Friday, September 12, 2014

‘‘ဒီနှစ်ဖွဲ့လုံးက ရှာရီးယားဥပဒေနဲ့ အုပ်ချုပ်တဲ့ အစ္စလာမ်မစ်နိုင်ငံတော် တည်ထောင်ဖို့ ကြိုးပမ်းနေတာပဲ’’ ပညာရှင်ချားလ်စ်လစ်စတာပြောသော အိုင်အက်စ်တပ်ဖွဲ့အကြောင်း

ဆီးရီးယားပြည်တွင်းစစ် စတင်လာတဲ့အချိန်မှာ စစ်ရေးအရ ၀င်ရောက်စွက်ဖက်မှုလုပ်ဖို့ လုံခြုံရေးကောင်စီအတွင်းရော၊ အခြားသောနိုင်ငံများနဲ့ အဖွဲ့အစည်းများကြားမှာပါ ထင်မြင်ချက်တွေ ပေါ်ထွက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဆီးရီးယားအရေးဟာ အာဆတ်အစိုးရရဲ့ အဓိက မဟာမိတ်ရုရှားရဲ့ ကန့်ကွက်မှုကြောင့် စစ်ရေးအရ အရေးယူတားဆီးနိုင်ခြင်းမရှိသလို အများက ထင်မြင်ခဲ့သလိုပဲ စစ်က အချိန်ကြာလေ ပတ်ဝန်းကျင်နိုင်ငံတွေကို ပြန့်ထွက်လာတတ်တဲ့သဘောကို တွေ့လာရပါတယ်။ ဆီးရီးယားပဋိပက္ခတွေနဲ့ အီရတ်မှာ အမေရိကန်တပ်တွေ ထွက်သွားပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေကနေ လူမျိုးရေးကွဲပြားမှုတွေကို အခြေခံတဲ့ မတည်ငြိမ်မှုတွေကလည်း ထိန်းမရအောင် ဖြစ်လာတာကလည်း တိုက်ဆိုင်တဲ့ ဖြစ်စဉ်တစ်ရပ် ဖြစ်လာပါတယ်။ ဒီလိုမတည်ငြိမ်တဲ့ စစ်ရေးနယ်မြေကို အခြေပြုလို့ မကြာမီက ကမ္ဘာ့သတင်းတွေမှာ အများသိလာတဲ့ အစ္စလာမ်မစ်နိုင်ငံတော်တပ်ဖွဲ့ IS ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ IS ဟာ အယ်လ်ကိုင်ဒါထက် ပိုကြောက်စရာကောင်းတဲ့ အစ္စလာမ်မစ်ဂျီဟတ်ဝါဒီအုပ်စုတစ်ခု ဖြစ်လာနေပါတယ်။ ဒါကြောင့် ဒီအဖွဲ့အကြောင်းကို သေချာသိရအောင် ဂျာမန်စပိုင်းဂဲလ်မဂ္ဂဇင်းဟာ အမေရိကန်ပညာရှင်အဖွဲ့ Think tank တစ်ခုဖြစ်တဲ့ ဘရွတ်ကင်းအင်စတီကျု့ဒ်ရဲ့ ဒိုဟာရုံးခွဲမှာ ဧည့်ပညာရှင်အဖြစ် တာဝန်ယူနေတဲ့ ချားလ်စ်လစ်စတာနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။ လစ်စတာ (၂၆)နှစ်ဟာ ယခင်က IHS Jane ရဲ့ အကြမ်းဖက်ဝါဒနှင့် ပုန်ကန်ထကြွမှုဆိုင်ရာ လေ့လာမှုဌာန Terrorism and Insurgency center ရဲ့ သုတေသီအကြီးအကဲလည်း ဖြစ်ခဲ့ပါတယ်။ ၎င်းဟာ ထိုဌာနမှာ တာဝန်ယူစဉ်က အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံအလိုက် လုံခြုံရေးခြိမ်းခြောက်မှုများအကြောင်း အထူးပြုလေ့လာသူ ဖြစ်ပါတယ်။ သူဟာ လက်ရှိမှာလည်း ဘရွတ်ကင်းအင်စတီကျု့ဒ်မှာ ဧည့်ပညာရှင်အဖြစ် သုတေသနလုပ်ရင်း The Jihadist Insurgency in Syria (ဆီးရီးယားတွင် ဂျီဟတ်ဝါဒသူပုန်ထမှုအကြောင်း)ဆိုတဲ့ စာအုပ်ကို ရေးသားလျက် ရှိနေပါတယ်။မေး- ရုတ်တရက်ကြီး နယ်မြေတွေ သိမ်းပိုက်လာနိုင်တဲ့ အံ့အားသင့်စရာဖြစ်လာတဲ့ ဒီအစ္စလာမ်မစ်နိုင်ငံတော်တပ်ဖွဲ့ IS ရဲ့ သမိုင်းကို ဆရာ့အနေနဲ့ ဘယ်လိုရှင်းပြပေးနိုင်ပါသလဲ။

