Tuesday, November 25, 2014

ထိပ်သီးလေးဦး ဗီအိုအေနှင့် တွေ့ဆုံမေးမြန်းခန်းမှာ ဘာတွေပြောခဲ့သလဲ


ဓာတ်ပုံ− ဂျေမောင်မောင်(အမရပူရ)

ဗီအိုအေမြန်မာပိုင်းအစီအစဉ်က ယခုတစ်ပတ်အတွင်း သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ လေးဦးစလုံးနှင့် သီးသန့်တွေ့ဆုံမေးမြန်းခဲ့သည်။ အဆိုပါ တွေ့ဆုံမေးမြန်းမှုများမှ အချို့ကို ဗီအိုအေ၏ခွင့်ပြုချက်ဖြင့် 7Day Daily ပရိသတ်များအတွက် ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။သမ္မတဦးသိန်းစိန်−

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပုဒ်မ ၄၃၆ ပြောင်းလဲရေးမှာ ဘာတွေများ တိုက်တွန်းပေးနိုင်သလဲ။ ဘာတွေများတိုက်တွန်းပေးဖို့ ရှိသလဲ ဆိုတာလေးကို တစ်ချက်လောက် ပြောပြပေးပါလား။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် အဓိက ခုနကလို တာဝန်အရှိဆုံးကတော့ လွှတ် တော်ထဲမှာပဲ။ ဒုတိယကတော့ ပြည်သူပဲ။ အစိုးရကလည်း ဘာ လုပ်လိုက်ပါ၊ ပြင်လိုက်ပါ၊ မပြင်လိုက်ပါနဲ့ ကျွန်တော်တို့ ပြောလို့ မရဘူး။ တပ်ကလည်းသွားပြီးတော့ ခင်ဗျား ဒါပြင်လိုက်ပါ၊ မပြင်လိုက်ပါနဲ့ ပြောလို့မရပါဘူး။ တပ်ကို ကျွန်တော်တို့က ခင်ဗျားတို့က ဒါပြင်ဖို့အတွက် ပြောလိုက်ပါ၊ ဒါမပြင်ဖို့အတွက် ပြောလိုက်ပါ၊ ကျွန်တော်ပြောလည်း ဘာမှ အဓိပ္ပာယ်မရှိဘူး။ ခုနကလို တပ်ကပြောလည်း ခင်ဗျားမပြင်နဲ့ဗျာ ဆိုလို့လည်း လွှတ်တော်ထဲကနေ အတည်ပြုဆုံးဖြတ်လိုက်ရင် ပြင်လို့ရတာပဲ။ ခုနကလို၊ ဒါပြင်ပါဗျာဆိုလို့လည်း လွှတ်တော်ထဲကနေ သူတို့ မဲနဲ့ခွဲဆုံးဖြတ်တယ်။ မဲအရ သူတို့က အရေးသာမှုမရှိဘူးဆိုရင်လည်း ဒါဟာ ခုနကလို ဟိုဒင်းဖြစ်မှာပဲ။ အဓိက ကတော့ ခုနကလို လွှတ်တော်ရဲ့ အဆုံးအဖြတ်ပဲ။ သမ္မတရဲ့ အဆုံးအ ဖြတ်လည်းမဟုတ်ဘူး။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆုံးအဖြတ် လည်းမဟုတ်ဘူး။ ဒါကိုဒီကိစ္စ ပြင်ဖို့၊ မပြင်ဖို့ကိစ္စက သမ္မတက ကာကွယ်ရေးဦးစီးချုပ်ကို သွားပြီးတော့ ပြောစရာလည်း ကျွန်တော်တို့ ဒါ . . . မရှိပါဘူး။ အ ကြောင်းလဲမရှိဘူး။ အဲဒီတော့ အဓိကအရှင်းဆုံးကလည်း ဒီ အတိုင်းပါပဲ။

ပထမဦးဆုံးက ခုနကလို လွှတ်တော်မှာ တာဝန်ရှိတယ်။ လွှတ်တော်ကပဲ ပြင်သင့်တယ်။ မပြင်သင့်ဘူး။ ဒါကိုခုနကလို ဟုတ်လား၊ သူ့ Procedure လည်း ပေးထားပြီးဖြစ်တယ်။ ဒီ Procedure အတိုင်း လုပ်သွားဖို့လို တယ်။ လွှတ်တော်ထဲမှာ ပြင်လို့ရတဲ့ဟာတွေကိုပြင်၊ ပြင်လို့မရတဲ့ဟာတွေကျလို့ရှိရင် ခုနကလို ဟိုဒင်းနဲ့ Referendum လုပ်ပါဆို ပြီးတော့ ဟိုထဲမှာ အတိအကျ ပြောထားတာပဲ။ ပြင်ဆင်ရေး၊ မပြင်ဆင်ရေးက တိုက်ရိုက် သမ္မတတို့၊ ကာကွယ်ရေးဦးစီးချုပ် တို့နဲ့ တိုက်ရိုက် ကျွန်တော်တို့က ပတ်သက်မှုမရှိပါဘူး။

လေးပွင့်ဆိုင်တွေ့ဆုံဖို့ တောင်းဆိုမှုအပေါ်ကို သမ္မတကြီးအနေနဲ့ ဘယ်လိုများဆက်ပြီးဆောင်ရွက် ပေးချင်လဲခင်ဗျ။ ဒါဟာဖြစ်လာ နိုင်မယ့်အနေအထားရှိပါသလား။

အဲဒီတော့ တစ်ဖက်နဲ့ တစ်ဖက်၊ တစ်ဦးနဲ့ တစ်ဦး၊ တစ် ယောက်နဲ့ တစ်ယောက်ကတော့ သဘောထားချင်းတူတာတွေရှိသလို၊ မတူတာတွေ ကျွန်တော်တို့ ရှိမှာပါပဲ။ အဲဒီတော့ တူတာတွေ ကို ကျွန်တော်တို့ ပူးပေါင်းပြီးတော့ လုပ်ကြရအောင်။ မတူတာတွေကို ကျွန်တော်တို့ ခုနကလို ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်း၊ ညှိ နှိုင်းခြင်းနဲ့ ကျွန်တော်တို့ ဒီအတိုင်း ကျွန်တော်တို့ နိုင်ငံရေး ယဉ်ကျေး မှုသစ်အရ ကျွန်တော်တို့ လုပ် သွားကြရအောင်ဆိုတာ ဒါ . . . ကျွန်တော်တို့ရဲ့ မူဝါဒပါပဲ။ ကျွန်တော်တို့ မူဝါဒပါ။

ကျွန်တော်တို့ ဒီအထဲမှာ အချင်းချင်းမပြောနဲ့၊ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းနဲ့ တောင်မှ ဒီမူဝါဒနဲ့ ကျွန်တော်တို့ လုပ်သွားတာပါ။ မတူတာတွေ ရှိ တယ်။ ကွဲပြားခြားနားမှုတွေကို ကျွန်တော်တို့လက်ခံရမယ်။ တူညီတာတွေလည်း ကျွန်တော်တို့ရှိ တယ်။ တူညီတာတွေကို တွဲပြီး တော့ လုပ်ကြမယ်။ မတူညီတာ တွေကျလို့ရှိရင် ခုနကလို တစ် ယောက်နဲ့ တစ်ယောက်အနိုင် အရှုံးတွေနဲ့ ပထုတ်ပစ်မယ့်အစား ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်း၊ ညှိ နှိုင်းခြင်းနဲ့ ဒီအတိုင်းကျွန်တော် တို့ လုပ်သွားကြရအောင်။ ဒါ ကျွန်တော်တို့ရဲ့ အခြေခံမူပါပဲ။ နောက်တစ်ခုက ခုနကလို ဆွေး နွေးဖို့အတွက် ကျွန်တော်တို့ကို တောင်းဆိုလာတယ်။ လေး ယောက်တွေ့ကြ၊ ပြုကြမယ်ဆိုပြီးတော့ တောင်းဆိုလာတယ်။ အဲဒီ တော့တိုင်းပြည်တစ်ပြည်လုံးရဲ့ အရေးကိစ္စဟာ ကျွန်တော်တို့ လေးယောက်ထဲနဲ့ ဆွေးနွေးပြီး တော့ ကျွန်တော်တို့အဆုံးအဖြတ်ပေးမှာလား။ တိုင်းပြည်တစ်ပြည် လုံးရဲ့ ကိစ္စကို ကျွန်တော်တို့ လေးယောက်နဲ့ ဆွေးနွေးပြီးတော့ အဆုံးအဖြတ်ပေးတာ၊ ဆွေးနွေးတာဟာ ဒါမှန်ကန်တဲ့ လမ်းကြောင်း တစ်ခု။ သို့သော်လည်း ဒီလေးယောက်တည်းနဲ့ ဆွေးနွေးကြမယ်၊ ပြုမယ်၊ အဆုံးအဖြတ်ပေး ကြမယ်ဆိုရင်တော့ ဒါကတော့ ကျွန် တော်ကတော့မပြည့်စုံဘူးလို့ ကျွန်တော်ထင်တယ်။

