လစဉ်ကြေးများကို ကိုယ်တိုင်လာရောက် ပေးဆောင်နေရသည့် Wimax အင်တာနက် အသုံးပြုသူများသည် ယခုလအကုန်မှ စတင်၍ ကိုယ်တိုင်လာရောက် ပေးဆောင်စရာမလိုအပ်ဘဲ ဘဏ်မှတစ်ဆင့် လစဉ်ကြေးကို ပေးဆောင်နိုင်မည်ဟု သိရသည်။
ဘဏ်မှ လစဉ်ကြေးပေးဆောင်ရန် အတွက် AGD ဘဏ်နှင့် KBZ ဘဏ်တို့၌ ဘဏ်အကောင့်ရှိရမည် ဖြစ်သည်။ လစဉ်ကြေး ပေးဆောင်ရာတွင် သွင်းငွေ၊ ထုတ်ငွေအတွက် ကျသင့်သည့် ဘဏ်ဝန်ဆောင်ခ ၂၀၀ ကျပ်ကို အသုံးပြုသူအနေဖြင့် ကျခံစရာမလိုအပ်ဘဲ Red Link ကုမ္ပဏီဘက်မှ ကျခံပေးမည်ဖြစ်ကြောင်း သိရသည်။“အရင်က MPU ကတ်တွေနဲ့ လုပ်ခဲ့သေးတယ်။ သိပ်မသုံးကြဘူး။ ဘဏ်ကနေ လစဉ်ကြေးပေးနိုင်ရင် အချိန်ကုန်၊ ငွေကုန်သက်သာလာမယ်။ ဘဏ်စာရင်းထဲမှာ ငွေကြေး လုံလောက်ဖို့တော့ လိုတာပေါ့။ AGD ကတော့ ဘဏ်ခွဲတွေအကုန်လုံးမှာ ရတယ်။ KBZ ကတော့ သတ်မှတ်ထားတဲ့ ဘဏ်တွေပဲရသေးတယ်” ဟု Red Link ကုမ္ပဏီမှ ဈေးကွက်တာဝန်ခံ ဦးမျိုးမြင့်ညွှန့်က ပြောသည်။
ဘဏ်မှတစ်ဆင့် Wimax အင်တာနက်လိုင်းအတွက် လစဉ်ကြေး ပေးဆောင်လိုသူများသည် ဘဏ်အကောင့် ဖွင့်လှစ်ပြီးသည်နှင့် Wimax အရောင်းဆိုင်များဆီသို့ ဆက်သွယ်၍ ဖောင်ဖြည့်သွင်းရန် လိုအပ်ကြောင်း သိရသည်။ Wimax အင်တာနက်လိုင်းများကို ရတနာပုံတယ်လီပို့နှင့် ပူးပေါင်း၍ Red Link ကုမ္ပဏီက ရောင်းချပေးနေခြင်းဖြစ်ပြီး အသုံးပြုသူ တစ်သောင်းခွဲခန့်ရှိသည်ဟု သိရသည်။
Internet Journal
0 comments:
Post a Comment