Monday, September 8, 2014

ပြောင်းလဲသွားသော အမှန်တရားများ


(၁)

“ကိုတို့လက်ထပ်ကြရအောင်”
ကြားရတဲ့စကားသံလေးက ချိုချိုငြိမ့်ငြိမ့်လေးရယ်ပါ။ အေးစက်တဲ့သူ့အပြုံး၊ တည်ငြိမ်ပြတ်သားတဲ့ အဖြတ်အတောက်မှန် စကားလုံးတွေက သူ့ရင်တွင်းမှလာသော ခံစားချက်အစစ်အမှန်တွေဖြစ်ကြောင်း ပုံဖော်လို့နေပါတယ်။ လူနှစ်ဦးသားထိုင်နေတဲ့ စားပွဲဝိုင်းတစ်ခုမှာ ဘယ်သူ့ကိုမှရည်ရွယ်ပြောဆိုခြင်းမရှိတဲ့ စကားစုတခုက ယမင်းဆီသာ ဦးတည်နေခြင်းဖြစ်ကြောင်း မမေးလည်းသိနိုင်တဲ့ဖြစ်ရပ်တစ်ခုလေ။ အလုပ်အကိုင်ကိုယ်စီရှိကြတဲ့ ယမင်းတို့နှစ်ယောက်လုံးမှာ မိဘအဆင်မပြေကန့်ကွက်စရာမရှိသော တင့်တယ်သည့် အသက်အရွယ်၊ ရှေ့သွားနောက်လိုက် အပေးအယူမျှမှုတွေကြောင့် ခုလိုလက်ထပ်ခွင့်တောင်းခြင်းက ဘာမှစဉ်းစားစရာ၊ အဖြေရှာစရာမလိုတော့သော အခြေအနေတခုပေပဲပေါ့။ မမျှော်လင့်တဲ့ စကားတခွန်းအတွက် ထပ်တူညီကျတဲ့ ရင်ခုန်သံတွေရဲ့ ဖေးမမှုကိုအရင်းပြုပြီး တိုရှင်းပြတ်သားလွန်းသော အဖြေစကားအဖြစ် ယမင်းခေါင်းတချက်ငြိမ့်လိုက်တယ်ဆိုရင်ပဲ ကို့ရဲ့အပြုံးချိုချိုတို့က ဆီးကြိုနေပြီပေါ့။ ဒီနေ့က ယမင်းနဲ့ကိုရဲ့ ရှေ့ဆက်လျှောက်မဲ့ဘ၀လမ်းအတွက် တူညီဆန္ဒပြုခဲ့ကြသော အမှတ်တရနေ့လေး ဖြစ်ခဲ့ပါတယ်။(၂)

