Saturday, November 22, 2014

ကလေးတွေကို ခုတုံးလုပ် နိုင်ငံရေးအမြတ်မထုတ်ပါနဲ့


နိုင်ငံရေးအရ ကလေးသူငယ်များကို ခုတုံးလုပ် ကာ နိုင်ငံရေး အကျိုးမြတ်ထုတ်ခြင်းမျိုးမပြုလုပ်သင့်ကြောင်း မြန်မာ့နိုင်ငံရေး ရပ်ဝန်းမှ ပုဂ္ဂိုလ်များကပြောသည်။

မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးသည့် ကလေး၊ ကိုယ်ပိုင်အမှား အမှန်ဆုံးဖြတ်ချက်မချနိုင်သေးသည့် ကလေးသူငယ်များကို ဆန္ဒထုတ်ဖော် ပွဲများတွင် ပါဝင်ခိုင်းခြင်း၊ ဆန္ဒထုတ်ဖော်ခိုင်းခြင်း၊ ငြိမ်းချမ်းစွာပြုမူနေသည် ကို မငြိမ်မသက်ဖြစ်စေရန်ပြုမူ လှုံ့ဆော်ပေးပြီး နိုင်ငံရေးအမြတ်ထုတ်မှုမျိုးကို မပြုလုပ်သင့်ကြောင်း ယင်းတို့က ဆိုသည်။နိုဝင်ဘာ ၁၅ရက်ကစ၍ ကြည့်မြင်တိုင် ဦးမြငါးစင်သမ္ဗန်ဆိပ်အား သွပ်ဆူးကြိုးများဖြင့် ခြံစည်းရိုးများကို ပိတ်ဆို့ကာရံလိုက်သဖြင့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ ကျေးရွာငါးရွာမှ ပြည်သူများနှင့် ကျောင်းသား ၃ဝဝခန့် ကျောင်း တက်ရန်အခက်အခဲကြုံတွေ့နေရသည့်ဖြစ်ရပ်နှင့် ပတ်သက်၍ ယင်းမူလ တန်း အရွယ် ကျောင်းသား၊ ကျောင်းသူလေးများအား ကမ္ဘာမကြေသီချင်းဆို ခိုင်းပြီး ၈၈အရေးအခင်း သပိတ်မှောက်ရာတွင် ဆောင်းခဲ့ကြသည့် ဝါးဖတ် ခမောက်ဦးထုပ်များကို လိုက်လံဝေငှကာ ဆိုင်းဘုတ်ကိုင်ခိုင်း၍ နိုင်ငံရေး အသွင်သဏ္ဌာန်ဆောင်စေရန်ဖန်တီးလှုံ့ဆော်နေသည့် နိုင်ငံရေးအမြတ် ထုတ်လိုသူလူတစ်စု၏လုပ်ရပ်အပေါ် ဝေဖန်လိုက်ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း အရွယ် မရောက်သေးသည့် ကိုယ်ပိုင်ဆုံးဖြတ် ချက်ချနိုင်ခြင်းမရှိသေးသည့် အမှား အမှန်ဆုံးဖြတ်နိုင်စွမ်း မရှိသေးသည့် ကလေးသူငယ်များကို ဆန္ဒထုတ်ဖော် ပွဲများတွင် ပါဝင်ခိုင်းခြင်း၊ မိမိဆန္ဒမပါ ဝင်ဘဲ ဆန္ဒထုတ်ဖော်ခိုင်းခြင်းမျိုးကို တွေ့ရှိနေရပြီး ယင်းကဲ့သို့ ပြုမူမှုမျိုး မပြုလုပ်သင့်ကြောင်း လူ့အခွင့်အရေး ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ဦးအောင် မျိုးမင်း (Equality Myanmar)က ပြောသည်။

