာရပါတယ်။ ကိုယ့်ကို စာသင်ပေးတဲ့သူမှ မဟုတ်တာ၊ ဘာလို့ ဆရာခေါ်ရမှာလဲဆိုတဲ့ စကားတွေလည်း ကြားရတော့ ပင့်သက်ချမိရပြန်တယ်။ ဆိုက်ကားဆရာရေ ''အားသလားဗျာ၊ ကားဆရာကြီးရေ'' ကျွန်မကို ဒါလေးကူသယ်ပေးပါလားရှင် ဆိုတာမျိုးကို မကြားဖူးကြတော့တဲ့သဘောကို ပြဆိုနေပါတယ်။ ဒါမှမဟုတ်ရင် လည်း အဲဒါမျိုးကို သူတို့မိဘတွေရဲ့ နှုတ်ကထွက်တာတောင် မကြားဖူးတဲ့ သဘောကို ဆောင်လို့နေပါတယ်။

ဖွယ်ရာချေငံခြင်းသာ အောင်မြင်ရာ

လူ့အောက်ကျို့လို့ လူပိမသေဘူးဆိုတဲ့ စကားကလည်း အိုလှ ဟောင်းလှ ပါပြီ။ ဒါပေမယ့် အတော်များများဟာ အောက်ကျို့ရမှာကို သေမလောက် ကြောက်နေတတ်ကြပါတယ်။

တကယ်က နှုတ်ချိုခြင်း၊ ဖွယ်ရာချေငံခြင်းဟာ ကိုယ်လိုချင်တာကို ရရှိရေး မှာ အင်မတန်အရေးပါပါတယ်။ ဟေ့ကောင် ''ဟိုဘက်နည်းနည်းတိုးစမ်းလို့ လူအုပ်ကြားက သူစိမ်းတစ်ယောက်ကို သွားပြောရင် အဆင်မပြေတာကို လူတိုင်းနားလည်ပါလိမ့်မယ်။ ဒါပေမယ့် အစ်ကိုလေးရေ'' တဆိတ်လောက် ဟိုဘက်နည်းနည်းတိုးပေးပါလားခင်ဗျာဆိုတာမျိုးနဲ့ ပြောလိုက်ရင် တစ်ဖက် သားက လိုလိုချင်ချင်တိုးပေးဖို့ အလားအလာပိုများပါတယ်။

သည့်ထက် အရေးကြီးတဲ့ ဘဝထဲက ကိစ္စတွေမှာတော့ နှုတ်ချိုခြင်း၊ မိမိကိုယ်ကို နှိမ့်ချခြင်း၊ လူ့အောက်ကျို့ခြင်းဟာ အင်မတန်အောင်မြင်တာ ကျွန်တော့်မှာ ကိုယ်တွေ့တွေ အများကြီးရှိပေမယ့် စာမျက်နှာ အကန့်အသတ် ကြောင့် နမူနာတွေ ရေးမပြနိုင်တော့ပါဘူး။

အဲလိုပြောတဲ့အတွက် ကျွန်တော်နှုတ်မကြမ်းဘူးလားဆိုတော့ အင်မတန် ကြမ်းလှတာကိုလည်း ဝန်ခံရမှာပါ။ သွားလေသူ ကျွန်တော့်အဖေရော၊ ကျွန်တော့် အမေပါ လွန်စွာ နှုတ်ကြမ်းသလို အဆဲလည်းသန်ကြတာမို့ ကျွန်တော်လည်း အင်မတန်နှုတ်ကြမ်းလှပါတယ်။ တခြားတောင် မဟုတ်ပါဘူး။ ကွန်ပျူတာ အဆင်မပြေလည်း ကျွန်တော်ထဆဲမိတတ်ပါတယ်၊ ကိုယ့်ဘာသာ နမော်နမဲ့နဲ့ တစ်ခုခုကို တိုက်မိခိုက်မိသွားရင်လည်း အဆဲစကားလုံး ပါးစပ်ကထွက်တတ်ပါ တယ်။

တကယ့် လူမှုဘဝနယ်ပယ်မှာလည်း ကျွန်တော့် ဒေါသ၊ ကျွန်တော့် နှုတ်ကြမ်းမှုကြောင့် မိတ်ပျက်ရတာ၊ တောင်းပန်ရတာ၊ စိုတဲ့လက်တွေ ခြောက် ကုန်တာ မနည်းမနောပါပဲ။