ဖြေ- ၁၉၉၉ မှာ ဒီ IS ကို တည်ထောင်သူ ဖခင်ဖြစ်တဲ့ အဘူမူဆတ်အယ်ဇာကာဝီက အာဖဂန်နစ္စတန်မှာ သူ့ရဲ့စစ်သွေးကြွအဖွဲ့အတွက် လေ့ကျင့်ရေးစခန်းတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ ၂၀၀၁ နောက်ပိုင်းမှာ အမေရိကန်တပ်တွေ အာဖဂန်ကိုဝင်တော့ ဒီအဖွဲ့လည်း အီရန်ကနေ ဖြတ်သန်းပြီး အီရတ်မြောက်ပိုင်းကို ရောက်သွားခဲ့ပါတယ်။ ၂၀၀၃ လောက်လည်းရောက်တော့ ဒီအဖွဲ့လည်း အားကောင်းတဲ့ ဂျီဟတ်လှုပ်ရှားမှုအဖွဲ့တစ်ခု ဖြစ်လာတယ်။ အီရတ်ကို အမေရိကန်ကျူးကျော်မှု ကာလအတွင်းမှာပဲ ဇာကာဝီဟာ သူနဲ့ သူ့အဖွဲ့ကို နာမည်ရအောင် လုပ်ခဲ့တယ်။ သူတို့ (အစ္စလာမ်မစ်ဥပဒေ) ရှာရီးယားကို အစွန်းရောက်ကျင့်သုံးတော့ အဲဒီမှာ ဒေသခံလူနည်းစုအဖွဲ့တွေကလည်း ပြန်ထကြွလာကြပြီး Awakening ဆိုတဲ့ လှုပ်ရှားမှုနဲ့ ပြန်တိုက်ထုတ်မောင်းထုတ်လိုက်ကြတယ်။ အဖွဲ့ဟာ အဲဒီတုန်းက တော်တော်လေး အထိနာသွားခဲ့ရတယ်။ ဒီနောက် အမေရိကန်တပ်တွေ အီရတ်က ပြန်ဆုတ်ဖို့ ပြင်တဲ့အချိန်ကျတော့ ဇာကာဝီနဲ့ သူ့အဖွဲ့အတွက် ပြန်ရှင်သန်ဖို့ အခွင့်အရေးရလာတော့တယ်။ ၂၀၀၉ နှစ်လယ်ပိုင်းလောက်ကစပြီး သူတို့ဟာ နောက်ကွယ်ကနေ သြဇာကြီးတဲ့အဖွဲ့ ဖြစ်လာတယ်။ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေကို ပြင်းပြင်းထန်ထန်တိုက်ပြီး ဒေသခံအစိုးရအရာရှိ၊ ရဲ၊ စစ်တပ်တွေကို ခြိမ်းခြောက်လာတယ်။ သူတို့ရဲ့ ဒီလိုလှုပ်ရှားမှုက အစ္စလာမ်မစ်နိုင်ငံတော်တပ်ဖွဲ့လို့ ဖြစ်လာဖို့ ထူးခြားတဲ့အဆင့်တစ်ခုကို ဖန်တီးပေးလိုက်တာပဲ။ ဒီအချက်ကပဲ သူတို့အနေနဲ့ (အီရတ်ရဲ့ ဒုတိယအကြီးဆုံးမြို့) မိုဆူလ်ကို အလျင်အမြန် သိမ်းပိုက်နိုင်ခဲ့တာကို ပြနေတာပဲပေါ့။