လေးယောက်တည်း ဆိုတော့ ကျွန်တော်တို့ ကျဉ်းလည်း ကျဉ်းမြောင်းတယ်။ အများနဲ့ကျွန်တော်တို့ ဆွေးနွေးကြရအောင်။ ဆွေးနွေးဖို့ဆိုတာကတော့ မှန်တဲ့ လက္ခဏာ။ သို့သော်လည်း အများနဲ့ ဆွေးနွေးတာက တိုင်းပြည်အတွက်က ပိုပြီးတော့အကျိုးရှိမယ်ဆိုပြီးတော့ ဒါ . . . ကျွန်တော့်ရဲ့ ခံယူချက်အရ ကျွန် တော်တို့ ဒီလို ဟိုဒင်းလုပ်တာပါပဲ။ ဆွေးလည်း ဆွေးနွေးပြီးပြီ။ ဒါဟာ ရုပ်ပြအနေနဲ့ ကျွန်တော်တို့ ဆွေးနွေးတာမဟုတ်ဘူး။ အဲဒီ အစည်းအဝေးမှာလည်း ပြောလိုက်တယ်။ မကြာမကြာ ကျွန် တော်တို့ တွေ့ကြရအောင်။ မကြာမကြာ ဆွေးနွေးရအောင်။ ဒါဟာ ကျွန်တော့်ရဲ့ နိုင်ငံရေး စေတနာပါပဲ။

အချိန်အပိုင်းအခြားအရ ဒါဆိုလို့ရှိရင် လေးပွင့်ဆိုင်မဖြစ်နိုင်ဘူး ဆိုရင် ၁၄ ပွင့်ဆိုင်ပေါ့နော်။

မဖြစ်နိုင်ဘူးဆိုတာတော့ မဟုတ်ဘူး။ သို့သော်လည်း ကျွန် တော်တို့ ခုနကလို၊ ပုဂ္ဂိုလ်ချင်းကတော့ တစ်ယောက်တည်းလည်း တွေ့နေကြတာ။ တစ်ဦးချင်းတွေ တွေ့နေကြတာရှိတာပဲ။ အဲဒီ တော့ လေးယောက်တည်း ဆွေးနွေးမယ့်အစား အများနဲ့ ဆွေးနွေးတာက ပိုပြီးတော့ ကောင်းမလား ဆိုပြီး ဒီConcept နဲ့ ကျွန်တော်တို့ သွားနေတာပါ။

ဒီအများနဲ့ ဆွေးနွေးပွဲက ဘယ် တော့လောက်မှာ ဆက်ဖြစ်မလဲ။ ဘယ်တော့လောက် ထပ်လုပ်ဖို့ရှိ ဦးမလဲခင်ဗျ။

ကျွန်တော် ထင်တယ်။ အချိန်တော့ ကျွန်တော်တို့က သတ်မှတ်ထားတာတော့မရှိဘူး။ ခဏခဏကျွန်တော်တို့ တွေ့နိုင်လေ ကောင်းလေပါပဲ။ ကျွန် တော်သဘောထားကတော့ ဒီ အတိုင်းရှိတယ်။ ဒီလူတွေကလည်း ပုဂ္ဂိုလ်ချင်းအရ တစ်ဦးချင်း ကျွန်တော်တို့ ရင်းနှီးနေတဲ့ ပုဂ္ဂိုလ်တွေပါပဲ။ ပါတီဆိုလို့ရှိရင် ဒါအားရစရာကောင်းတယ်။ ကျွန်တော်တို့ ပါတီ ၄၀ ကို ကိုယ်စား ပြုတဲ့အဖွဲ့တွေ တက်လာတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း လေးပွင့်ဆိုင် ဆွေးနွေးဖို့ဆိုတဲ့ဟာကို သူ တောင်းဆိုတာကလည်း ပါတီ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ခုနကလို သူတို့လက်မှတ်ထိုးပြီး တော့ ဒီလိုတောင်းဆိုတာပါ။ ပါတီဥက္ကဋ္ဌတစ်ယောက်အနေနဲ့ တောင်းဆိုတာဖြစ်တယ်။ သူတစ်ယောက်တည်းထက် ကျန်တဲ့ပါတီ ဥက္ကဋ္ဌတွေလည်း ပါတာကပိုပြီး တော့ မကောင်းဘူးလား။ကျွန် တော်တို့ကတော့ ဒီ . . . ဟိုဒင်း အတိုင်းကို ယူဆပြီးတော့ ဒါတိုင်း ပြည်အတွက်ပါပဲ။ အများနဲ့ဝိုင်း ပြီးတော့ ဆုံးဖြတ်တာက ပိုပြီး တော့ကျွန်တော်တို့က ဒါ . . .ပိုပြီးတော့ ပြည့်စုံတယ်ပေါ့။ ပိုပြီးတော့ အချက်အလက်တွေ ပိုပြီးတော့ ပြည့်ပြည့်စုံစုံနဲ့ ကျွန်တော်တို့ရမယ်။ ဆိုတော့-ဒီအမြင်နဲ့ ကျွန်တော်တို့က ဒါကို လုပ်တာပါ။ အဲဒီတော့ နောက်ထပ်လည်း ကျွန်တော်တို့ တွေ့မယ်၊ ပြုမယ်။ တွေ့ဖို့ ပြုဖို့လည်း အခြေအနေ အချိန်အခါပေါ် မူတည်ပြီးတော့ ကျွန်တော်တို့တွေ့သွားမှာပါ။ ။

−−−

ဒေါ်အောင်ဆန်းစုကြည်

တပ်မတော်ရဲ့သဘောအရဆိုလို့ရှိရင်တော့ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ၄၃၆ ကိုမပြင် တဲ့ဘက်ကပဲ ခိုင်ခိုင်မာမာရပ်တည်တယ်ဆိုတဲ့ ပုံစံရှိပါတယ်။ အဲဒီတော့ ဒီအခြေအနေဟာ ပြင်ဆင်ဖို့ လွယ်နိုင်ပါဦးမလား၊ ဖြစ် နိုင်ပါဦးမလားဆိုတာကို သုံးသပ် ပေးပါလား။

ကျွန်မတို့ အလုပ်စလုပ်ကတည်းက လွယ်နိုင်မယ်လို့ တော့ဘယ်တုန်းကမှ မသုံးသပ်ခဲ့ပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်မယ်ဆိုတာ ကတော့ အဓိက ယုံကြည်ပါတယ်။ ဒီဟာက ဘယ်တော့ဖြစ် မှာလဲဆိုတဲ့အပေါ်မှာတော့ ဒီဟာကမေးခွန်းရှိတာပေါ့နော်။ အနှေး နဲ့အမြန်ပေါ့။ ဒါပေမဲ့ မြန်လေလေ၊ နိုင်ငံအတွက်ကောင်းလေ လေပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြင်ဖို့လိုတဲ့ ကိစ္စတွေကို မြန်မြန် ပြင်ရဲတဲ့ သတ္တိရှိရမယ်။ မြန်မြန် ပြင်နိုင်တဲ့ အရည်အချင်း ကျွန်မတို့မှာ အားလုံးလိုတယ်။ အဲဒီတော့ မြန်လေ တိုင်းပြည်မနာလေပဲ။