''အသက်အရွယ်ငါးနှစ်၊ ၁ဝနှစ် ကလေးသူငယ်တွေကို နိုင်ငံရေးအရ ဆန္ဒထုတ်ဖော်မှုတွေ၊ ဆန္ဒထုတ်ဖော် ခိုင်းတာတွေ၊ အကြမ်းဖက်မှုတွေမှာ ပါဝင်ခိုင်းတာတွေ၊ ဓားစာခံအဖြစ် အသုံးချတာတွေက ကလေးသူငယ် အခွင့်အရေးကို အလွဲသုံးစားပြုလုပ် ခြင်းဖြစ်ပါတယ်။ နိုင်ငံရေးအရ အလွဲသုံးစားပြုလုပ်ခြင်း ဖြစ်ပါတယ်။ ကလေးသူငယ်အခွင့်အရေး၊ လူ့ အခွင့်အရေးကို ချိုးဖောက်တာဖြစ် ပါတယ်''ဟု ဦးအောင်မျိုးမင်းက ပြောသည်။

ယင်းကဆက်လက်ပြီး ''ကလေး သူငယ်တွေကို နိုင်ငံရေးသမားအချို့ က အသုံးချတာကတော့ ပိုမိုထိရောက် လို့ပဲ။ သူတို့ကို ဆိုင်းဘုတ်ကိုင်ခိုင်း မယ်။ ဆောင်ပုဒ်တွေအော်ခိုင်းမယ်။ ဒါဆိုရင် မီဒီယာတွေက ဓာတ်ပုံရိုက် မယ်။ ဖော်ပြမယ်ဆိုရင် လူတွေကပို စိတ်ဝင်စားတော့ ပိုထိရောက်တယ်။
နောက်ကလေးတွေကို ဆန္ဒထုတ်ဖော် ပွဲတွေမှာ ပါဝင်စေခြင်းဖြင့် ကာဗာ သဘောမျိုး ဖြစ်စေတဲ့အတွက်ပဲ။ ထိုင်းမှာဆိုရင် ရှပ်နီနဲ့ ရှပ်ဝါတွေဆန္ဒ ပြတုန်းက မိဘတွေက ကလေးတွေ ကို ဆန္ဒပြတဲ့နေရာ ခေါ်လာတယ်။သူတို့ထောက်ခံတဲ့အင်္ကျီတွေ ဝတ်ခိုင်း တယ်။ နှစ်ဖက်အုပ်စုထိပ်တိုက်တွေ့ တဲ့အခါမှာ ကလေးတွေ ပါနေတော့ လုံခြုံရေးတွေအတွက် လူစုခွဲဖို့ အ ခက်တွေ့ခဲ့ရမှုတွေရှိတယ်။ ကလေး တွေအတွက်လဲ တစ်ဖက်က အကြမ်း ဖက်နှိမ်နင်းတဲ့အခါမှာ အန္တရာယ်ရှိ တယ်''ဟု ယင်းက ပြောသည်။

ကလေးသူငယ်များအား နိုင်ငံ ရေးအရ အကျိုးရလဒ်တစ်စုံတစ်ရာ ဖြစ်ထွန်းစေရန် ရည်ရွယ်ပြီး အသုံးချ မှုပြုလုပ်ခြင်းပြုလုပ်ရန်စေခိုင်းခြင်း တို့သည် ဥပဒေအရမပြုလုပ်ရန် တား မြစ်ထားကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

''ကလေးသူငယ်ဥပဒေတွေအရ ကလေးသူငယ်တွေကို ကိုယ်ကျိုးအ လို့ငှာဖြစ်စေ၊ ကျန်အကျိုးရလဒ်တစ် စုံတစ်ရာကြောင့်ဖြစ်စေ၊ နိုင်ငံရေး အရဖြစ်စေ၊ စေခိုင်းခြင်း၊ ပြုမူရန်စ လှုံ့ဆော်ပေးခြင်းပြုမူလို့မရပါဘူး။ ဒီ လိုပြုလုပ်တဲ့သူကို ဥပဒေအရ အ ရေးယူလို့ရပါတယ်။ နိုင်ငံရေးအရပြု မူစေခိုင်း လှုံ့ဆော်ခြင်းကို အရွယ် ရောက်ပြီးတဲ့သူတွေကို မြှောက်ပေး ခြင်းထက် ကလေးသူငယ်တွေကို မြှောက်ပေးခြင်းက ပိုအပြစ်ရှိတယ်။နိုင်ငံရေးအလို့ငှာ ကလေးသူငယ်တွေ ကို အသုံးချခြင်းက ဘယ်လုပ်သင့် မလဲ။ နိုင်ငံရေးမှာ ကလေးသူငယ် တွေကို အသုံးမချသင့်ဘူး''ဟု တရား လွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