မေး- ဆရာက IS တပ်ဖွဲ့ဟာ အခြေခံအားဖြင့်တော့ အယ်လ်ကိုင်ဒါ ယခင်ကရရှိခဲ့တဲ့ အရာအားလုံးကို ရခဲ့ပြီလို့ပြောဖူးတယ်။ ဒီအဖွဲ့နှစ်ခုကို ဘယ်လိုနှိုင်းယှဉ်မလဲ။

ဖြေ- ဒီနှစ်ဖွဲ့လုံးက ရှာရီးယားဥပဒေနဲ့ အုပ်ချုပ်တဲ့ အစ္စလာမ်မစ်နိုင်ငံတော် တည်ထောင်ဖို့ ကြိုးပမ်းနေတာပဲ။ ဒါပေမဲ့ သူတို့မှာ နည်းဗျူဟာပိုင်းတွေကတော့ တော်တော်ကြီး ကွဲပြားပါတယ်။ အယ်လ်ကိုင်ဒါက လူမှုရေးရာပိုင်းမှာ ထိန်းချုပ်မှုနှင့် အုပ်စိုးမှုတို့ကိုရနိုင်ဖို့ ပိုပြီးသည်းခံပြီး ကာလရှည် ချဉ်းကပ်နည်းနဲ့လုပ်တယ်။ အဲဒီလို အရှိတရားတစ်ခု (သူတို့ကိုလက်ခံတဲ့ အနေအထားတစ်ခု)အတွက် လူမှုရေး၊ နိုင်ငံရေးအခြေအနေတွေကို ဖန်တီးယူဖို့ အာရုံစိုက်တယ်။

IS ကတော့ ဒီရည်မှန်းချက်ကိုရဖို့ အရေးမှာ ပိုပြီးသည်းခံနိုင်မှုနည်းတယ်။ နှစ်ဖွဲ့စလုံး ၂၀၀၀ ပြည့်နှစ်များ အလယ်ပိုင်းကနေ အခုထိ ဖြစ်လာနေတာပဲ။ IS ကတော့ နယ်မြေတစ်ခုကို သူတို့သိမ်းပိုက်လိုက်ပြီဆိုတာနဲ့ လူထုကို အုပ်ချုပ်ဖို့ ရှာရီးယားဥပဒေကို ချက်ချင်းကျင့်သုံးဖို့ အမြဲပဲ ဦးတည်လုပ်လေ့ရှိတယ်။ နည်းဗျူဟာပိုင်းအရကြည့်ရင် ဆီးရီးယားဟာ အကောင်းဆုံးနှိုင်းယှဉ်စရာတွေ ရှိတယ်။ အယ်လ်နူဆရာ (ဆီးရီးယားရဲ့ အယ်လ်ကိုင်ဒါတပ်ဖွဲ့ခွဲ)က အဲဒီနိုင်ငံတစ်လျှောက်မှာ လူမှုရေးရာပိုင်းမှာပါ သြဇာလွှမ်းမိုးမှု တော်တော်လေးရှိတယ်။ ဒါပေမဲ့ သူတို့ ရှာရီးယားဥပဒေကို မကြာသေးမီအချိန်ကထိ တိုက်ရိုက်ကြီး ကျင့်သုံးကြဖို့ မရွေးချယ်ခဲ့ကြဘူး။ ဘာလို့လဲဆိုတော့ လူမှုအနေအထားတွေက ဥပဒေကို လက်သင့်ခံဖို့ အဆင်သင့်မဖြစ်သေးဘူး။ ချက်ချင်းကျင့်သုံးရင်လည်း သူတို့ပဲ ငြင်းပယ်ခံရမှာကို ခံစားမိကြတယ်။ အဲဒီတော့ သူတို့က ချက်ချင်းကျင့်သုံးမယ့်အစား ရေရှည်အမြင်နဲ့ စဉ်းစားတယ်ပေါ့။