ဟုတ်ကဲ့ခင်ဗျ။ အခုပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ မူကြမ်းလေးတွေ ဆွေးနွေးနေကြတာပေါ့။ ဆွေးနွေးတဲ့နေရာမှာ ဆွေးနွေးတဲ့ အဓိကအကြောင်းရင်းတွေက ဒီ တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ မဲပေးမယ့်ဆန္ဒတွေကို ကျော်လွန်ပြီးတော့ လုပ်ပိုင်ခွင့်ပုံစံမျိုး သဘောမျိုး ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ တပ်မတော်က ခါးခါးသီးသီးဖြစ်နေတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။ အဲဒီတော့ ဒီလိုသာမညှိနှိုင်းနိုင်ဘူးဆိုရင် ဘယ်လိုနည်းနဲ့ ဖြစ်အောင် အတိုးအလျှော့ လုပ်နိုင်မလဲ။

ခုနက ညှိနှိုင်းတယ်ဆိုတဲ့ စကားကို သုံးသွားတယ်။ ဒါကြောင့်မို့လို့ ညှိနှိုင်းဖို့ အင်န်အယ်လ်ဒီက အစဉ်တစိုက် တောင်းခံခဲ့တာပါ။ အခုမှတောင်းတာလည်း မဟုတ်ပါဘူး။ မနေ့တစ်နေ့ကမှ၊ တစ်လ၊ နှစ်လကမှ မဟုတ်ပါဘူး။ တစိုက်မတ်မတ် အင်န်အယ်လ်ဒီက နိုင်ငံရေးအရ အဖြေရှာဖို့ဆို တာ ဆွေးနွေးရမယ်၊ ညှိနှိုင်းရမယ်။ တိုင်ပင်ရမယ်ဆိုတာ အဲဒီမူပေါ်မှာ ရပ်တည်တယ်။ အခု ကျွန်မဆိုလို့ရှိရင်လည်း အရင်နှစ် စောစောပိုင်းကတည်းကလေး ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲဆိုတဲ့ဟာ တောင်းခဲ့တဲ့ဟာ ဒီလိုပြဿ နာတွေကို ကြိုတင်ပြီးတော့ ပြေလည်အောင်လုပ်ဖို့ပါ။

သမ္မတဦးသိန်းစိန်ကရော၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပါ လေးပွင့်ဆိုင် ဆွေးနွေးပွဲအစား အများနဲ့ပိုပြီး အကျုံးဝင်တဲ့ဆွေး နွေးပွဲတွေ သွားချင်တယ်ဆိုတဲ့ သဘောကို ပြောပါတယ်။ အဲဒီတော့ ဒီလေးပွင့်ဆိုင်ဆွေးနွေးပွဲက ဖြစ်နိုင်ပါတော့မလား။ ဒါဆိုလို့ရှိရင် တခြားဘယ်လိုနည်းလမ်းရှိဦးမလဲ။

ပထမဦးဆုံး ကျွန်မပြောချင်တာက လေးပွင့်ဆိုင်ဆွေးနွေးပွဲဆိုတာ ကျွန်မတို့တောင်းဆိုခဲ့တာဆိုလို့ရှိရင် တစ်နှစ်ကျော်ပြီ ပေါ့နော်။ အရင်နှစ်စောစောပိုင်းကတည်းက တောင်းဆိုခဲ့တာပါ။ အဲဒီကတည်းက ပိုပြီးတော့ အများပါဝင်စေချင်တယ်ဆိုလို့ရှိရင် ဒီလို ဆွေးနွေးပွဲတွေ ဒီလိုလုပ်ရအောင်ဆိုတဲ့ အဆိုပြုချက်တွေ၊ အကြံ ပေးချက်တွေလည်း တစ်ခါမှမရှိ ခဲ့ဘူး။ အခုနောက်ပိုင်းမှာမှ ဒီလို ပြောလာတာရှိတယ်။ ဒါလည်း ကျွန်မပြောဖူးပါတယ်။ ၃၁ ရက် နေ့၊ အောက်တိုဘာတုန်းကပေါ့ နော်။ ၁၄ ယောက်တွေ့တဲ့ကိစ္စ မှာ အဲဒီဟာကို ဘယ်လိုသဘော ရသလဲဆိုတော့ ကျွန်မ အဲဒီတုန်းက ရှင်းရှင်းလင်းလင်းပြောဖူးပါတယ်။ ဒီ ၁၄ ယောက်တွေ့တယ်ဆိုတာ တကယ်ထိရောက်မယ့် တွေ့ဆုံပွဲတွေ။ ထိရောက်မယ့် လေးပွင့်ဆိုင်။ ကျွန်မလေးပွင့်ဆိုင်ကို ဘာဖြစ်လို့ ထိရောက်မယ်လို့ ပြောတယ်ဆိုတာ နောက်ဆက် ပြီးတော့ရှင်းပြပါမယ်။ တကယ် ထိရောက်မယ့် လေးပွင့်ဆိုင်တွေ တွေ့ဆုံပွဲဖြစ်မြောက်စေရေးအတွက် လမ်းခင်းပေးတာဆိုရင် ကောင်းပါတယ်။ (ဟုတ်ကဲ့) လမ်းလွှဲတဲ့ပုံစံနဲ့လုပ်တယ်ဆိုလို့ရှိရင် တော့ ကျွန်မတို့အနေနဲ့ ဒါတော့ သဘောမတူနိုင်ဘူး။ ဒါကို ကောင်းတယ်လို့ ကျွန်မတို့မသတ်မှတ်ဘူးဆိုပြီး ကျွန်မကပြောပါ တယ်။ ကျွန်မတို့လေးပွင့်ဆိုင်လို့ ပြောတာဟာ တခြားလူတွေကို ထားပစ်ခဲ့ချင်လို့မဟုတ်ပါဘူး။ ထိရောက်စေချင်လို့ပါ။ ကမ္ဘာပေါ်မှာပေါ့နော် အပေးအယူလုပ်ပြီးတော့ သေချာသိပ်အရေးကြီးတဲ့ ကိစ္စတွေကိုဆွေးနွေးပြီးတော့၊ ညှိ နှိုင်းပြီးတော့ အဖြေရှာရတဲ့အခါမှာဆိုလို့ရှိရင် အစပိုင်းမှာဆိုလို့ရှိရင် အားလုံးပါဝင်ဖို့ အင်မတန်မှ ခက်ခဲပါတယ်။ ထိရောက်မှုဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်မှာဆိုရင် အင်မတန်မှ သိုသိုသိပ်သိပ်လုပ်ရပါတယ်။ ဥပမာဆိုရင် တောင်အာဖရိကပေါ့နော်။ တောင်အာဖရိကမှာ ပထမဆုံး ANC နဲ့ De Klerk နဲ့ပဲပြောတာပဲ။ နောက်တော့မှ CODESA (ကိုဒဲဆား)တို့ ပေါ်လာတာပေါ့။ တစ်ဆင့် တစ်ဆင့် ဒါတောင်မှ ကိုဒဲဆား(၁)က နေပြီးတော့ (၁)ရပ်ဆိုင်းသွားပြီးတော့ ပြတ်သွားပြီးတဲ့အခါကျ တော့ တစ်ခါ ANC နဲ့ De Klerk နဲ့ တစ်ခါပြန်ပြီးပြောပြီးတော့မှ နောက်ထပ် CODESA (၂)ဖြစ်အောင်လုပ်ရတာ။ စသဖြင့် စသဖြင့်ပေါ့နော်။ နောက် မြောက်အိုင်ယာလန်ကိစ္စမှာ ကြည့်လိုက်လို့ရှိရင်လည်း ဒီအတိုင်းပါပဲ။ နောက်ဆုံးမှာ ပါတီ(၈)ပါတီ၊ (၉)ပါတီလောက်ပါလာပေမယ့် ပထမဦးဆုံးအပိုင်းမှာဆိုလို့ရှိရင် ဗြိတိသျှအစိုးရနဲ့ အိုင်းရစ် အစိုးရနဲ့ တိုင်ပင်ရတယ်။ နောက်ပြီးတော့ IRA နဲ့တောင်မှ လျှို့ဝှက်ဆွေး နွေးတာတွေရှိခဲ့တယ်ဆိုတာကို ဝန်မခံခဲ့ဘဲနဲ့ နောက်ကျတော့ ပေါ်လာတယ်။