ကတ္တီပါခင်းလျှောက်လမ်းကြီးက အနီရဲရဲ၊ ပြင်ဆင်ထားတဲ့ အခမ်းအနားတွေက သပ်သပ်ရပ်ရပ်၊ မင်္ဂလာတေး ချီးမြင့်ပေးသူ အဆိုတော်များကလည်း တက်တက်ကြွကြွ၊ ဧည့်ပရိတ်သတ်များကလည်း သတို့သားနဲ့သတို့သမီးကို စောင့်မျှော်လို့။ မင်္ဂလာလျှောက်လမ်းမှာတင်သာမက ကြည့်လေတိုင်း ရနံ့မွှေးကြိုင်လှတဲ့ နှင်းဆီနီတွေက ယမင်းစိတ်ကြိုက်ဆင်ယင်မှုတခုဖြစ်လို့နေပါတယ်။ အခမ်းအနားမစတင်မီ နှစ်ဖက်သောမိဘများက မင်္ဂလာပွဲလာ ဆွေမျိုးမိတ် သင်္ဂဟများကို ပြတ်လပ်မှုမရှိစေရအောင် တာဝန်ကျေပွန်စွာ နှုတ်ဆက်လို့ပေါ့။ ထို့နောက်တော့ အချိန်အနည်းငယ်အတွင်းမှာ အခါတော်ပေး သီချင်းသံနဲ့အတူ ကြွရွလှပသောခြေလှမ်းများဖြင့် တလှမ်းချင်းလှမ်းလာသူက ပန်းကြဲသူပျိုမေ၊ လက်စွပ်ဗန်းကိုင်ပျိုမေ၊ မင်္ဂလာအောင်စံပယ်ကုံးကိုင်ဆောင်သူပျိုမေတို့ရဲ့ အလှချင်းပြိုင်သော ပန်းနုရောင် ၀တ်စုံများက အလွန်အမင်းလိုက်ဖက်ညီစွာ တန်ဆာဆင်ထားကြပါတယ်။ အနောက်မှာတော့ အားလုံးရဲ့စိတ်ဝင်စားရာ၊ ယနေ့ပွဲအတွက် ထင်ပေါ်သူနှစ်ဦးက လက်ချင်းချိတ်လျှက်။ သာယာကြည်နူးသော ပျော်ရွှင်မှုများဆင်မြန်းပြီး အပြုံးမျက်နှာချိုများဖြင့် အနှိုင်းမဲ့လှပနေသော သတို့သားနှင့် သတို့သမီး။ တသက်တာ ထာဝရ အမှတ်တရဖြစ်စေမဲ့ ပုံရိပ်များကို မလစ်လပ်အောင် ဖန်တီပေးသူများကလည်း ကင်မရာမီးတဖြတ်ဖြတ်။ ရွှေ ရွှေချင်းထပ်တဲ့ပွဲမှာ အားလုံးရဲ့ ချီးကျူးထောပနာပြုသံတွေက တခဲနက်။ ပျော်ပါစေ…. ပျော်ကြပါစေ။ မင်္ဂလာပွဲ တက်ဝတ်စုံနဲ့ စားပွဲဝိုင်းတခုမှာထိုင်နေတဲ့ ယမင်းရဲ့ ဆန္ဒပြုသံအချို့ကို ချစ်တဲ့ကိုတယောက်သာ ကြားနိုင်မယ်ဆိုရင်လေ…….။

(၃)