ကလေးသူငယ်များအား နိုင်ငံ ရေးအရ အသုံးချခြင်းမျိုး မပြုလုပ် သင့်ဘဲ ကလေးသူငယ်များ၏ အနာ ဂတ်ကို ဖန်တီပေးဖို့သာ ပြုလုပ်သင့် ကြောင်း တက္ကသိုလ်ကျောင်းသား သမဂ္ဂများ ဖြစ်မြောက်ရေးဥက္ကဋ္ဌ ကိုဒီငြိမ်းလင်းက ပြောသည်။

''နိုင်ငံရေးအရသာမက ကျန် ကိစ္စရပ်များတွေမှာပါ ကလေးသူငယ် တွေကို အသုံးမချသင့်ဘူး။ ကလေး တွေကို ဘယ်လိုကူညီဖြေရှင်းပေးမလဲ ပေါ့။ ကလေးငယ်တွေရဲ့ပြဿနာ ဖြစ်နေတာဘာလဲ။ ဒါတွေကို ဘယ် လို ကူညီဖြေရှင်းပေးမလဲ။ ဘယ်လို ကူညီရမလဲ၊ ဥပဒေအကြောင်းအရ ပါဝင်ကူညီပေးမလား။ ဒါမျိုးကိုပဲ လုပ်သင့်တယ်လို့ ထင်တယ်ဗျ''ဟု ကိုဒီငြိမ်းလင်းက ပြောသည်။

ကလေးသူငယ်များအား နိုင်ငံ ရေးရလဒ်တစ်စုံတစ်ရာအကျိုးကြောင့် အသုံးချခြင်းမျိုးမပြုလုပ်ရန်မှာ ပြည် တွင်းနိုင်ငံရေးသမားများအပေါ် မူ တည်ကြောင်း ယင်းက ဆိုသည်။

''နိုင်ငံရေးလုပ်တဲ့သူတွေရဲ့ အ တွေးအခေါ်အပေါ်ပဲ မူတည်တယ် ဗျ။ သူတို့တွေအတွေးအခေါ် ဘယ် လောက်ရင့်ကျက်ပြီလဲ။ နိုင်ငံရေး လုပ်တဲ့သူတွေရဲ့ အတွေ့အကြုံရင့် ကျက်မှုပေါ်မူတည်ပါတယ်''ဟု ကိုဒီ ငြိမ်းလင်းက ပြောသည်။

ကလေးသူငယ်များကို နိုင်ငံရေး အရ အသုံးချခြင်းမျိုး မပြုလုပ်သင့် သည်မှာ မှန်ကန်သော်လည်း အသုံး ချခံမဟုတ်ဘဲ အသက်အရွယ်အပိုင်း အခြားအလိုက် ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြင့် ပါဝင်ခွင့်ရှိကြောင်း ဦးအောင်မျိုး မင်းက ပြောသည်။
''အသက်အရွယ် ၁၂နှစ် ၁၃ နှစ်အထက်အရွယ်ဆိုရင် နားလည် သဘောပေါက်တဲ့ အရွယ်ကို ရောက် နေပြီဖြစ်ပါတယ်။

ဥပမာ- ဆန္ဒပြ တယ်ဆိုပါတော့။ ဒီအသက်အရွယ် က ဘာကြောင့်ဆန္ဒပြရတယ်။ ဆန္ဒ ပြရတဲ့အကြောင်းအရင်းကိုလဲ သ ဘောပေါက်တယ်။ ဒါဆိုရင်တော့ ပါဝင်ခွင့်ရှိပါတယ်။ မပါပါဝင်အောင် အတင်းအကျပ်စေခိုင်းခြင်းမျိုးက လွဲ လို့ပေါ့''ဟု ဦးအောင်မျိုးမင်းကပြော သည်။

Democracytoday

0 comments:

Post a Comment