အဲဒီတော့ ဒါမျိုးဟာ ထိရောက်မှုအတွက်ဆိုလို့ရှိရင် စောစောပိုင်းမှာဆိုလို့ရှိရင်တော့ အင်မတန်သိုသိုသိပ်သိပ်နဲ့ လူနည်းစုကနေလုပ်ပြီးတော့ လမ်းခင်းလိုက်တာပဲ။ ANC နဲ့ De Klerk ဆွေးနွေးပွဲဟာ ကျန်တဲ့လူတွေကို ချန်ပစ်ခဲ့တာမဟုတ်ဘူး။ ကျန်တဲ့ လူတွေဝင်လာနိုင်တဲ့ ကိုဒဲဆားအတွက် လမ်းဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်မတို့က လေးပွင့်ဆိုင်တောင်းတယ်ဆိုတာဟာ ဟိုလူ့ထားပစ်ခဲ့စေချင်လို့၊ ဒီလူ့ထားပစ်ခဲ့စေချင်လို့မဟုတ်ပါဘူး။ ထိရောက်စေချင်လို့။ တခြားအများပါဝင်နိုင်တဲ့ လမ်းတစ်ခုကိုစပြီးတော့ ဖွင့်လိုက် ခြင်းပါ။

တကယ်လို့သာ လေးပွင့်ဆိုင် ဆွေးနွေးပွဲ ဖြစ်လာပြီဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အဓိကထား ဆွေးနွေးညှိနှိုင်းချင် တဲ့ခေါင်းစဉ်တစ်ခုကို ပြောပြပါလား။

အဲဒါကတော့ ပြောရမယ်ဆိုလို့ရှိရင် ၂၀၁၅ အလွန်ပေါ့။ အခုဟာက ကျွန်မအမြင်မှာတော့ အစိုးရရော၊ တခြား ပါတီတွေ ရော၊ နိုင်ငံရေးအင်အားစုတွေ ရော၊ ပြည်သူလူထုကရော၂၀၁၅ အလွန်ကို စိတ်ပူနေကြတယ်။ ဘာဖြစ်မလဲ။ အဲဒီတော့ ဒီစိတ်ပူစိုးရိမ်စိတ်တွေ မရှိအောင်လို့ စောစောကတည်းကနေပြီးတော့ ကျွန်မတို့ဟာ ၂၀၁၅ နောက်ပိုင်းမှာ ဘယ်လိုပုံစံနဲ့ အမျိုးသားရင်ကြားစေ့ရေး ခိုင်ခိုင်မာမာနဲ့ ချောချောမွေ့မွေ့ဆက်ပြီးသွားမယ်ဆိုတာကို အဲဒီဟာကို အဖြေရှာဖို့ ကျွန်မတို့ဆွေးနွေးဖို့လိုတာပါ။ ။

---

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ပုဒ်မ ၄၃၆ အရင်းအမြစ်ကို ပြင် နိုင်ဖို့အတွက် လွှတ်တော်ထဲမှာ အခု လက်ရှိ ဆွေးနွေးနေကြတဲ့ အခါမှာ ဗိုလ်ချုပ်မှူးကြီးတို့ရဲ့ တပ်မတော် ကိုယ်စားလှယ်တွေက ဒါမပြင်ရေးဘက်ကို ၀ိုင်းဝန်း ဆန္ဒပြုတာတွေလည်း တွေ့နေရ ပါတယ်။ အဲဒီ အကြောင်းရင်းလေးကိုပြောပါ။

အဲဒါဆိုရင်တော့ ကျွန်တော်တို့ကလည်း သူရဲ့ နောက်ခံ သမိုင်းလေးနဲ့ ပြောရမှပိုပြီး ကောင်းမယ်လို့ ထင်တာပေါ့လေ။ ကျွန်တော်တို့ နိုင်ငံကလည်း အင်္ဂလိပ်ရဲ့ ကိုလိုနီဖြစ်ခဲ့ပါတယ်။ ဒါလူတိုင်းလည်း သိပါတယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရဖို့အတွက်ကို တိုင်းရင်းသားပြည်သူတွေရဲ့ အသက်၊ သွေး၊ ချွေးများစွာ ပေးပြီး တော့ တိုက်ခိုက်ခဲ့ရပြီး လွတ်လပ်ရေးရခဲ့တာပေါ့။ လွတ်လပ်ရေးရ ပြီးနောက်မှာလည်း အခြေအနေ အမျိုးမျိုးကြောင့် ကျွန်တော်တို့ မှာ အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။ နောက်တစ်ခါကျွန် တော်တို့နားလေးမှာလည်း အိမ်နီးနားချင်းနိုင်ငံတွေကို ကြည့်မယ်ဆိုရင် အရှေ့ဘက်မှာလည်း လူဦးရေ သန်းပေါင်း ၁၃၀၀လောက်ရှိ တဲ့ တရုတ်နိုင်ငံပေါ့။ အနောက်ဘက်မှာဆိုလို့ရှိရင်လည်း လူဦးရေသန်းပေါင်း ၁၂၀၀ လောက်ရှိ တဲ့ အိန္ဒိယနိုင်ငံပေါ့။ တစ်ခါ အရင်ကတော့ အရှေ့ပါကစ္စတန် ပေါ့။ အခုတော့ ဘင်္ဂလားဒေ့ရှ်လို့ ခေါ်တဲ့ လူဦးရေသန်းပေါင်း ၁၆၀ လောက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှိတာပေါ့။ အင်မတန်အင်အား များပြားတဲ့ နိုင်ငံတွေပေါ့။ ဒီလို တွေနဲ့ ထိစပ်ပြီးနေရတဲ့ ကျွန် တော်တို့ နိုင်ငံပေါ့။ နောက်တစ်ခါ ကိုလိုနီဖြစ်ခဲ့တဲ့ သမိုင်းကြောင်း ပေါ့။ ဒါကိုမူတည်ပြီးတော့ နိုင်ငံ ရဲ့ တည်ရှိမှုဟာ ခိုင်မာဖို့တော့ လိုအပ်ပါတယ်။ ဒီအတွက် ကြောင့်လည်း ဥပဒေနဲ့ ပတ်သက် ပြီးတော့ ခိုင်ခိုင်မာမာရှိနေဖို့ဆို တာတော့ ပိုပြီးတော့လိုအပ်ပါ တယ်။ နိုင်ငံတည်ရှိမှုအရေးလို အပ်သလို ဒီနိုင်ငံတည်ရှိမှုအတွက်အထောက်အကူပေးနိုင်တဲ့ ဥပဒေကလည်း ခိုင်ခိုင်မာမာရှိနေဖို့ဆို တာတော့ ပိုပြီးတော့လိုအပ်ပါ တယ်။ ဥပဒေတစ်ခုကို မကြာခဏဟိုဟာလုပ်မယ်၊ ပြုမယ်ဆိုတာ ကလည်း ဒါကတော့ ငြင်းလို့တော့ မရပါဘူး။ အမြဲတမ်းပြည့်စုံတဲ့ ဥပဒေတစ်ခုဆိုတာကတော့ မရှိပါဘူး။ သို့သော်လည်းပဲ ဥပဒေ အရ အကောင်အထည်ဖော်တဲ့ နေရာမှာ လူကြီးတွေကလည်း တော်တော်လေးကို တွက်ဆပြီး တော့မှ ရှေ့လူကြီးခေါင်းဆောင် တွေအသီးသီးက တွက်ဆပြီး တော့မှ ဒီဥပဒေခိုင်ခိုင်မာမာဖြစ် အောင် ဆောင်ရွက်ပေးထားတာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော် တို့အနေနဲ့လည်း ဒီဟာကို ဆက်လက်ထိန်းသိမ်းတဲ့သဘောအနေ နဲ့ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်။