မေး- ဆရာ့အနေနဲ့ အယ်လ်ကိုင်ဒါဟာ IS အဖွဲ့လောက် တစ်နည်းနည်းနဲ့တော့ အစွန်းရောက်မဆန်ဘူးလို့ ပြောချင်တာလား။

ဖြေ- အသေအချာပါပဲပေါ့ဗျာ။ အယ်လ်ကိုင်ဒါက ဆီးရီးယားမှာ လှုပ်ရှားတာ IS နဲ့ နှိုင်းယှဉ်လိုက်ရင် တော်တော်လေး အလယ်အလတ်ကျခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါလည်း စပြောင်းနေပါပြီ။ အယ်လ်နူဆရာအဖွဲ့ဟာ အခုတော့ ဆီးရီးယားမှာ ပိုပြီးရန်လိုတဲ့ ပတ်ဝန်းကျင်ကို မြင်နေရပြီ။ သူတို့ဟာ အနောက်မြောက်ပိုင်း အီဒလစ်ပြည်နယ်ထဲက ရွာတွေနဲ့ မြို့တွေမှာ ရှာရီးယားဥပဒေကို စတင်ပြဋ္ဌာန်းလာနေရပြီ။ ဒေသခံတွေက ကောင်းကောင်းကြီး လက်မခံနိုင်သေးတဲ့ ဖြစ်ရပ်တစ်ခုပေါ့။ ဒီလုပ်ရပ်က အယ်လ်နူဆရာအဖွဲ့ထဲမှာလည်း သူတို့ရဲ့နယ်မြေကို ခိုင်ခိုင်မာမာ ချုပ်ကိုင်ထားဖို့ လိုတယ်ဆိုတဲ့ ခံစားမှုကို မောင်းနှင်ထားလို့ ဖြစ်ရတာပဲ။

မေး- IS တပ်ဖွဲ့ဟာ နိုင်ငံတစ်ခုတည်ထောင်ဖို့ တကယ်ပဲ ကြိုးစားနေသလား။ သူတို့ဟာ သက်ကြီးရွယ်အိုတွေအတွက် စားနပ်ရိက္ခာနဲ့ အထောက်အပံ့တွေပေးတာလို လူမှုဝန်ဆောင်မှုတွေပေးပြီး အစိုးရတစ်ရပ်နေရာကို အစားထိုးယူနိုင်ဖို့ ကြိုးစားနေသလိုပါပဲ။ သူတို့ ဒါကို ဘယ်လိုစုစည်းသလဲ။ လူမှုဝန်ဆောင်မှုတွေပေးဖို့ ငွေတွေ ဘယ်ကနေရပါသလဲ။