ဒီလိုသာယာတဲ့နေ့ရက်လေးတစ်ခုမှာ ထင်မှတ်မထားသည့် လှပပျိုမြစ်ခြင်းအပြည့် ပိုင်ဆိုင်ထားသော သတို့သမီးလေး နှင့် လူအများ၏နှုတ်ဖျားတွင် လိုက်ဖက်ညီလှသောကောင်းချီးများစွာကို ကြားနာခွင့်ပိုင်ဆိုင်သူ ကာယကံရှင်တစ်ဦးဖြစ်လာခဲ့မည်လို့ အောင်သူထင်မထားခဲ့။ ပထမဦးဆုံးရွေးချယ်လိုက်သည့် အချစ်က အေးစက်တည်ငြိမ်သည်။ ကုနြေ္ဒရသည်။ အချစ်ပေး၍ အချစ်ပြန်ရသည်မှန်သော်လည်း လူနေမှုအကျင့်စရိုက်ချင်းက မတူ။ ဖြတ်သန်းရသည့် ပတ်ဝန်းကျင်အနေအထားကလည်း ကွဲပြားရုံမက ရိုးအသည့် သူမရုပ်သွင်က လူကြောက်တတ်သူတယောက်လို မ၀င်ဆံ့။ အချစ်မှအချစ်၊ တဆစ်ဆစ်နာကျင်စွာ တိုက်စားခြင်းခံရသည့် အချိန်ကာလအချို့ကို မေမေက စကားတစ်ခွန်းဖြင့် သရုပ်ပြနိုင်ခဲ့ပြီ။ “ကျော့ကျော့ကော့ကော့လေး ကိုယ့်ကားကိုမောင်း၊ အေးအေးဆေးဆေးနေရတဲ့ဘ၀ကနေ အခြေအနေမပျက် ရှေ့ဆက်သွားချင်လား၊ ဒါမှမဟုတ် လမ်းဆင်းလျှောက်ရင်း အသွင်မတူတဲ့ဘ၀ဇာတ်မျောကြီးမှာ အချစ်အချစ်နဲ့ ဗောလောမှောက်ခုန် ခရီးဆက်မလား” ဟုတ်သည်လေ။ အမေတစ်ယောက်ရဲ့ သားတယောက်အပေါ် အသိဥာဏ် ထည့်ပေးနိုင်တဲ့အတွေးစိတ်ကူးတွေက အရောင်လက်နေမှတော့ သူမွေးထားတဲ့သား ကျွန်တော်ကလည်း ဖိတ်ဖိတ်တောက်ယုံပေါ့။ ပြောင်းလဲသွားတဲ့ အကြောင်းအရာတွေက မြန်ဆန်လွန်းပေမဲ့ ကျွန်တော့ သတို့သမီး ရဲ့ဖြူလွလွလက်တဖက်က လက်မောင်းကိုချိတ်လျက် ရှေ့သွားနောက်လိုက်ညီစွာ ဘေးကလိုက်ပါလျက်သား။ အားကိုးတကြီး ချိတ်ကိုင်ထားတဲ့လက်တဖက်မှာ ယုံကြည်ခြင်းတွေ၊ ခိုင်မာခြင်းတွေ၊ ရဲရင့်ခြင်းတွေ၊ ထက်မြတ်ခြင်းတွေ၊ ခေတ်နဲ့အညီဝတ်စားဆင်ယင်ထုံးဖွဲ့၊ သွားလာနေထိုင်တတ်မှုတွေက ကျွန်တော့အတွက် ဇနီးမယားဖြစ်ထိုက်သူရဲ့ အမူအကျင့်တွေပေါ့။ ဒါတွေအားလုံးနဲ့တင်ပဲ ဘ၀တစ်ခုစာ သာယာအေးမြလို့။ အပြုံးတွေက ချိုမြိန်လို့ပေါ့။

(၄)

ကိုယ်စီစဉ်တဲ့ပွဲမို့ပြောတာမဟုတ်။ သားတော်မောင်နဲ့ ဒီကလေးမရဲ့ဇာတာက ဗေဒင်တွက်ကတည်းက ယခုမှသည် နောင်အိုဇာတာထိ ကောင်းမှကောင်း။ မိဘတယောက်ရဲ့ ခံစားချက်က ကိုယ့်သားလေး ဆင်နင်းမြင်းကန်ခြင်းမှကင်းဝေးဖို့ အတ္တကတော့ ခပ်ကြီးကြီးပင်။ ရွှေချင်းထပ်မှ မြတ်မဲ့ စိန်ချင်းထပ်မှ တင့်တယ်မဲ့ လောကသဘာဝကြီးမှာ ဒေါ်ခင်ခင်ကြီးဆိုတဲ့ ကျွန်မကလည်း ထုံနန၊ နုံအအမှ မဟုတ်လေတာ။ ကိုယ်ကိုယ်တိုင် အချစ်ကို ဦးစားပေးခဲ့လို့ ဒုက္ခတွေ ခါးစီးခံရင်း အချိန်အတိုင်းအတာတခုထိ ကြိုးစားရုန်းကန်ပြီးမှ ရခဲ့တဲ့ စည်းစိမ် ဥစ္စာ၊ ဂုဏ်ပကာသနတွေကို အခန့်သား ပုံအပ်လိုက်ရမဲ့ ချွေးမမျိုးကိုတော့ တသက်နဲ့တကိုယ် မမျှော်လင့်ခဲ့။ ဘယ်လောက်အေးဆေးတည်ငြိမ်ပါတယ်။ ရိုကျိုးမာန်ချပါတယ်ဆိုတဲ့သူမျိုးပင်ဖြစ်လင့်ကစား ဒေါ်ခင်ခင်ကြီးကတော့ ဘယ်လိုမှသဘောမကျနိုင်။ ယခုသားတော်မောင်ကို လေချိုသွေးညွှန်ကြားလိုက်တဲ့ စကားလုံးမှန်တွေက သူချစ်လှပါချည်ရဲ့ဆိုသော မိန်းကလေးဖက်ကကြည့်လျှင် တရားမျှတမှုရှိချင်မှ ရှိနိုင်ပေသည့် ကိုယ့်သွေးသားကောင်းစားဖို့ လုပ်ခဲ့တဲ့ လုပ်ရက်တခုကတော့ အင်မတန်ချီးကျူးထိုက်သော မိခင်ဖြစ်ချင်ခဲ့သည်လေ။ သားလက်ကိုချိတ်တွဲထားတဲ့ ကလေးမလေးရဲ့ ဖြူစင်ရှင်းသန့်မှုက ငယ်စဉ်မှ ယခုထိတိုင် ကြွကြွရွရွ၊ လှလှပပလေး ဖြတ်သန်းလာခဲ့မှန်း မြင်သူတိုင်း သိနိုင်သည်။ ဆွေကြီးမျိုးကြီး၊ ဂုဏ်ဒြပ်ကြီးလူတန်းစားထဲကမို့ ခေတ်နှင့်အညီ သွားလာနေထိုင်မှု၊ ၀တ်စားဆင်ယင်မှု၊ အပြောအဆို ဖော်ရွေပြေပြစ်မှုတွေကလည်း အပြစ်မြင်စရာမရှိခဲ့ပြီ မဟုတ်ပါကလား။ ကျေနပ်သည်။ ရင်တွင်းနှလုံးသားတွင်းမှလှိုက်၍ ကျေနပ်မိသည်။ အတွေးစဉ်ကြောမှာ မျောနေရင်းက ယမင်းဆိုသော သားတော်မောင်၏ ချစ်ခဲ့ဖူးသူကို လှမ်းကြည့်မိတော့ မျက်လွှာလေးချလျက်သား။ ဖြစ်ရမည်လေ ဒီလိုပုံရိပ်တွေကို မြင်အောင် စနစ်တကျအကွက်ချပြီး မဖြစ်မနေတက်ရောက်ရန် ကိုယ်တိုင်ဖိတ်ကြားထားခဲ့သည်ပဲ။ သင်း နာကျင်မှုကိုထားတော့ သားလေးရဲ့ ဘ၀ရှေ့ရေးဖြောင့်ဖြူးသွားရသည့် ပျော်ရွှင်မှုကာလာစုံ ဖုံးလွှမ်းသွားမှုက အလေးသာလို့ သားတော်မောင်တို့ ဇနီးမောင်နှံနောက်မှသာ အပြုံးများစွာဖြင့် ဆက်လက်လိုက်ပါလာခဲ့ပါတော့သည်။

(၅)

ယနေ့မင်္ဂလာပွဲရဲ့ သတို့သမီးချောလေးက ဒေစီပါ။ မာမီရဲ့စီမံမှုနဲ့ မင်္ဂလာပွဲကိုလက်ခံခဲ့ပေမဲ့ စိတ်ထဲမှာ တမျိုးတမည်တော့ ခံစားမိသား။ မာမီက ပွဲစားတယောက်ပီပီ အရာခပ်သိမ်းကို ကျွမ်းကျင်လိမ္မာစွာ တတ်သိနားလည်နိုင်စွမ်းရှိသည်။ လူရည်လည်တဲ့ မာမီဦးနှောက်အသိဥာဏ် တပိုင်းတစကိုသာ ဒေစီမှီအောင် လိုက်နိုင်ခဲ့သည်ပင်။ စကားပြောပြေပြစ်အောင်၊ သွက်လတ်ချက်ချာမှုရှိအောင်၊ ပြုံးရွှင်သောမျက်နှာထားဖြင့် မြင်သူတိုင်းရင်အေးစေအောင် စွမ်းဆောင်နိုင်စွမ်းပါရမီကတော့ ဒေစီမှာအပြည့်။ ကိုယ့်စိတ်ကြိုက်ရွေးချယ်ထားသော ဘ၀လက်တွဲဖော်မဟုတ်သည့်အတွက် ဆုံးဖြတ်ချက်ချရန် မတုန်မလှုပ် ဖြစ်ခဲ့သော်လည်း မိဘစိတ်ကြိုက်ခေါင်းညိမ့်စေဖို့ ကတိတစ်ခုက ရှိထားနှင့်ပြီးသားမဟုတ်လား။ ဘ၀ဖြတ်သန်းမှုကိုလွယ်လွယ်တွက်ခဲ့တဲ့ဒေစီအတွက် လုပ်ချင်ရာလုပ်ခဲ့သော အချိန်ကာလများက ကုန်လွန်ခဲ့ပြီလေ။ သူ့စီးပွားနဲ့သူ အလုပ်ရှုပ်နေတဲ့ မိဘတွေကိုအကြောင်းပြပြီး ဒေစီအထိန်းအကွပ်မဲ့စွာ ပေါ့ပျက်ပျက်နေလာခဲ့သည်က အချိန်အတော်ကြာ။ လိုတရ ပိုင်ဆိုင်နေသောဘ၀မို့ ပိုက်ဆံကိုခပ်ပေါပေါသုံးရင်း ပျော်ပါးခဲ့သည့် အချိန်တွေကလည်း မနည်းမနောရယ်။ ဒီအကြောင်းရင်းခံတွေကြောင့် မိုက်မဲမိတဲ့စိတ်ကူးတစုံတရာက ဖျက်မရသော အစွန်းအထင်းတခုဖြစ်ခဲ့သည့်အတွက် နောက်နောင် မိဘနှစ်ပါးရဲ့စကားကို မလွန်ဆန်၊ မငြင်းဆိုရဲတော့။ မာမီရဲ့လျှင်မြန်ဖြတ်လတ်မှုက ဒေစီ၏ပျက်ယွင်းသောခြေလှမ်းတွေ၊ နေထိုင်မှုပုံသဏ္ဍာန်တွေကို ရိပ်မိလာရင်း မှားယွင်းစွာရွေးချယ်မိခဲ့သော လမ်းတခုအပေါ် အကောင်းဆုံးပြန်လည်တည့်မတ်ပေးခဲ့ပြီးပြီ။ မိန်းကလေးတယောက်အတွက်အရှက်နှင့်သိက္ခာ ပျက်ပြားသွားခြင်းကို ပြိုင်စံမမှီတဲ့ အလှတွေပံ့ပိုးပေးရင်း သန္ဓေတည်စ သွေးသားလေးကို မာမီစီမံချက်ဖြင့် ပယ်ဖျက်ပေးခဲ့သည်လေ။ ဒေစီပတ်သက်ဆက်နွယ်မိသူက ပြည့်စုံသော အသိုင်းအ၀ိုင်းမှလူငယ်တယောက်ဖြစ်ပေသည့် မကောင်းမှုဟူသမျှ အကောင်းထင်နေသူ အရိုင်းအစိုင်း တယောက်မို့ မိဘတွေသဘောတူကြည်ဖြူရန် ခဲယဉ်းခဲ့သည်ပေါ့။ ဟူးးးးးးးးးး သက်ပြင်းမောကြီးတခုကို မသိမသာမှုတ်ထုတ်လိုက်ပြီးချိန်မှာတော့ အတိတ်တွေက ပြန်ဖြစ်မလာတော့သော စိတ်ကူးအတွေးချည်းသက်သက်ပေပဲမို့ လောလောဆယ် ကိုယ့်ဖြစ်တည်မှုလိပ်ပြာမလုံခြင်းထက် လူဘုံအလယ်မှာ ချိုသာစွာပြုံးကာ ချစ်စရာမျက်နှာလေးကိုအလှဆင်ရင်း သတို့သားလက်ကို ဟန်ပါပါချိတ်လျက် မင်္ဂလာလျှောက်လမ်းအတိုင်း သေသပ်ကျနစေဖို့ကိုသာ အားထုတ်ရန် အာရုံပြောင်းယူလိုက်ပါတော့သည် .............။

ရေကြည်သူ

0 comments:

Post a Comment