ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံပြီးနောက် ငါးရက်အကြာတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ တိုင်းပြည်အတွက် အရေးကြီးသော သတင်းစကားများ ပါးလိုက်သည်။ အထူးသဖြင့် နိုင်ငံရေးမှ တပ်မတော်၏ ပါဝင်မှုလျှော့ချရန် စိုးရိမ်မှုများရှိနေသည်ဆိုသော တပ်မတော်ခေါင်းဆောင်များ၊ တပ်မတော်နှင့် အစိုးရအတွက် ဒေါ်အောင်ဆန်းစုကြည်ထံမှ ရှင်းလင်းပြတ်သားသော သတင်းစကားဖြစ်သည်။‘‘ကျွန်မတို့ဟာ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်ကိုမှ ကျွန်မတို့ ရန်ဘက်အနေနဲ့ ကျွန်မတို့မသတ်မှတ်ဘူး။ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်ကိုမှ အပြစ်ပေးချင်တယ်။ ကလဲ့စားချေချင်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ဆက်ပြီးတော့ ကျွန်မတို့မသွားဘူး။ ကျွန်မတို့ နိုင်ငံကောင်းကျိုးအတွက် အားလုံးပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခင်းအကျင်းတစ်ခုဖြစ်အောင်လို့ ကြိုးစားသွားမယ်ဆိုတဲ့ သန္နိဋ္ဌာန်နဲ့ပဲ ဆက်ပြီးလုပ်ဆောင်သွားမှာပါ’’ဟု နိုဝင်ဘာလ ၅ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ထို့အပြင် ၂၅ နှစ်အတွင်း ကယားပြည်နယ်သို့ ပထမဆုံးအကြိမ် သွားရောက်သော ခရီးစဉ်အတွင်း နိုဝင်ဘာလ ၈ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ လူထုက မည်သို့ကူညီနိုင်ပါသလဲဟု မေးမြန်းမှုအပေါ် ‘‘ကျွန်မတို့ လုပ်စရာရှိတာကို အေးအေးချမ်းချမ်းနဲ့ ပြည်သူလည်းမနာအောင် ကျွန်မတို့ တိုင်းပြည်ကိုလည်း သိက္ခာမကျအောင် လုပ်သွားပါ့မယ်လို့ ပြောလိုပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။
ယခင်ပြုလုပ်ခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲအချို့တွင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နှင့် ထိပ်တိုက်တွေ့ဆုံနိုင်သော စကားများပြောဆိုမှုရှိခဲ့သည်။ သို့သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံပြီး နောက်ပိုင်းတွင်မူ ထိုကဲ့သို့မဟုတ်ပေ။
အထူးသဖြင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အဓိကဦးတည်ပြောဆိုလာခြင်း ဖြစ်သည်။
၂၀၁၀ နောက်ပိုင်း ပြန်လေ့လာလျှင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို သွားမည်ဟုဆိုပါက အချို့က မကြိုက်သည်ကို တွေ့ရသည်။ ဘာကြောင့်လဲဟုဆိုပါက အတိတ်က ဖြစ်ရပ်များကို မမေ့နိုင်၍ဖြစ်ပြီး အတိတ်မှာမေ့ရန်မဟုတ်သော်လည်း အတိတ်ကသင်ခန်းစာယူရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
‘‘အတိတ်ရဲ့ ချည်နှောင်မှုကို ကျွန်မတို့ မခံချင်ဘူး။ ကျွန်မတို့နိုင်ငံဟာ အတိတ်ရဲ့ သံဆူးကြိုးတွေကြားထဲမှာ ငြိနေတဲ့ နိုင်ငံမျိုး မဖြစ်စေချင်ဘူး။ အဲဒီတော့ ဆက်သွားဖို့ဆိုတာက ကျွန်မတို့ သဘောထားကြီးရမယ်။ အားလုံးဟာ ၀ိုင်းဝန်းပြီးတော့ တည်ဆောက်ရေး စိတ်ဓာတ်ကို မွေးမြူရမယ်။ အဲဒါကြောင့်မို့လို့ ကျွန်မတို့က အခုထိ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့မူဟာ အရေးကြီးဆုံးပဲ။ ကျွန်မတို့ရဲ့ အဖွဲ့ချုပ်အတွက်ရော၊ နိုင်ငံအတွက်ရော အရေးကြီးဆုံးအခြေခံမူဖြစ်တယ်လို့ ကျွန်မ ယုံကြည်တယ်’’ဟု စစ်အာဏာရှင် အစိုးရလက်ထက်တွင် နေအိမ်အကျယ်ချုပ်ဖြင့် ၁၅ နှစ်ကျော်နေထိုင်ခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