ဖြေ- ငွေကတော့ ဒီနေရာမှာ အဓိကပဲပေါ့။ IS ဟာ သူ့ဘာသာ ဘဏ္ဍာရေးအရ ရပ်တည်နိုင်တဲ့အဖွဲ့လို့ လူသိများကြတယ်။ သူရတဲ့ငွေတွေက သူတို့ထိန်းချုပ်ထားတဲ့ တရားမ၀င် ရေနံနဲ့ ဓာတ်ငွေ့ရောင်းချမှုတွေကနေ လာတယ်။ ဂျုံလို စိုက်ပျိုးထုတ်ကုန်တွေရောင်းတာ၊ ရေနဲ့ လျှပ်စစ်ဓာတ်အားကို ထိန်းချုပ်တာ၊ သူတို့နယ်မြေထဲ အခွန်ကောက်တာတွေကနေရတယ်။ ဒါတွေကဆိုရင် တစ်ပတ်ကို ဒေါ်လာသန်းနဲ့ချီရတာပေါ့။ ဒီငွေတွေထဲက တော်တော်များများက လူမှုဝန်ဆောင်မှုပေးတာတွေထဲ စီးဝင်သွားတာပေါ့။ ဒါက သူတို့ဟာ အစ္စလာမ်မစ်နိုင်ငံတော်ရယ်ပါဆိုပြီး နာမည်ခံထားတဲ့အတိုင်း ကိုယ့်ကိုယ်ကိုယ် ကိုယ်စားပြုထားတဲ့ သင်္ကေတအချက်ပေါ့။ ဒါမျိုးလုပ်ဖို့ဆိုတာက ခင်ဗျားအနေနဲ့ အစိုးရတစ်ရပ်လုပ်သလိုမျိုး ၀န်ဆောင်မှုမျိုးတွေ ပေးနိုင်ရပါမယ်။ လူတွေကို သူတို့ (ကျွမ်းကျင်ရာ) အလုပ်တွေ လုပ်ခွင့်ပေးရမယ်။ ဒါပေမဲ့ လူတွေက IS ရဲ့ အလုပ်သမားတွေချည်းပဲ ဖြစ်နေတာကို သူတို့ မိုဆူလ်ဆည်ကြီးကို ထိန်းချုပ်ထားတဲ့ အချိန်တုန်းက ခင်ဗျားတို့မြင်မှာပေါ့။ အတင်းအကျပ်ခိုင်းခြင်း၊ လစာပေးခိုင်းခြင်းတွေနဲ့ပဲ ဆီးရီးယားနဲ့ အီရတ်ထဲက သူတို့နယ်မြေတွေမှာ စားသောက်ဆိုင်စားပွဲထိုးတွေကအစ ရေအားလျှပ်စစ်ထုတ်တဲ့ ဆည်လုပ်သားတွေအထိ ပရော်ဖက်ရှင်နယ်တွေကို သူတို့ ထိန်းချုပ်ထားနေရတာပဲ။

မေး- ဆရာပြောဖူးတာက IS ခေါင်းဆောင် အဘူဘကာရ်ဘက်ဂ်ဒါဒီဟာ အိုစမာဘင်လာဒင်တို့၊ ဇာဝါဟီရီတို့ထက်ပိုပြီး ဘာသာရေးအရ တရားဝင်မှု ပိုရှိတယ်လို့ ဆိုတယ်နော်။

ဖြေ- သူတို့တွေ အကုန်လုံးကတော့ အစ္စလာမ်ဘာသာရေးကို ကျွမ်းကျင်ပိုင်နိုင်သူကြီးတွေအဖြစ် ပုံဖမ်းထားပေမယ့် ဘင်လာဒင်ရော၊ ဇာဝါဟီရီရော နှစ်ဦးစလုံးမှာ တရားဝင်ဘာသာရေး လေ့ကျင့်သင်ကြားထားမှု အခံမရှိဘူး။ ဘက်ဂ်ဒါဒီကတော့ အစ္စလာမ်ဘာသာရေးပညာနဲ့ ဒေါက်တာဘွဲ့ရထားတယ် ဆိုတယ်။ သူ့ဇာတိမြို့ ဆမ်မာရာမှာလည်း ဗလီဆရာတစ်ဦးဖြစ်တယ်။ ဒီအချက်က သူ့ကို အစ္စလာမ်မစ်နိုင်ငံတော်တစ်ခုရဲ့ ခေါင်းဆောင်အဖြစ် ဘာသာရေးအရ လုပ်ပိုင်ခွင့် တရားဝင်ပုံရိပ်ရစေသလို ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဘက်ဂ်ဒါဒီရဲ့ အောက်ခြေက လူတွေကို ကြည့်လိုက်ရင် အများစုက အီရတ်စစ်တပ်မှာလုပ်ဖူးတဲ့ စစ်တပ်နဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်ဟောင်းတွေချည်းပဲ။ ဒီအချက်က သက်သေပြနေတာက သူတို့ထိပ်ပိုင်းမှာ ဘာသာရေးရုပ်ပြခေါင်းဆောင်တစ်ယောက် လိုနေတယ်ဆိုတာပဲ။ ဒါကြောင့်ပဲ ဘက်ဂ်ဒါဒီဟာ ဘာသာရေးအရ တရားဝင်မှုရှိလို့ သူ့အခုနေရာကို ရထားတယ်ဆိုတာ ရှင်းနေတာပဲပေါ့။