ပုဒ်မ ၅၉(စ) ကိစ္စနဲ့ပတ်သက်လို့ ကော ဗိုလ်ချုပ်မှူးကြီးရဲ့ အပြတ်သားဆုံးသဘောထားကို သိချင်ပါတယ်။

ကျွန်တော်တို့က ဒီဥပဒေ ရေးတုန်းက လူပုဂ္ဂိုလ်တစ်ယောက်အတွက် ရည်ရွယ်တာလည်း မဟုတ်ဘူး။ လူတစ်စုအတွက် ရည်ရွယ်တာလည်း မဟုတ်ဘူး။ တိုင်းရင်းသားလူမျိုးစုတစ်ခုအတွက် ရည်ရွယ်တာလည်း မဟုတ်ဘူး။ အဖွဲ့အစည်း တစ်ခုအတွက် ရည်ရွယ်တာ လည်း မဟုတ်ဘူး။ တစ်နိုင်ငံလုံးကို ခြုံငုံပြီးတော့မှ ရည်ရွယ်ပြီး ရေးခဲ့တာပေါ့လေ။ နောက်တစ်ခုက ထည့်စဉ်းစားရမယ့်အချက် တစ်ခုရှိတယ်။ စောစောက ပြောတဲ့ သမိုင်းကြောင်းပေါ့။ ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရခဲ့တဲ့ အချိန် ကာလရဲ့ မတိုင်ခင်ကာလနဲ့ တိုင်ပြီး ဒီဘက်ကာလပေါ့။ ခုနက ကျွန်တော်ပြောခဲ့တဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ပထ၀ီနိုင်ငံရေးတည်ရှိပုံ အနေအထားပေါ့။ လူဦးရေများပြားတဲ့ နိုင်ငံတွေကြားမှာတည်ရှိ နေတဲ့ ကျွန်တော်တို့နိုင်ငံအတွက် က လူဝင်မှုပြဿနာတွေက အ များကြီးရှိနိုင်တယ်။ ဒါကြောင့် လွတ်လပ်ရေးမရခင်မှာဖြစ်ပေါ်ခဲ့တဲ့ အကျိုးဆက်တွေက အခုထိ ကျွန်တော်တို့ ခံနေရတုန်း၊ ရင်ဆိုင်နေရဆဲရှိပါတယ်။ ဒါတွေကလည်း အများကြီးပါ။ ဒါတွေကို ခြုံငုံပြီးတော့မှ စောစောက ကျွန်တော်ရှင်းပြခဲ့တဲ့အထဲမှာ တစ်ချက်ပါသွားတယ်။

ရှေ့က လူကြီးတွေ၊ နိုင်ငံ့ခေါင်းဆောင်တွေ၊ ကျွန်တော်တို့ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင် ဆန်းအပါအ၀င်ပေါ့။ နိုင်ငံ့ခေါင်း ဆောင်တွေက ဒီဘက်ခေတ် ခေါင်းဆောင်တွေအထိ ပါပါ တယ်။ သူတို့တောက်လျှောက်ကို ဒါတွေက ချိန်ဆပြီး၊ တွေးခေါ်ပြီး လုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါ ကြောင့် ဒီဟာနဲ့ ပြောလို့ရှိရင် ကျွန်တော်တို့ ၅၉(စ)သည် လူ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ရည်ရွယ်ခြင်းမဟုတ်ပါဘူး။ တစ်နိုင်ငံ လုံးအတွက် အမျိုးသားရေးကို ရည်ရွယ်ပြီးတော့မှ လုပ်ထားရ တာဖြစ်ပါတယ်။ ဒါကျွန်တော် ခိုင်ခိုင်မာမာပြောရဲတယ်။ လူတစ် ဦးတစ်ယောက်ကို ရည်ရွယ်ပြီး လုပ်ထားတာ မဟုတ်ဘူးဆိုတာ ခိုင်ခိုင်မာမာပြောရဲတယ်။ ကျွန် တော်တို့အနေနဲ့ အမျိုးသားရေး ကိုတော့ ကြည့်ဖို့လိုအပ်ပါတယ် လို့ မြင်ပါတယ်။ ဒါကလည်း ရေရှည်ပေါ့လေ။ ကျွန်တော်တို့ ကာလတိုတစ်ခုကို ကြည့်ရင် တော့ မှန်ကောင်းမှန်နိုင်ပေမယ့် ရေရှည်ကျလို့ရှိရင်တော့ ချိန်ဆ ရမယ့်ကိစ္စတွေ အများကြီးရှိ တယ်။ ကျွန်တော်တို့ တိုင်းပြည်မှာလည်း လက်ရှိ အခြေအနေကိုပဲ လူဝင်မှုပြဿနာလေးတွေနဲ့ ရင်ဆိုင်နေရတာရှိပါတယ်။ လုပ်ငန်း တွေမှာလည်း ရှိတယ်။ တည်ရှိမှုအနေအထားမှာလည်း ရှိ တယ်။ တည်ရှိမှုအနေအထားမှာ လည်း ရှိနေတာကို တွေ့ရတယ်။ ဒါကြောင့်ဒါကိုတော့ ကျွန်တော် အနေနဲ့ ပြောရလို့ရှိရင် အရေးကြီးတဲ့ ကာလတစ်ခုအနေနဲ့ ရှုမြင်ပေးပါလို့ ပြောလိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးအပါအ၀င် လေးပွင့်ဆိုင်တွေ့ချင်တယ်ဆိုတဲ့ ဆန္ဒလေးတွေ သူပြုခဲ့တယ်လို့လည်း ကြားပါတယ်။ ဗိုလ်ချုပ်မှူးကြီးကကော ဒါတွေ့ဖို့ ဆန္ဒရှိလားခင်ဗျ။

လေးပွင့်ဆိုင်ဆိုတာ နည်းနည်းလေးကျဉ်းမလားလို့။ ကျွန်တော့်အမြင်ကတော့လေ။ နည်းနည်းကျဉ်းပါတယ်။ တိုင်းပြည်ကို ဒီလေးယောက်မှ တွေ့ဆုံပြီး ဆွေးနွေးမှဖြစ်မယ်ဆိုတာ တိုင်း ရင်းသားတွေလည်း အများကြီးရှိ ပါတယ်။ ကျွန်တော်ကတော့ အကုန်လုံးခြုံငုံပြီးတော့ ကျယ် ကျယ်ပြန့်ပြန့်လေးပေါ့လေ။ ဖြစ် နိုင်သလောက်ပေါ့။ ကျယ်ကျယ်ပြန့်ပြန့်ဆိုတော့လည်း လူတွေအများကြီး ဖိတ်ပြန်တော့လည်း အဲဒါကျ ထိန်းရ၊ပြောရဆိုရတာလည်း တစ်ယောက်တစ်ပေါက် နဲ့ဆိုရင်လည်း မဖြစ်ပြန်ဘူး။ သို့သော်ကိုယ်စားပြုတဲ့လူတွေနဲ့ ပြောရဆိုရမယ်ဆိုရင်လည်း ပိုပြီးတော့ အကျိုးရှိမယ်လို့ ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း သမ္မတကြီးတို့ ဖိတ်ခေါ်ချက်အရ ကျွန်တော်တို့ တွေ့ပါတယ်။ ဘာပဲ ပြောပြော ကျွန်တော်တို့က တိုင်းပြည်မှာတော့ သူ့နေရာနဲ့ သူ တာဝန်ထမ်းဆောင်နေတဲ့သူတွေဖြစ်တယ်။ ကျွန်တော်အနေနဲ့လည်း ဘာမှ မတွေ့နိုင်စရာအကြောင်းလည်းမရှိဘူး။

အဲဒီတော့ လေးပွင့်ဆိုင်မဟုတ်ရင် ရော နှစ်ဖက်ပွင့်ပွင့်လင်းလင်း တွေ့ဆုံဖို့-

ဒီလိုကျတော့လည်း ကျွန် တော်တို့က ဘာပြောစရာရှိလို့လဲ။ ကျွန်တော်တို့အလုပ်ကိုက အမျိုး သားနိုင်ငံရေးလုပ်နေတဲ့သူတစ် ယောက်ပဲ။ သူလိုချင်တဲ့ In−tention နဲ့ ကျွန်တော်ပြောချင်တဲ့ Intention နဲ့ တူချင်မှလည်း တူနိုင်မှာပေါ့။ အဲဒီလိုကျတော့ လည်း နှစ်ယောက်ချင်းဖြစ်ဖို့ဆို တော့လည်း ခက်ပါတယ်။ ခက် တော့ ခက်တယ်။ ဒါကတော့ ခက်ပါတယ်။ ဒါပေမဲ့အခါ အားလျော်စွာ တွေ့ဆုံဆွေးနွေးမယ့် အချိန်မျိုး ကြုံတဲ့အခါကျတော့လည်း ဆွေးနွေးဖြစ်ကောင်း လည်းဖြစ်နိုင်ပါတယ်။ မတွေ့ဘူး လို့ ကျွန်တော်မပြောပါဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ လိုအပ်တဲ့ အခြေအနေမှာ တွေ့ဖြစ်ရင် လည်း တွေ့သွားမှာပါ။

အဲဒီတော့ ငြိမ်းချမ်းရေးမှာပဲ အခုဗိုလ်ချုပ်မှူးကြီးလည်း စောစောက တော်တော်လေးရှင်းပြခဲ့ပါတယ်။ ဒီနေရာမှာ တိုင်းရင်းသားတွေက ပြောတဲ့အချက်တွေထဲမှာ တိုင်းရင်းသားတွေက ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော်ဆိုတဲ့ စကားလုံး အသုံးအနှုန်းလေးတွေကို မကြာခဏတွေ့ပါတယ်။ တောင်းဆိုချက်တွေ ပြင်းပြင်းထန်ထန်ရှိပါတယ်။တပ်မတော်အနေနဲ့ ဒီအချက်တွေကို ကြားထဲမှာ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တပ်မတော်နဲ့ကြားမှာ ဘာများကွဲလွဲမှုရှိလဲ။ ဖက်ဒရယ်ဆိုတဲ့ စကားလုံး စကားရပ်တွေကြားမှာ။

အင်း.. ပြဿနာကတော့ ဖက်ဒရယ်ရဲ့ definition ပေါ့။ အဲဒီတော့ အရင် ကျွန်တော်တို့ရဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းပြောသွားတာတွေရှိ တယ်။ ယူနီယံတို့၊ ဖက်ဒရယ်တို့ ပြောတာစကားရှုပ်ပါတယ်ကွာ.. တဲ့။ Wording ကတော့ ကျွန် တော်အတိအကျမဟုတ်ဘူးပေါ့ နော်။ အဲဒီသဘောပေါ့။ ရှုပ်တယ်၊ တို့မြန်မာလိုပဲ ပြည်ထောင်စုပဲ ခေါ်တာကောင်းတယ်ဆိုပြီးတော့ ပြည်ထောင်စုဆိုတဲ့အသုံးအနှုန်း လေးသူစခဲ့တာပါ။ ဒီစကားလုံး လေး ကျွန်တော်တို့ မှတ်သားမိဖူး ပါတယ်။ အရေးကြီးတာတော့ ဖက်ဒရယ်တို့၊ ပြည်ထောင်စုတို့ အဓိပ္ပာယ်လိုချင်တာ လျှောက်ဆွဲ ထုတ်မယ့်အစား တကယ်တော့ ကျွန်တော်တို့ တိုင်းရင်းသားအား လုံးစုစုစည်းစည်း ညီညီညွတ် ညွတ်နဲ့ နေဖို့အတွက်ပေါ့လေ ဒီလိုဆိုချင်ပါတယ်။ သူတို့ပြော နေတဲ့ ဖက်ဒရယ်ဆိုတာကတော့ သူတို့ရဲ့ ဖက်ဒရယ် UNFC ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ရေး ထားတဲ့ အချက်အလက်၊နောက် သူတို့ရေးထားတဲ့ အချက်အလက်၊ နောက်သူတို့ပြောတဲ့ ပြောမယ်ဆို ရင်တော့ ကျွန်တော်တို့ရဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေနဲ့တော့မတူဘူး။ ကွဲပြားမှုရှိနေတာကို သွားတွေ့ တယ်။ ခုနကပြောတဲ့ ဖက်ဒရယ် ပြည်ထောင်စုတပ်မတော်ပေါ့။ ဖက်ဒရယ် ယူနီယံအာမီပေါ့ FUA ပေါ့။ ဖက်ဒရယ်ယူနီယံအာမီက လည်း သူတို့ဖွဲ့ဖို့အတွက် ဖွဲ့ထား တာ။ အဲဒီခုနက ဖက်ဒရယ်ပြည် ထောင် UNFC ထဲမှာ ပါပါတယ်။ ဒီလိုသာဆိုလို့ရှိရင် ကျွန်တော်တို့ ဆီမှာလည်း တပ်မတော်ရှိတာ ပေါ့။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ တော့ အမျိုးသားတပ်မတော်ဆို တာရှိတယ်။ ကျွန်တော်တို့ဆီမှာ ဆို ကျွန်တော်တို့ တပ်မတော် ပေါ့။ ဘယ်နိုင်ငံမှာကြည့်ကြည့် အမျိုးသားတပ်မတော်ဆိုတာ တစ်ခုပဲရှိတယ်။ နှစ်ခု၊ သုံးခု အပြိုင်ဖွဲ့ထားတာ ဘယ်မှာမှမရှိ ဘူး။ Even အမေရိကန်လည်းမရှိ ဘူး။ အိမ်နီးနားချင်း အိန္ဒိယလည်း မရှိဘူး။ တရုတ်လည်းမရှိဘူး။ ထိုင်းလည်းမရှိဘူး။ ဘင်္ဂလား ဒေ့ရှ်လည်းမရှိပါဘူး။ ဒါနိုင်ငံ တကာစံနှုန်းနဲ့ကြည့်မယ်ဆိုရင် ပေါ့။ ကျွန်တော်တို့တပ်မတော် ပေါ့။ ကျွန်တော်တို့ တပ်မတော် ဟာ တိုင်းရင်းသားအားလုံးနဲ့ ဖွဲ့စည်းထားတဲ့ တပ်မတော်ဖြစ် ပါတယ်။ အရာရှိထဲမှာဆိုရင် (၄,၅၀၀) တိုင်းရင်းသားအရာရှိ တွေဖြစ်ပါတယ်။ ဒုတိယဗိုလ်ချုပ် ကြီးအဆင့်အထိရှိတယ်။ ကျွန် တော်ကိုယ်တိုင်ပင်လျှင် ထားဝယ်က ဖြစ်ပါတယ်။ မိဘတွေက ထားဝယ်ကဖြစ်ပါတယ်။ အဲ ကျွန် တော်က မြန်မာစိတ်ရှိပါတယ်။ မြန်မာစိတ်ပါပဲ။ အဲဒီတော့ ဒီနေ ရာမှာလည်း စောစောကပြောတဲ့ ဖက်ဒရယ်တပ်မတော်လို့ပြောရင် ကျွန်တော်တို့ တပ်မတော်မှာ လည်း စစ်မှုထမ်းတဲ့ စည်းမျဉ်း စည်းကမ်းတွေရှိတယ်။ မည်သည့် တိုင်းရင်းသားမဆို (၁၈)နှစ်ပြည့် ပြီးတဲ့ မိမိသဘောဆန္ဒအလျောက် ပြည့်တဲ့၊ ဆန္ဒအလျောက် တာဝန် ထမ်းဆောင်တဲ့ (၁၈)နှစ်ပြည့် တယ်၊ ကျန်းမာသန်စွမ်းတဲ့သူဆို ရင်တော့ တပ်မတော်က စံချိန် သတ်မှတ်ထားချက်တော့ရှိတာ ပေါ့ဗျာ။ ၁၃ ချက်ပေါ့။ ၁၃ ချက် နဲ့ ကိုက်ညီမယ်၊ ကိုယ်တိုင်ဆန္ဒပြု မယ်၊ အသက် (၁၈)နှစ်ပြည့်ပြီး မယ် အဲဒါဆိုလို့ရှိရင်တော့ မည် သည့်တိုင်းရင်းသားမဆို တပ် မတော်ထဲမှာ တာဝန်ထမ်းဆောင် ပိုင်ခွင့်ရှိပါတယ်။ တပ်မတော် ဆိုတာကတော့ စည်းစည်းလုံးလုံး ရှိမှဖြစ်မယ်။ လက်နက်ကိုင်အဖွဲ့ အစည်းဖြစ်တဲ့အတွက် တပ် မတော်ဆိုတာ ကွဲနေလို့မရဘူး။ ဒါကြောင့် စုစည်းညီညွတ်တဲ့ တပ်မတော်တစ်ခုပဲရှိဖို့သင့်တယ် လို့ ကျွန်တော်တို့ ယူဆတယ်။

အခုတော့ လက်ရှိတပ်မတော်အနေနဲ့က ပြောရမယ်ဆိုလို့ရှိရင် ပြည်ထောင်စုတပ်မတော် ဒါပေမဲ့လည်း တစ်ဖက်အသုံးအနှုန်း အနေနဲ့ဆိုလို့ရှိရင် ဖက်ဒရယ် တပ်မတော်ဆိုတဲ့သဘောမျိုး ပြောနိုင်ပါသလား။

ဒီလိုပါပဲ။ ဒီအဓိပ္ပာယ်ပါပဲ။ ပြည်ထောင်စု တပ်မတော်ပါပဲ။ တိုင်းရင်းသားအားလုံး ကျွန်တော်တို့ကောက်နုတ်ထားတဲ့ စာရင်းမှာဆိုရင် တိုင်းရင်းသားအားလုံးရှိ တယ်။ တပ်မတော်ထဲမှာ တိုင်းရင်းသားအားလုံးရှိတယ်။ တချို့ လည်း ကပြား၊ တချို့လည်း တိုင်းရင်းသားစစ်စစ်တွေရှိပါတယ်။ လက်ရှိလည်း တပ်သားကနေစ ပြီးတော့ အရာခံဗိုလ်အထိ တခြား အဆင့်ပေါ့။ ရှိတယ်။ အရာရှိဆို လို့ရှိရင်လည်း စောစောက ပြော သလို အရာရှိငယ်ကနေ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ တိုင်းရင်းသားတွေရှိတယ်ဆိုတာ ပြောလိုတယ်။ ။

-----

သူရဦးရွှေမန်း

ပထမလွှတ်တော် သက်တမ်းအတွင်းမှာ အစိုးရကို နာမည်စာရင်းမပေးခင် ကာလအတွင်းမှာ ၅၉(စ)ပြင်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။

အခု ဒီနေ့ လွှတ်တော်တွင်းမှာ ဆွေးနွေးနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြောင်းလဲရေးနဲ့ ပတ်သက်လို့က ၄၃၆ တစ်ခုတည်းကိုဆောင်ယူတာ မဟုတ်ဘူး။ ခုနကပြောတဲ့ ၅၉ (စ)စသဖြင့်ပုဒ်မတွေ အများကြီးဆောင်ယူ တာဖြစ်ပါတယ်။ ဒါကို ဒီတစ်ပတ်လွှတ်တော်မှာ ဥပဒေကြမ်းပြုစု ပြီးတော့ အဆုံးအဖြတ်ပေးတဲ့ နေရာမှာ ၄၃၆ လည်းပါတယ်။ ၅၉(စ)လည်းပါတယ်။

တစ်ပါတည်း ပါသွားတာပေါ့။

တစ်ပါတည်း ပါတယ်။ အဲတော့ တချို့က ပြောနေကြတယ်။ ၄၃၆ တစ်ခုပဲ အာရုံစူးစိုက်ပြင်မယ်ဆိုတဲ့အခါ မှာ ၄၃၆ ပြင်လို့မရဘူးဆိုရင် ဘာလုပ်မ လဲ။ ပြင်လို့ရခြင်း၊ မရခြင်းက လောလောဆယ်ဖြစ်ချင်တဲ့ ဆန္ဒပဲရှိတယ်။ ဖြစ်လာမယ်၊ မဖြစ်လာဘူးဆိုတာက လွှတ် တော်က ခုနကမဲ ပေးဆုံးဖြတ်တဲ့ အခါကျမှ ပေါ်လာမှာ။ ဒါကြောင့် မို့လို့ ခုနက ပြင်ဆင်တဲ့နေရာမှာ ၄၃၆ တစ်ခု တည်း ဦးတည် ဆောင်ရွက်တယ် ဆိုပေမယ့် ကျန်တဲ့အရေးကြီးပြင် ဆင်သင့် ပြင်ဆင်ထိုက်တာတွေ ပြင်ဖို့တစ်ပါတည်းဆောင်ရွက် နေတယ်။

ဒါပေမဲ့ ကျွန်တော်နားလည်ထားသလောက်ကတော့ ၄၃၆ က အင်မတန် အရေးကြီးပါတယ်။ ၄၃၆ ကြောင့်ပဲ လွှတ်တော်ရဲ့ ဥပဒေတွေဟာ ပြင်မလွယ်၊ ဆင်မလွယ်ပြဿနာတွေဖြစ်နေရတာပါ။ အထူးသဖြင့် ၇၅ ရာခိုင်နှုန်းကိစ္စ၊ နောက်ပြီးတော့ တစ်ဆင့်ပြီး တစ် ဆင့်တင်ရမယ့် ကိစ္စတွေဟာ မဖြစ်နိုင်သလောက် ဖြစ်နေတာ ကိုး။ အရေးကြီးတဲ့ အချက်တွေ ပြင်ဆင်ရေးဟာ မဖြစ်နိုင်သ လောက် ဖြစ်နေတယ်။ အထူးသ ဖြင့် ဥက္ကဋ္ဌကြီးလည်း ဟိုတစ်နေ့ကပြောခဲ့ပါတယ်။ တပ်မတော်ရဲ့ အမတ်ဦးရေဟာ ၂၅ ရာခိုင်နှုန်း သော အမတ်ဦးရေရဲ့ ထောက်ခံမဲတစ်မဲမှ မရခဲ့ဘူးဆိုလို့ရှိရင်၊ ၄၃၆မပြင်ဘဲ ၅၉(စ) ပြင်ဖို့ လုပ်နေတယ်ဆိုလို့ရှိရင် တစ်ပါတည်းအကုန်လုံးဆုံးရှုံးသွားမှာပဲ မဟုတ်တော့ဘူးလား။ ဘယ်လိုလုပ် ဒီဟာတွေဟာ ပြင်ဖို့ဖြစ်လာနိုင် မှာလဲ။