‘‘ဒေါ်အောင်ဆန်းစုကြည်က လူတွေ လမ်းပေါ်ထွက်ဖို့အတွက် လုပ်ခဲ့တာမရှိဘူး။ ဒီပဲယင်းဖြစ်စဉ်က လမ်းပေါ်ထွက်ဖို့ အကောင်းဆုံးပဲ၊ ဒါပေမဲ့ မလုပ်ခဲ့ဘူး’’ဟု နိုင်ငံရေးလေ့လာသူ ဦးတင်မောင်သန်း(သင့်ဘ၀)ကဆိုသည်။
မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက် ဗြိတိသျှနှင့် ဖက်ဆစ်ဂျပန်တို့ကို တော်လှန်ခဲ့သော ကာလများတွင်သာ နိုင်ငံရေးအင်အားစုအများစုကြားတွင် ညီညွတ်ခဲ့သည်။ ကျန်ကာလတစ်လျှောက်တွင်မူ အာဏာရှိသူက အတိုက်အခံကို နှိပ်ကွပ်ခြင်း၊ အတိုက်အခံကလည်း အာဏာရှိသူကို လက်နက်ကိုင်တော်လှန်ရေးနှင့် အပြုတ်တိုက်ခိုက်ရေး လမ်းစဉ်တို့ကိုသာ ကျင့်သုံးလိုကြသည်။ နှစ်ဖက်အပြုတ်တိုက်ဖယ်ရှားရန် ကြိုးပမ်းသော ထိပ်တိုက်ရင်ဆိုင်ရေး အယူအဆကသာ လူကြိုက်များသည်။
နိုင်ငံရေးအင်အားစုများကြား တိုင်းပြည်ကောင်းကျိုးအတွက် ရှေးရှု၍ ညှိနှိုင်းအဖြေရှာသော ယဉ်ကျေးမှုမရှိခဲ့။ ထိုကဲ့သို့ ညှိနှိုင်းအဖြေရှာမည်ဆိုသော နည်းလမ်းများကလည်း ခေတ်အဆက်ဆက်မှ ယနေ့အထိ ရေပန်းမစားပါ။ ဒေါ်အောင်ဆန်းစုကြည်၏ အထက်ပါပြောစကားများက နိုင်ငံရေးယဉ်ကျေးမှုသစ်ကို ကျင့်သုံးရန် သတင်းစကားပါးလိုက်ခြင်းပင် ဖြစ်၏။
ယခုရက်ပိုင်းအတွင်းမှာပင် ဟားဗတ်တက္ကသိုလ် ကနေဒီကျောင်းမှ မြန်မာပြည်နှင့်ပတ်သက်သည့် လေ့လာသုံးသပ်ချက်တစ်ခု ထွက်ပေါ်လာရာ မြန်မာနိုင်ငံတွင် ယခုအချိန်သည် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ရန် အကောင်းဆုံးအချိန်ဟု ထောက်ပြသုံးသပ်အကြံပြုထားသည်။
‘‘ဒီအချိန်က အကောင်းဆုံးအချိန်ပဲ။ လက်ရှိအချိန်ထက် ကောင်းတဲ့အချိန်မရှိဘူး’’ဟု အမေရိကန်အခြေစိုက် Deloitte ကုမ္ပဏီမှ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ ဦးချစ်ထွန်းဖေက အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ကိုင်ရန် အကောင်းဆုံးအချိန်ဟု သူ၏ထင်မြင်ချက်ကို ပြောသည်။
အစိုးရအဖွဲ့တွင်လည်း အများစုလက်ခံသော နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ပြည်သူလူထုနှင့် နိုင်ငံတကာထောက်ခံမှုရရှိထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်၏ ထောက်ခံမှုရရှိထားသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ သက်ရှိထင်ရှားရှိနေပြီး အာဏာရှိနေသောအချိန်ဖြစ်နေ၍ ယခုအချိန်သည် အမျိုးသားပြန်လည်သင့်မြတ်ရေး အကောင်းဆုံးအချိန်ဖြစ်သည်။
ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ဆွဲနှုတ်ဆက်စဉ်/ဓာတ်ပုံ−မြ၀တီ
တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများဘက်တွင်လည်း သြဇာကြီးသော ခေါင်းဆောင်များ သက်ရှိထင်ရှားရှိနေပြီ ပြည်သူလူထုအနေဖြင့်လည်း အပြောင်းအလဲပြုလုပ်ရန်နှင့် ငြိမ်းချမ်းရေးအတွက် ဆန္ဒပြင်းပြနေချိန် ဖြစ်သည်။
ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် အသက်ပေးခဲ့ရသူများ ထောင်ဒဏ်နှစ်ပေါင်းများစွာ ကျခံခဲ့သူများက အစိုးရဗိုလ်ချုပ်ဟောင်းများကို သင်ပုန်းမချေရန်ကြားမှ ဦးဆောင်စေ့စပ်ညှိနှိုင်းပေးမှုကို ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကသာ ဆောင်ရွက်ပေးနိုင်ကြောင်း အထက်ပါသုံးသပ်ချက်တွင် ပါရှိသည်။
တိုက်ဆိုင်စွာပင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း နိုဝင်ဘာ ၅ ရက်တွင် ပြောကြားသည့်မိန့်ခွန်း၌ ‘‘နိုင်ငံရေးအင်အားစုအချင်းချင်း အပြန်လှန်ဖယ်ထုတ်ဖို့ ကြိုးစားတဲ့ ထိပ်တိုက်ရင်ဆိုင်ရေး နည်းလမ်းတွေကနေ စားပွဲဝိုင်းမှာ စေ့စပ်ဆွေးနွေးအဖြေရှာရေးဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်အရ ဆွေးနွေးအဖြေရှာကြဖို့ အစပြုကြိုးပမ်းအကောင်အထည်ဖော်ခြင်းပဲ ဖြစ်ပါတယ်’’ဟု အောက်တိုဘာ ၃၁ ရက်တွင် သမ္မတအိမ်တော်၌ ပြုလုပ်သော နိုင်ငံရေးခေါင်းဆောင်များ၏ ဆွေးနွေးပွဲအပေါ် ပြောကြားသည်။ ထို့ကြောင့် အလားတူ နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ပေါ်ပေါက်ရန် အားလုံးက ကြိုးပမ်းရမည်ဟု သမ္မတက ဆက်လက်ပြောသည်။
သို့သော် လေးပွင့်ဆိုင်ဆွေးနွေးပွဲအပါအ၀င် နိုင်ငံရေးခေါင်းဆောင်များ၏ ဆွေးနွေးပွဲများဖြစ်ပေါ်ရန်မှာ သမ္မတက အဓိကလူဖြစ်သည်။ ပြီးခဲ့သောဆွေးနွေးပွဲမှာ အာဆီယံထိပ်သီးအစည်းအဝေးနှင့် အိုဘားမားလာမည်ဖြစ်၍ ဟန်ပြလုပ်ခြင်းဟု ဝေဖန်မှုများရှိသည်။ ဟန်ပြမဟုတ်ဘဲ နိုင်ငံကောင်းကျိုး ရည်ရွယ်ပါက သမ္မတက ထိုသို့ဆွေးနွေးပွဲများ ပေါ်ပေါက်လာရန် ကြိုးပမ်းပေးရမည် ဖြစ်သည်။
နိုင်ငံတော်သမ္မတနှင့် တပ်မတော်ခေါင်းအချို့မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လုပ်ဆောင်ရမည်ဆိုသည့်အချက်ကို လက်ခံထားသော်လည်း အကောင်အထည်ဖော်ရမည့်ကိစ္စများနှင့် ဆုံးဖြတ်ရမည့်ကိစ္စများတွင်မူ စိုးရိမ်မှုများရှိနေသည်။ အချို့ခေါင်းဆောင်များမှာလည်း အကျိုးစီးပွားထိခိုက်မည်ကို စိုးရိမ်မှုများနှင့် လက်စားချေမည့်ကိစ္စကို စိုးရိမ်သည့်အတွက် လက်တွေ့အကောင်အထည်မဖော်နိုင်ခြင်းနှင့် ဆုံးဖြတ်ချက်မချနိုင်ခြင်းတို့ ဖြစ်နေကြသည်။
‘‘တပ်မတော်ဘက်က စိုးရိမ်တာက တိုင်းပြည်မတည်မငြိမ်ဖြစ်မှာကို စိုးရိမ်တာရှိတယ်။ လူထုလှုပ်ရှားမှုနဲ့ ဖွဲ့စည်းပုံပြင်ရေးကို မလုပ်ဘူးလို့ ကတိပေးတဲ့သဘောမျိုး’’ဟု နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦးက ဒေါ်အောင်ဆန်းစုကြည် ပြောစကားအပေါ် မှတ်ချက်ပေးသည်။
ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆိုချက်များနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားများ၊ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများက လက်ခံမည်ဖြစ်ပြီး အတိုက်အခံအနည်းစုကမူ သဘောတူမည်မဟုတ်ကြောင်း ဦးကျော်လင်းဦးက သုံးသပ်ပြောကြားသည်။
