Thursday, November 27, 2014

‘Avatar’ ရုပ်ရှင် ဇာတ်လမ်း အဆက်များတွင် အံ့အားသင့်စရာ များကို မြင်ရမည်ဟု

နယူးယော့ခ်၊ နိုဝင်ဘာ ၂၇။ ၂၀၀၉ ခုနှစ်တွင် ထွက်ရှိခဲ့ပြီး ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ဇာတ်ကား အဖြစ် မှတ်တမ်းဝင်ခဲ့သည့် သိပ္ပံရုပ်ရှင် ‘Avatar’ ၏ အဆက်အဖြစ် ထွက်ရှိလာမည့် ရုပ်ရှင်ကား သုံးကားသည် ပရိသတ်များ အကြား အပြောများ ဦးမည့် ဇာတ်ကားများ ဖြစ်သည်ဟု အဆိုပါ ရုပ်ရှင်ကို ရိုက်ကူးခဲ့သူ ဟောလီးဝုဒ် နာမည်ကြီး ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်က ဆိုသည်။



အသစ် ထွက်မည့် ၄င်း၏ ရုပ်ရှင်ကား သုံးကားနှင့် ပတ်သက်ပြီး ဒါရိုက်တာက ကြွားလုံး ထုတ်ခဲ့ပြီး ပရိသတ်များ အံ့အားသင့် သွားအောင် လုပ်ပြမည်ဟုလည်း ကတိပြု ခဲ့သည်။“ဇာတ်ကား အသစ်နဲ့ ပတ်သက်ပြီး တစ်ခု ပြောနိုင်တာက ဒီဇာတ်ကားမှာ အံအ့ားသင့်စရာတွေ တွေ့ရဦး မှာပါ။ ဒီကားကို ကြည့်ရင်း ပရိသတ်တွေ ပါးစပ် အဟောင်းသား ဖြစ်သွားမယ့် အံ့အားသင့်စရာ တွေလည်း ပါမှာပါ။ တစ်စက္ကန့်ကို ပုံရိပ် ၄၈ ခု အစား ၆၀ ခုနှုန်းနဲ့ ရိုက်သွား မှာပါ” ဟု အင်ပါယာ မဂ္ဂဇင်းကို ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်က ပြောခဲ့သည်။

ဇာတ်ကားအဆက် သုံးကား၏ ဇာတ်ညွန်းများကို ရေးသားရန် အတွက် ဂျို့ရှ်ဖရိုင်းဒ်မင်း၊ ရစ်ခ်ဂျက်ဖာ၊ အမန်ဒါ ဆေးလ်ဗားနှင့် ရှိန်းဆလာနို တို့ကို ငှားရမ်းခဲ့ပြီး ဇာတ်ညွန်းရေး ဆရာများ အခြေခံအဖြစ် အသုံးပြု နိုင်ရန် အတွက် စာမျက်နှာပေါင်း ၁၅၀၀ ခန့်ရှိသည့် မှတ်စု များကို ကင်မရွန်းက ကိုယ်တိုင် ရေးသားကာ ပေးပို့ခဲ့သည်။

“ဇာတ်ညွန်း အဖွဲ့က ဇာတ်ညွှန်းရေးခန်း ထဲမှာ တစ်နေ့ကို ရှစ်နာရီနှုန်းနဲ့ ငါးလလောက် ထိုင်ရေးခဲ့ကြ ရပါတယ်။ ဇာတ်လမ်း သုံးခုစလုံးကို ဇာတ်လမ်းတွဲ တစ်ခုလို အချိတ်အဆက် မိဖို့ ကျွန်တော်တို့ ကြိုးစား ရေးသား ခဲ့ကြပါတယ်။ ဇာတ်လမ်း သုံးကားစလုံး အတွက် ညီတူညီမျှ ကြိုးပမ်းအားထုတ် ခဲ့ရပါတယ်” ဟု ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်က ဆိုသည်။

‘Avatar 2’ ရုပ်ရှင်ကို လာမည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁ရက်တွင် ရုံတင်ရန် စီစဉ်ထားပြီး ကျန်သည့် ဇာတ်ကား နှစ်ကားကိုမူ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တွင် အသီးသီး ပြသနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

Ref: Ace Showbiz

Mizzima

0 comments:

Post a Comment