၄၃၆ ကလည်း ၄၃၆ အပိုင်းပဲ။ ၅၉(စ)ကလည်း ၅၉ အပိုင်းပဲ။၄၃၆ ကိုအောင်မြင်အောင် ဆောင်ရွက်မယ်ဆိုလို့ရှိ ရင်လည်း လွှတ်တော်တွင်းမှာရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်များ ရဲ့ ၇၅ ရာခိုင်နှုန်းအပါ၊ ၅၉(စ)လည်း ၇၅ ရာခိုင်နှုန်းအပါ။ ဒါကြောင့်မို့လို့တစ်ပါတည်းပဲ ဆောင်ရွက်ပါတယ်။ ဒါကြောင့်မို့ လို့ ၄၃၆ တစ်ခုတည်းဆောင်ရွက်မယ်ဆိုရင် အဲဒါတစ်ခုတည်းပြီး တဲ့နောက်ပိုင်းမှာ အဲဒါပြီးဖို့ဆိုရင်လည်း Referendum (လူထုဆန္ဒခံယူပွဲ) လုပ်ရဦးမှာ။ ၄၃၆ ကို ပြောင်းချင်တယ်။ ပြောင်းချင်တယ်ဆိုလို့ရှိရင် အောင်မြင်သွားပြီ။ အောင်မြင် သွားတဲ့အခါမှာ Referendum လုပ်ရဦးမှာ၊ Referendum လုပ် ပြီးသွားရင် Referendum ကသတ်မှတ်ထားတဲ့ ဆန္ဒမဲရတော့မှ ၄၃၆ က အတည်ဖြစ်မှာ။ အဲဒီတော့ အဲဒီ လုပ်ငန်းစဉ်နဲ့အတူတူ တစ်ပါတည်း ဆောင်ရွက်တာဖြစ်ပါတယ်။

အဲဒီမှာ ခုနက မေးခွန်းနဲ့ တစ်ဆက်တည်း ပြောပါမယ်။ လွှတ်တော်များ ပြန်လည်ဖွဲ့စည်း တဲ့အခါမှာ ၂၀၁၅ ရွေးကောက်ပွဲ ပြီးလို့ လွှတ်တော်များ ပြန်လည် ဖွဲ့စည်းတဲ့အခါမှာ လွှတ်တော် တွေ ပေါ်ပေါက်လာပြီ။ အဲဒီလွှတ် တော်တွေပေါ်ပေါက်လာတဲ့အခါ မှာ အကယ်လို့ ၅၉(စ)ကိုပြင်နိုင် တယ်ဆိုရင်၊ အဲဒီမှာ ပြင်ထား လိုက်တဲ့အတွက် လွှတ်တော် ဖွဲ့စည်းလိုက်တဲ့အပေါ်မှာ အစိုးရ ဖွဲ့စည်းလိုက်တယ်ဆိုလို့ရှိရင်၊ အကယ်၍ အဲဒီပုဂ္ဂိုလ်ဟာ ခုန ပြောတဲ့ ၅၉(စ) ပြင်ထားတာနဲ့ ညီညွတ်သွားတယ်ဆိုရင်၊ အစိုးရ အဖွဲ့မှာ ထိုက်သင့်တဲ့နေရာပြော မယ်ဆိုရင် ဒုတိယသမ္မတ၊ အဲဒီ ကတစ်ဆင့် သမ္မတဖြစ်နိုင်တဲ့ အခွင့်အလမ်းတွေရှိပါတယ်။

ဒါကြောင့်မို့လို့ အခုလုပ် ဆောင်ချက်ဟာ ရည်မှန်းချက်ကို အတိအကျထားပြီးတဲ့အခါမှာ အောင်မြင်မယ်ဆိုလို့ရှိရင် ၄၃၆ တင်မကဘူး။ ကျန်တဲ့ ဥပဒေတွေ ကိုပါ တစ်ခါတည်းပြင်ဆင်ပေး ပြီးတော့ လာမယ့် ၂၀၁၅ ရွေး ကောက်ပွဲအပြီး ဖြစ်ပေါ်လာမယ့် လွှတ်တော်တွေက ဆက်စပ်ပြီး တော့ အစိုးရအဖွဲ့ဖွဲ့စည်းတာ၊ တိုင်းဒေသကြီး အစိုးရဖွဲ့စည်း တာ၊ တိုင်းဒေသကြီးလွှတ်တော် ဖွဲ့စည်းတာ၊ တိုင်းဒေသကြီးမှာ ရှိတဲ့ တရားရေးမဏ္ဍိုင်တွေဖွဲ့စည်း တာ၊ ပြည်ထောင်စုမှာရှိနေတဲ့ တရားရေးမဏ္ဍိုင်နဲ့ အကျုံးဝင် အောင် လွှတ်တော်တွင်းမှာ ဆွေး နွေးနေပါတယ်။

အခုလက်ရှိအချိန် ဖွဲ့စည်းပုံအရ ပြောမယ်ဆိုလို့ရှိရင် ဒုတိယသမ္မတတွေအဖြစ်ကို အရင်ဆုံး အမည်တင်သွင်းခံရဖို့ လုပ်ကြရမှာပေါ့။ လုပ်ကြရဖို့ဆိုရင် တပ်မတော်က တစ်ယောက်ရှိမယ်။ တိုင်းရင်းသားတွေထဲက တစ်ယောက်ရှိမယ်ဆိုလို့ရှိရင် ဥက္ကဋ္ဌကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့က နောက်ထပ် ကျန်တဲ့ တစ်နေ ရာ ဒုတိယသမ္မတနာမည် တင်သွင်းခံရဖို့ အရေးကို အပြိုင်အ ဆိုင်၊ တကယ်လို့ ပုဒ်မ-၅၉(စ)ကို ပြင်ခဲ့တယ်ဆိုရင်ပေါ့ အပြိုင်အဆိုင် ကြိုးပမ်းကြရမယ့်ပုံ ရှိပါတယ်။ အဲဒီအတွက် ဥက္ကဋ္ဌကြီးအနေနဲ့ ဘယ်လို သဘောရှိပါသလဲ။

ဘယ်လိုသဘောရှိသလဲဆို ရင် ပြိုင်ဆိုင်ဖို့အတွက်ကတော့ ဒေါ်အောင်ဆန်းစုကြည်လည်း ပြိုင်ဆိုင်မယ်။ ကျန်တဲ့ တခြားသူ ရှိမယ်ဆိုရင်လည်း ပြိုင် ဆိုင်မယ်။ ဒါက အခွင့်အရေးပါပဲ။ ပြိုင်ဆိုင် မှုအတွက် မိမိတို့ လိုလားတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြော မယ်ဆိုရင်လည်း အခုပါတီချင်း ပြိုင်ဆိုင်နေတာပဲ။ လူချင်းလည်း ပြိုင်ဆိုင်နေတယ်။ အဲဒီလို ပြိုင် ဆိုင်ဖို့အတွက် ဒီလိုရှိတဲ့နေရာမှာ တစ်ယောက်နဲ့ တစ်ယောက် ရန်သူလို သဘောထားဆောင်ရွက်မယ့်အချိန်လည်း မဟုတ်ဘူး။ ဟိုတုန်းကလို ပါတီချင်းအနေနဲ့ လည်း အပြုတ်တိုက်ဖို့ အပြတ်ရှင်းတဲ့အချိန်လည်း မဟုတ်ဘူး။ ဒီဟာသည် ခေတ်စနစ်နဲ့ ပေါ် ပေါက်လာတဲ့ကိစ္စဖြစ်တယ်။ ပြိုင်ဆိုင်မှုအတွက်လို လား တယ်။ မည်သူမဆိုဝင် ရောက်ယှဉ်ပြိုင်နိုင် တယ်။ ဒီကနေ့ ဒေါ်အောင်ဆန်းစု ကြည်နဲ့ ခင်ခင်မင်မင်နေပြီးတော့ဆောင်ရွက်တဲ့ နေရာမယ် နိုင်ငံနဲ့

နိုင်ငံသား အကျိုးစီးပွားအတွက်ဆိုရင် အားလုံးပူးပေါင်းဆောင်ရွက်မယ်။ သို့သော် ရွေးကောက်ပွဲ ဆိုရင် ပြိုင်မယ်။ အနိုင်ရအောင်။ အဲဒီအတိုင်းပဲ ရွေးကောက်ပွဲ နောက်ပိုင်း ဖြစ်လာမယ့်ကိစ္စလည်း ပြိုင်မယ်။ ကောင်းသော ယှဉ်ပြိုင်ခြင်း၊ တရားသော ယှဉ်ပြိုင်ခြင်းအတွက် နှစ်ယောက်လုံးက သဘောတူပါတယ်။ ။


7Day Daily

0 comments:

Post a Comment