မေး- ဒီအဖွဲ့ရဲ့ စစ်ရေးမဟာဗျူဟာတွေကို ဘယ်သူက ကြီးကြပ်ပေးနေတာပါလဲ။

ဖြေ- ၁၀၀ ရာခိုင်နှုန်းအပြည့် ယုံကြည်မှုနဲ့တော့ ပြောဖို့ခက်တယ်။ ဒါပေမဲ့ ကျွန်တော့်ခန့်မှန်းချက်အရတော့ စစ်ဆင်ရေးတွေကို ဘက်ဂ်ဒါဒီရဲ့ လက်ထောက်တွေက လုပ်ပေးနေတာပါ။ သူတို့က အရင်က အီရတ်စစ်တပ်နဲ့ ထောက်လှမ်းရေးယန္တရားတွေထဲမှာ အရာရှိဖြစ်ခဲ့သူတွေ အများစုပါ။ ဒါကြောင့် သူတို့ဟာ အီရတ်နဲ့ ဆီးရီးယားမှာ ဒီလိုပရော်ဖက်ရှင်နယ်ကျတဲ့၊ နည်းစနစ်ကျတဲ့ စစ်ရေးလှုပ်ရှားမှုကို လုပ်နိုင်သူတွေ ဖြစ်ကြတာပါ။ ဘက်ဂ်ဒါဒီကတော့ ဒီလိုမျိုးလုပ်နိုင်မယ်ဆိုတာ ကျွန်တော် အလွန့်အလွန်ကို သံသယရှိပါတယ်။

မေး- IS တပ်ဖွဲ့မှာ တပ်သားဦးရေ ဘယ်လောက်ရှိနိုင်သလဲ ဆရာ။

ဖြေ- သူတို့ရဲ့ ဆီးရီးယားက တပ်မှာတော့ ၆၀၀၀ ကနေ ၈၀၀၀ ကြားလောက်ရှိမယ်။ အီရတ်မှာတော့ ၁၅၀၀၀ လောက်ရှိမယ်။ အီရတ်မှာတော့ သူတို့ မြို့တစ်မြို့ထဲ ၀င်လိုက်ရင် လက်နက်ကိုင်ထားတဲ့ ဒေသခံလူတွေက သူတို့နဲ့ ပူးပေါင်းလာကြလို့ တော်တော်ကြီး အဖွဲ့ဝင်တိုးလာနေတယ်။

မေး- ဥရောပက ဂျီဟတ်ဝါဒီတွေကို IS က တပ်သားသစ် စုဆောင်းနေတာမှာကော ဘယ်လောက်အောင်မြင်နေပါသလဲခင်ဗျ။

ဖြေ- ဒီ ဆီးရီးယားပဋိပက္ခက နိုင်ငံခြားက ၀င်တိုက်နေတဲ့ တပ်သားအရေအတွက် တော်တော်များများကို ဆွဲဆောင်ခဲ့တယ်။ ဥရောပကနေ တော်တော်များများ လာကြတယ်။ IS မှာ အခုဆိုရင် ဥရောပတပ်သားဦးရေ ၂၀၀၀ ကနေ ၃၀၀၀ ကြားလောက် စုမိနေပြီ။ ဒီအရေအတွက်က သူတို့အနေနဲ့ ဥရောပမှာ တိုက်ခိုက်မှုတွေ လုပ်ချင်ရင် ယာယီအားဖြင့် အထောက်အကူဖြစ်နိုင်တယ်။ ဒါပေမဲ့ သူတို့ ဒီလိုလုပ်ချင်တယ်လို့တော့ ကျွန်တော် မသတ်မှတ်ချင်သေးဘူး။

မေး- ဒေသတွင်းက အခြားသော ဂျီဟတ်ဝါဒီအုပ်စုတွေနဲ့ရော IS နဲ့ ဘယ်လိုဆက်ဆံရေးရှိပါသလဲ။

ဖြေ- သူတို့က တစ်ဖွဲ့တည်းပဲ လှုပ်ရှားတာ။ IS ဟာ ဆီးရီးယားမှာ ဘယ်လိုမဟာမိတ်မှ မရှိပါဘူး။ သူတို့နဲ့ လက်တွဲချင်တဲ့အဖွဲ့တွေ အများကြီးရှိတယ်။ ဒါပေမဲ့ ပိုကြီးမားတဲ့ ဂျီဟတ်ဝါဒီအုပ်စုတွေနဲ့ယှဉ်ရင် သူတို့မှာက မဟာမိတ်နည်းနည်းပဲ ရှိတယ်။ မဟာမိတ်တွေ တော်တော်များများက အီရတ်ထဲမှာရှိတယ်။ ဒါပေမဲ့ အများစုက ဒေသခံတိုင်းရင်းသား အုပ်စုလေးတွေနဲ့ ဘာ့သ်ပါတီဝင်တွေပဲ။ စစ်သွေးကြွတွေ မဟုတ်ဘူး။ အစဉ်အလာအားဖြင့် ဂျီဟတ်ဝါဒီတွေက ထောက်ခံကြတဲ့ အယ်လ်ကိုင်ဒါထက် ပိုသာလွန်တယ်လို့ သူတို့ကိုယ်သူတို့ ပုံဖော်ကိုယ်စားပြုထားရင်းနဲ့ IS ဟာ ပိုကြီးမားတဲ့ ဂျီဟတ်ဝါဒီလှုပ်ရှားမှုတွေထဲကနေ ကိုယ့်ဘာသာကိုယ် ဖဲ့ထွက်နေတာပါ။

မေး- အနောက်တိုင်းဟာ IS ကို ရပ်တန့်နိုင်ဖို့ ဘာတွေများ အကူအညီပေးနိုင်ပါသလဲ။

ဖြေ- ကံမကောင်းစွာဘဲ IS ဟာ ကြီးထွားဖွံ့ဖြိုးလာတဲ့အပြင် သူတို့ကို တန်ပြန်တိုက်ခိုက်နိုင်ဖို့ နှစ်အတော်ကြာလိုတဲ့၊ ရင်းမြစ်တွေလည်း ထူးထူးခြားခြား အများကြီးလိုတဲ့အဆင့်ကို တိုးတက်သွားခဲ့ပြီ။ သူတို့ကို စစ်ရေးရင်းမြစ်တစ်ခုတည်းနဲ့ တိုက်လို့မရတော့ဘူး။ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ နိုင်ငံရေးနဲ့ သံတမန်ရေးအရ ဆောင်ရွက်မှုတွေလုပ်ဖို့လည်း လိုပါမယ်။ ဆီးရီးယားပဋိပက္ခကို ရပ်ဆိုင်းဖို့လည်း ကျွန်တော်တို့ နည်းလမ်းရှာရမယ်။ ဒီပဋိပက္ခက IS လို အဖွဲ့မျိုးတွေ ပေါက်ဖွားလာဖို့ ဖိတ်ခေါ်နေတာ။ ပြီးတော့ အီရတ်မှာလည်း ဘဂ္ဂဒက်က အစိုးရဟာ ဆွန်နီလူမျိုးစုတွေဆီကို စတင်ချဉ်းကပ်ရမယ်။ သူတို့ကို နိုင်ငံရေးစနစ်ထဲ ပြန်ပါလာအောင် ဆွဲခေါ်ရပါမယ်။

—Ref: Dueling Jihadists-Is the Islamic State Beating Al-Qaida?, Interview Conducted By Samiha Shafy.Spiegel: 23rd August

7Day Daily

0 comments:

Post a Comment