ဆယ်စုနှစ်ပေါင်းများစွာ ခေတ်နောက်ကျကျန်ခဲ့ပြီး ဆင်းရဲတွင်းနစ်နေသော မြန်မာနိုင်ငံကို ပြန်လည်ထူထောင်ရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ အရေးကြီးဆုံးဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ပြီး ဘုံသဘောတူညီချက်တစ်ခုရရှိခဲ့ပါက ရွေးကောက်ပွဲအလွန်တွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးလမ်းကြောင်းမှန်ကို ရောက်ရှိလာမည်ဖြစ်သည်။ ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ် နောက်ကြောင်းမပြန်ဘဲ ခိုင်မာလာပြီး ရှေ့ဆက်လျှင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ၊ အကူအညီများလည်း ကျွဲကူးရေပါသလို ဝင်ရောက်လာမည်သာ ဖြစ်သည်။ သို့မှသာ စီးပွားရေးဖွံ့ဖြိုးလာမည်ဖြစ်သည်။
ထိုအခြေအနေမျိုး ဖြစ်လာရန်မှာ လက်ရှိ တပ်မတော်ခေါင်းဆောင်များအပေါ်တွင် များစွာမူတည်သည်။
အကြောင်းမှာ တပ်မတော်အနေဖြင့်လည်း ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်နှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရန်အတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်သော အဖွဲ့အစည်းဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံ၏အခြေအနေမှာ အာဆီယံမှ စင်ကာပူနှင့် မလေးရှားနိုင်ငံများ၏ ပြုပြင်ပြောင်းလဲရေးပုံစံ ပြုလုပ်၍မရဘဲ အင်ဒိုနီးရှားနိုင်ငံကဲ့သို့သာ လုပ်ဆောင်နိုင်ကြောင်း ဟားဗတ်စာတမ်းက အကြံပြုထားသည်။ မြန်မာ့တပ်မတော်အနေဖြင့် အင်ဒိုနီးရှားတပ်မတော်လမ်းစဉ်ကို လိုက်မည်လား၊ ပါကစ္စတန်တပ်မတော်လမ်းစဉ် လိုက်မလားဆိုသည်ကို ဆုံးဖြတ်ရမည့်အချိန်ဖြစ်ကြောင်းလည်း အဆိုပါစာတမ်းတွင် ထောက်ပြပြောဆိုထားသည်။
အင်ဒိုနီးရှားတပ်မတော်အနေဖြင့် နိုင်ငံတိုးတက်စေရန် အတိုက်အခံ နိုင်ငံရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး နိုင်ငံရေးမှ တဖြည်းဖြည်း ဆုတ်ခွာသွားခဲ့သဖြင့် ဒီမိုကရေစီ ပိုမိုခိုင်မာလာကာ တိုင်းပြည်တိုးတက်ခဲ့ရသည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင်မူ အရပ်သားစစ်စစ်တစ်ဦးကို သမ္မတတင်မြှောက်နိုင်သည်အထိ ဒီမိုကရေစီရင့်ကျက်လာပြီဖြစ်သည်။
ပါကစ္စတန်နိုင်ငံမှာမူ ထိုကဲ့သို့မဟုတ်ပါ။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးတွင် ဆက်တိုက်ပါဝင်ခဲ့သဖြင့် နယ်စပ်ဒေသများ၌ မငြိမ်မသက်ဖြစ်ခဲ့ပြီး အစွန်းရောက်အဖွဲ့များပင် ပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် တိုင်းပြည်လည်း အဆိုးကျော့သံသယထဲမှ မထွက်နိုင်သေးပေ။
လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေမှာ လမ်းဆုံလမ်းခွတွင်ရှိနေသည့် အနေအထားဖြစ်သည်။ မြန်မာ့တပ်မတော်အနေဖြင့် မြေယာနှင့်ပတ်သက်သည့်ကိစ္စနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စတို့ မဆောင်ရွက်နိုင်ပါက မြန်မာနိုင်ငံအနေဖြင့် ပါကစ္စတန်နိုင်ငံကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု အထက်ပါစာတမ်းတွင် ထောက်ပြထားသည်။