သို့ပေမယ့် ဖွယ်ရာ ချေငံရင် ပိုအဆင်ပြေတာကို သတိထားမိလာတဲ့ နောက်ပိုင်းမှာ ကျွန်တော်လည်း အတတ်နိုင်ဆုံးဆင်ခြင်နေပါတယ်။ သတိကို တတ်နိုင်သမျှထိန်းပြီး အခါခပ်သိမ်း ချေချေငံငံပြောဖြစ်အောင် အားထုတ်နေ ပါတယ်။

အကျင့်ကို အကျင့်နဲ့ ပြင်နိုင်ပါကြောင်း

တချို့ကတော့ ပြောချင်ကြပါလိမ့်မယ်။ အကျင့်ပါနေပြီ၊ မရတော့ဘူးလို့။

သည်စကားဟာ အတိုင်းအတာ တစ်ခုအထိ မှန်ပါတယ်။ သွေးထဲသားထဲ မှာသာမက အရိုးထဲအထိတောင် စွဲနေတဲ့အကျင့်တွေဟာ အင်မတန် ပြင်ရခက် တယ်ဆိုတာလည်း အမှန်ပါ။ ဒါပေမယ့် တကယ်ပြင်ချင်စိတ်ရှိရင်တော့ ပြင်လို့ ရပါတယ်။

အဲဒါလည်း မယုံမရှိနဲ့ ကိုယ်တွေ့ပါခင်ဗျာ။ အရင်ကဆို ထစ်ခနဲရှိ လက်ပါချင်တတ်တဲ့ ကျွန်တော်ဟာ အခုဆို ဘယ်သူ့ အပေါ်မှာမှ လက်မပါတော့တာ ၂၁ နှစ်တင်းတင်းပြည့်လို့ ၂၂ နှစ်ထဲ ရောက်လာခဲ့ပါပြီ။ ဘယ်လို ပြင်သလဲဆိုရင်တော့ အကျင့်ပါနေတာကို နောက်ထပ် အကျင့်တစ်ခုနဲ့ပဲ ပြန်ပြင်ယူတာပါ။ စွဲနေတဲ့ အကျင့်ကို ပြင်ဖို့ခက်တဲ့ ကြားကပဲ အဲဒီ့အကျင့် ဆိုးကို ဖျောက်ယူတဲ့ အကျင့်လေးပြန်စွဲလာအောင် လုပ်ယူခဲ့တာပါ။ မလွယ်တဲ့ ကြားကပဲ သတိလေးနဲ့ မရကုပ်ကပ် ထိန်းယူခဲ့ရတာပါပဲ။

မောက်မာမှုရဲ့ မူလဘူတ

လူ့သဘာဝကို သေချာ စေ့ငုကြည့်မယ်ဆိုရင်တော့ စိတ်ဓာတ်မလုံခြုံသူ တွေ၊ စိတ်သဘောထား နုနယ်သူတွေဟာ အင်မတန် မောက်မာကြပါတယ်။ တစ်ဖက်သားကို အင်မတန်သဟောက်သဟ လုပ်ချင်တတ်ကြပါတယ်။ ပါးပိတ် ရိုက်လိုက်မယ်တို့၊ သေချင်လားတို့ ကြုံးဝါးနေသူများဟာ တကယ့်အတွင်းစိတ် မှာ မလုံခြုံကြသူတွေသာ ဖြစ်ပါတယ်။

တစ်ချိန်က တက္ကသိုလ် ဆရာ ဆရာမကြီးများဟာ တပည့်တွေကို ကျွန်တော် ခင်ဗျား၊ ရှင် ကျွန်မနဲ့ ပြောခဲ့ကြပါတယ်။ တပည့်တွေက သူတို့ကို ဆရာ၊ ဆရာမ၊ ဆရာကြီး၊ ဆရာမကြီး၊ လို့ ခေါ်ကြသည့်တိုင် သူတို့ကတော့ တစ်သမတ်တည်းပါပဲ၊ ခင်ဗျား ကျွန်တော်၊ ရှင် ကျွန်မပါးစပ်က မချပါဘူး။

စိတ်ပညာ ပါမောက္ခဆရာဒေါက်တာ ကျော်စိန်၊ ကွယ်လွန်သူ ဆရာမကြီး ဒေါက်တာ ဒေါ်ခင်အေးဝင်း၊ ကွယ်လွန်သူ စိတ်ပညာဌာနမှူး ဒေါ်ခင်မျိုးရီ၊ ဆရာမကြီး ဒေါ်ခင်ခင်ဆွေတို့ ပို့ချတဲ့ သင်တန်းတွေကို ၂ဝဝ၃ ခုနှစ်မှာ ကျွန်တော်တက်ခဲ့ဖူးတာမို့ အဲဒီ့ဆရာ၊ ဆရာမကြီးတွေရဲ့ ချေငံဖွယ်ရာလှတဲ့အပြော အဆိုတွေက နားထဲမှာ စွဲနေပါတယ်။ တစ်ဆက်တည်းမှာပဲ ပြည့်တဲ့ အိုးတွေ ဘောင်ဘင်မခတ်ဘူးဆိုတာကိုလည်း အသေအချာ သတိထားမိပါတယ်။

ဆရာတစ်ယောက်ဆို သင်တန်းမှာတောင် မဟုတ်ဘူး၊ အများဗိုလ်ပုံ အလယ်မှာ စကားပြောရင်လည်း သူ့ကိုယ်သူ ဆရာကလေ၊ ဆရာကလေနဲ့ တစ်ပြားမှ မလျှော့ပါဘူး။ သူလည်းနှယ်နှယ်တော့ မဟုတ်ဘူးခင်ဗျ။ ပါရဂူ ဒေါက်တာဘွဲ့ရပါပဲ။ သို့ပေမယ့် သူ့ပြောပုံဆိုလက်ကို နားထောင်ရင်း သူ့ ရင်တွင်းက သိမ်ငယ်စိတ်၊ မပြည့်ဝ စိတ်ကို လှစ်ခနဲလှမ်းမြင်လိုက်မိပါတယ်။

တဆိတ်လောက် ကိုယ်ကြိုက်တာလေးပဲ ရွေးလုပ်ကြပါလားခင်ဗျာ

နိဂုံးချုပ်ရရင်တော့ဗျာ''မောက်မာခြင်း၊ နှုတ်ကြမ်းခြင်း၊ ကိုယ့်ကိုယ် ကိုယ် ဖော်ခြင်းများဟာ မိမိတို့ရဲ့စိတ်ဓာတ်သိမ်ဖျင်းမှု၊ မလုံခြုံမှု၊ မပြည့်ဝမှုကို လှစ်ပြ ရာ ရောက်နေတာမို့ စာဖတ်သူလူကြီးမင်းများအနေနဲ့ ဘယ်လမ်းကို ရွေးပြီး ဘယ်ပုံပြောဆိုသင့်တယ်ဆိုတာ ဆင်ခြင်နိုင်ကြမယ်လို့ မျှော်လင့်မိရပါတယ်။

ပြောခဲ့ပြီး စကားကိုပဲ ပြန်ကောက်ပါရစေ။ နှစ်ထပ်ရှိရင် မှတ်မိမလားဆိုတဲ့ မျှော်လင့်ချက် ခပ်ပါးပါးနဲ့ပေါ့ ခင်ဗျာ။

ကိုယ့်ကိုဘယ်လိုပြောဆို ဆက်ဆံစေချင် သလဲ၊ အဲဒီ့ပုံစံအတိုင်းပဲ ကိုယ်လည်းသူတစ်ပါးကို ပြောဆိုဆက်ဆံသွားမယ် ဆိုရင်ယဉ်ကျေးဖွယ်ရာတဲ့ရွှေမြန်မာတွေဘဝကိုပြန်ရောက်လာကြပါလိမ့်မယ်။

တစ်နည်းပြောရင် ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြေးဆိုတာလေးကိုသာ အားလုံးက နှလုံးသွင်းနိုင်ကြမယ်ဆိုရင်တော့ ရွှေမြန်မာတွေ ရွှေအစစ် ဖြစ်လာနိုင်မယ့်အကြောင်း မရဲတရဲနဲ့ပဲ ဇွတ်မှိတ်ပြောလိုက်ရပြန်ပါပြီ။ အားလုံး အတွက် တွေးဆဆင်ခြင်စရာ တစ်ခုခုတော့ ရသွားလိမ့်မယ်လို့ မျှော်လင့်မိပါ တယ် ခင်ဗျား။ ။

MOI Webportal Myanmar

0 comments:

Post a Comment