တပ်မတော်အစိုးရလက်ထက်က အစိုးရအာဏာပိုင်များနှင့် နီးစပ်သူများ သိမ်းဆည်းထားသည့် တိုင်းရင်းသားဒေသများမှ မြေယာများကို ဒေသခံတိုင်းရင်းသားများအား ပြန်လည်ပေးအပ်ပါက တိုင်းရင်းသားဒေသများလည်း ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး တိုင်းရင်းသားများလည်း ကျေနပ်မည်ဖြစ်သည်။
‘‘တနင်္သာရီဘက်မှာ ဆီအုန်းစိုက်ဖို့ အကြောင်းပြပြီး သိမ်းထားတဲ့ မြေတွေကို KNU ကိုပေးပြီး ပြန်လုပ်ခိုင်းတာမျိုး KNU ကလည်း လက်ခံမှာပဲ။ ဒါဆို ဒေသလည်းဖွံ့ဖြိုးမယ်။ ငြိမ်းချမ်းရေးအတွက်လည်း ကောင်းတယ်’’ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ဆိုသည်။
မြေယာကိစ္စနှင့်ပတ်သက်၍မူ တပ်မတော်ဘက်မှ သိမ်းထားသည့် မြေအချို့ကို ပြန်လည်ပေးအပ်မှု ရှိသော်လည်း ယခင် တပ်မတော်ခေါင်းဆောင်များ၏ မိသားစုဝင်များနှင့် ၎င်းတို့နှင့်နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ သိမ်းဆည်းထားသည့် မြေကိစ္စကိုမူ ယခုအချိန်ထိ ဖြေရှင်းနိုင်ခြင်းမရှိသည်ကို တွေ့ရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒီမိုကရေစီအင်အားစုများက ပြင်ဆင်လိုသော ပုဒ်မများနှင့် ဖက်ဒရယ်၏ အခြေခံသဘောထားဖြစ်သော ပြည်နယ်များအား အာဏာခွဲဝေရေး၊ အခွန်အကောက်များ ခွဲဝေပေးရေးကိစ္စတို့နှင့်ဆိုင်သော ပုဒ်မများတွင် တပ်မတော်က မပြင်လိုကြောင်း သဘောထားမှတ်ချက်များ ပေးထားသည်ကို တွေ့ရသည်။ အောက်တိုဘာလတွင် လွှတ်တော်သို့ တင်သွင်းလာသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးကော်မတီ၏ အစီရင်ခံစာတွင် ပါရှိခြင်းဖြစ်သည်။
တပ်မတော်၏ အဓိကစိုးရိမ်ပူပန်မှုနှစ်ခုရှိကြောင်း တပ်မတော်အရာရှိဟောင်းတစ်ဦးက သုံးသပ်သည်။ ပြည်တွင်းစစ်မရပ်စဲနိုင်မီ လွှတ်တော်အတွင်း ရှိနေသော ၂၅ ရာခိုင်နှုန်း ဖယ်ရှားခံရမည့်အရေးနှင့် လက်ရှိ ကာလုံတွင်ရရှိထားသော အခွင့်အရေးများ ဆုံးရှုံးမည့်အရေးတို့ကို စိုးရိမ်သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ အရေးကြီးဆုံးပုဒ်မဖြစ်သည့် ၄၃၆ ပြင်ဆင်ရေးကို ကန့်ကွက်နေခြင်းဖြစ်ကြောင်း အထက်ပါအရာရှိဟောင်းက သုံးသပ်သည်။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ခေါင်းဆောင်များကြား တွေ့ဆုံဆွေးနွေးပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ကတိကဝတ်တစ်ခုပြုလုပ်နိုင်ပါက ထိုပုဒ်မပြင်ဆင်ရေးမှာ ဖြစ်လာနိုင်သည့်အနေအထားဖြစ်သည်။
‘‘သူ့အဖေတည်ထောင်ခဲ့တဲ့ တပ်မတော်ကို ပျက်စီးအောင်တော့ ဒေါ်အောင်ဆန်းစုကြည်က ဘယ်တော့မှ လုပ်မယ်မထင်ဘူး’’ဟု ပြည်တွင်းထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ သမ္မတအိမ်တော်တွင် ပြုလုပ်သော ထိပ်သီးဆွေးနွေးပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နှင့် သဘောထားအချို့ မတိုက်ဆိုင်သော်လည်း တပ်မတော်ကို ချစ်ခင်ကြောင်း ကာချုပ်နှင့် ဒုချုပ်ကို သတင်းစကားပါးလိုက်သည်။ နိုဝင်ဘာ ၅ ရက် သတင်းစာရှင်းလင်းပွဲတွင်လည်း တပ်မတော်နှင့် ထိပ်တိုက်တွေ့နိုင်သော ကိုပါကြီးကိစ္စကို ထိန်းထိန်းသိမ်းသိမ်းသာ ပြောသွားခဲ့သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေး ဦးစားပေးရန်ပြောသော သူမစကားက တပ်မတော်နှင့် အစိုးရကို ရည်ညွှန်းကြောင်း သိသာသည်။
ထို့ကြောင့် တပ်မတော်ခေါင်းဆောင်များမှာ အမြင်ကျယ်စွာဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ရရှိလာသော အခွင့်အရေးကို အမိအရသုံးရန်လိုသည်။
ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေက ‘‘နှစ်ဖက်စလုံး လက်နက်ကိုင်ရော၊ အစိုးရရော၊ အတိုက်အခံရော လျှော့ပြီးမှ ပူးပေါင်းပြီးတော့ သွားသင့်တယ်’’ဟု သုံးသပ်ပြောကြားသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းကလည်း ‘‘အစိုးရနဲ့ တပ်မတော်ဘက်က ပူးပေါင်းပါဝင်မှုကို ကြိုဆိုပြီး ပူးပေါင်းဆောင်ရွက်တာတို့၊ ပူးပေါင်းဆုံးဖြတ်တာတို့၊ ပူးပေါင်းသုံးသပ်တာတို့ လုပ်ဖို့လိုမယ်’’ဟု အကြံပြုပြောကြားသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကျရောက်ခဲ့သော ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ပေးပို့သည့် သဝဏ်လွှာတွင်လည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဒီမိုကရေစီစနစ်ထွန်းကားရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း ဖော်ပြပါရှိသည်။
ထို့ကြောင့် လက်ရှိအာဏာရရှိထားသော အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များအနေဖြင့် ယခုတစ်ကြိမ် ပြန်လည်ရရှိလာသော အခွင့်အရေးကို အသုံးချ၍ မိမိတို့၏ သမိုင်းကြောင်းကောင်းရန်နှင့် တိုင်းပြည်အနာဂတ်အတွက် အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးပြီး ဘုံသဘောတူညီချက်၊ နိုင်ငံရေးကတိကဝတ်ရအောင် ကြိုးပမ်းရန်လိုပါသည်။ ထို့နောက် ဒီမိုကရေစီစနစ် ရှင်သန်ရန် မဖြစ်နိုင်သော အခြေခံဥပဒေမှ ပုဒ်မ ၄၃၆ အပါအဝင် ဒီမိုကရေစီနှင့်မညီသော အချက်များ ရဲရဲဝံ့ဝံ့ပြင်ဆင်ရမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံရေး၌ တပ်မတော်၏ ပါဝင်မှုကို လျှော့ချပြီး နိုင်ငံတော်ကာကွယ်ရေးအတွက် အပြည့်အဝအာရုံစိုက်ကာ အတိတ်အရိပ်မည်းအောက်မှ ရုန်းထွက်၍ ပြည်သူချစ်သော တပ်မတော်ဖြစ်အောင် ကြိုးပမ်းရပေမည်။
သမ္မတဦးသိန်းစိန်အတွက်လည်း နောက်သက်တမ်းတွင် သမ္မတဖြစ်ရေးထက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အဆင်ပြေရန် နိုင်ငံရေးခေါင်ေးဆာင်များကြား တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ရေး လမ်းကြောင်းဖွင့်ပေးပြီး ရဲရင့်တာဝန်ကျေသော ပြုပြင်ပြောင်းလဲရေးသမားတစ်ဦးဖြစ်အောင် ကြိုးပမ်းရန်လိုပါသည်။ ထို့အတွက် သမ္မတကိုယ်တိုင် ပြောထားသော နိုင်ငံရေးယဉ်ကျေးမှုသစ်ကို ကိုယ်တိုင်ကျင့်သုံးရမည်ဖြစ်သည်။ ထိုအခွင့်အရေးကို လူတိုင်းမရနိုင်ပါ။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့တွင်သာ ထိုအခွင့်အရေးရှိသည်။
Wednesday, November 12, 2014
ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစကား(သို့မဟုတ်) နိုင်ငံရေးအကျပ်အတည်းအတွက် အဖြေ
7Day Daily
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment