Thursday, November 20, 2014

မစ္စတာ အိုဘားမား အပြန် ဘာတွေ ကျန်ခဲ့ပါသလဲ


မြောက်လေရူးတိုးလို့ အေးစိမ့်စိမ့်ဖြစ်နေသည့်တိုင် မနက် ၆နာရီခွဲ၊ ၇နာရီဝန်းကျင်ကတည်းက ရေညှိအမှုန်တွေနဲ့ အုတ်ကန်ထဲကရေတွေကို သူ့ကိုယ် ပေါ် လောင်းချနေသည်။ နှုတ်ကလည်း မြန်မာသံစဉ်သီချင်း တစ်ပုဒ်ကို ညည်းလို့။ ညိုညက်ညက် သူ့အသားအရေကို လည်း ပဲရစ်ဆပ်ပြာနှင့် တိုက်ရသည် ကလည်း အမော။အသက် ၃ဝဝန်းကျင်ရှိ ကိုဖက်တီးသည် တော်တော် ဝီရိယကောင်းနေသည်။ တခြားနေ့များကဆိုလျှင် ရုံးသွားခါ နီးမှ အိပ်ရာထပြီးရေချိုးတတ်သည်။ ထိုနေ့ကတော့ သူ့ အလုပ်ကိုပါ ခွင့်စာတင်ထားသည်။ အမေရိကန်သမ္မတ မစ္စ တာအိုဘားမား ရန်ကုန်မြို့သို့ လာရောက်မည်ဆိုသည့် သတင်းကြောင့် ဖြစ်သည်။ ရန်ကုန်မြို့ ပြည်လမ်းမဘေးက စိန်ရတုခန်းမကြီးတွင် လူငယ်များ အား မိန့်ခွန်းပြောမည်ဟု သူသိထားသည်။

မွန်းလွဲနှစ်နာရီခွဲ သုံးနာရီတွင်မှ စိန်ရတုခန်းမကိုရောက် ရှိမည့် မစ္စတာ အိုဘားမားအား မနက်၈နာရီခွဲ ၉နာရီလောက် ကတည်းက ကိုဖက်တီး တစ်ယောက် သွားရောက်စောင့်ကြို နေသည်။ မစ္စတာအိုဘားမား လာမည်ဟုယူဆရသည့် ရန် ကုန်တက္ကသိုလ်အရှေ့ တတ္ကသိုလ်ရိပ်သာလမ်း ဘေးမှတ်တိုင် အနီးတွင် ကိုဖက်တီး စောင့်နေသည်။ လက်တစ်ဖက်က လည်း ဆမ်ဆောင်းဟန်းစက်ဖြင့် ဖေ့စ်ဘွတ်ခ်သုံးနေသည်။ သတင်းတွေကို သူ စောင့်ကြည့်သည်။

နိုဝင်ဘာ ၁၄ရက်၏ နံနက် ၁ဝနာရီခွဲလို့ ၁၁နာရီဝန်း ကျင်လောက်ရောက်တော့ သူမျှော်နေသည့် မစ္စတာအိုဘား မားကြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ပြီ ဟု သူသုံးနေသည့် အွန်လိုင်းဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ပေါ်လာသည်။ အနီးအနားရှိ သူ့လိုစောင့်ကြိုနေသူများကို လိုက်ပြနေသည်။ ညိုညက်ညက် သူ့မျက်နှာသည် ဝင်းလို့၊ လက်လို့၊ ဝမ်းသာနေသည့်ပုံ။

ညနေ ၃နာရီခွဲလောက်တွင်တော့ မစ္စတာအိုဘားမား သည် ကိုဖက်တီး စောင့်ကြိုနေ သည့် ကမာရွတ်(လှည်းတန်း) ခုံးကျော်တံတားအောက်မှဖြတ်ကာ စိန်ရတုခန်းမဆီသို့ ဦး တည်လာသည်။

တဝီဝီညံနေသည့်အသံမျိုးစုံဖြင့် အဖြူရောင်မော်တော် ဆိုင်ကယ်များနှင့် အဖြူရောင်ရဲကားများအကြားက မြန်မာ၊ အမေရိကန် အလံတိုင်ကလေးနှစ်ခုကို တစ်ဖက်တစ်ချက် စိုက်ထားသည့် မစ္စတာအိုဘားမား၏ အနက်ရောင်ကားသည် စိန်ရတုခန်းမရှိရာ ခြံဝင်းကျယ်ကြီးထဲသို့ ဝင်သွားသည်။ မဖြတ်ရလို့ အင်္ဂလိပ်လိုရေးထားသည့် အဝါရောင်ကြိုးတန်း ကိုဖြတ်ကာ လက်များဝှေ့ကာ ရမ်းကာ ရပ်စောင့်ကြိုသူများ က ကျန်ခဲ့သည်။ တချို့က အမေရိကန်အလံကို ကိုင်လျက်၊ တချို့က မြန်မာအလံကို ကိုင်လျက်။

နိုဝင်ဘာ ၁၂ရက် ည ၇နာရီကျော်က နေပြည်တော် လေဆိပ်ကို စတင်ရောက် ရှိခဲ့ သည့် မစ္စတာအိုဘားမားသည် ၁၃ရက်နေ့တွင်ကျင်းပသည့် နေပြည်တော်ရှိ အာဆီယံထိပ် သီးအစည်းအဝေးကို တက်ရောက်ခဲ့သည်။ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သည်။ သူရဦးရွှေ မန်း၊ ဦးခင်အောင်မြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါ အဝင် လွှတ်တော် ကိုယ်စားလှယ် ၁၃ဦးတို့ဖြင့်လည်း တွေ့ဆုံ ခဲ့သည်။ အပြန်အလှန် အမြင်ချင်း ဖလှယ်ခဲ့ကြသည်ဟူ၏။

သို့ဆိုလျှင် နိုဝင်ဘာ ၁၂ရက်ကနေ နိုဝင်ဘာ ၁၄ရက် ညနေ ၅နာရီခွဲကျော် သည်အထိ မြန်မာနိုင်ငံပိုင်နက်ထဲတွင် ရှိခဲ့သည့် မစ္စတာအိုဘားမားသည် မြန်မာနိုင်ငံအတွက် ဘာ တွေကို ထားရစ်ခဲ့ပါသနည်း၊ မည်သို့သောကတိတွေ ပေးခဲ့ ပါသနည်း၊ မည်သို့သော အကြံပြုချက်များ ရှိခဲ့ပါသနည်း စသဖြင့် တွေးဆစရာများကို မိမိတို့ရန်ကုန်တိုင်းမ်မှ မစ္စတာ အိုဘားမားနှင့် တွေ့ဆုံခွင့် ရခဲ့သူများကို ချဉ်းကပ်ကာ မေး မြန်းဖြစ်ခဲ့ပါသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် လွှတ်တော်များ၏ အခန်းကဏ္ဍသည် မည်သို့လိုက်ပါစီးမျောနေသလဲဆိုသည်ကို လွှတ်တော်နှစ်ရပ်မှခေါင်းဆောင်များနှင့်လွှတ်တော်ကိုယ်စားလှယ်များဦးဆောင် ကာ မစ္စတာ အိုဘားမားကို ရှင်းပြခဲ့ကြသည်ဟု ¤င်းနှင့်တွေ့ဆုံခွင့်ရခဲ့ သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရဲထွန်းက ပြော ပါသည်။

ကိုယ့်ခံစားမှုနှင့်ကိုယ် လွတ်လပ်စွာ တင်ပြပြောဆို ခွင့်ရှိသည့်အတွက် ၄င်းကတော့ ကျေနပ်သည်ဟုဆိုသည်။

ကိုယ်သန်ရာကိုတင်ပြခဲ့ကြရာ ဦးရဲထွန်းကတော့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အခြေပြုပြီး မြန်မြန်အပစ် ရပ်ကာ နိုင်ငံရေးဆွေးနွေးပွဲကို လုပ်နိုင်မှသာ ၂ဝဝ၈ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ၂ဝ၁၅ခုနှစ် အထွေထွေရွေး ကောက်ပွဲသည် ပိုမိုအလားအလာကောင်းသည်ဟု တင်ပြခဲ့သည်ဟုပြောပါ သည်။ ထိုအတွက် မစ္စတာအိုဘားမားက ဗဟိုချုပ်ကိုင်မှု အလျှော့အတင်းအပေါ် ယခုလို အကြံပြုခဲ့သည်ဟု ဦးရဲထွန်း က ပြန်ပြောပြသည်။

'' Centralization နဲ့ Decentralization ဆိုတဲ့ အစွန်း နှစ်ဖက်ကို မရောက်စေ ဖို့ပါ။ ဗဟိုချုပ်ကိုင်မှု သိပ်များလွန်းရင် တိုင်းပြည်ဖွံ့ဖြိုးမှုကို နှေးကွေးစေသလို တိုင်းရင်းသားတွေရဲ့ မကျေနပ်မှုတွေကို ကြုံရတတ်တယ်။ သိပ်ပြီး ဗဟိုချုပ်ကိုင်မှုကို လျှော့ချလွန်းရင်လဲ အစိုးရအ ဖွဲ့ပိုင်း အားနည်းမှုတွေနဲ့ ကြုံရတတ်တယ်''

မစ္စတာအိုဘားမား ပြောသွားသမျှထဲတွင် နောက်ထပ် သတိထားမိသည် ကတော့ တပ်မတော်၏အခန်းကဏ္ဍ ဖြစ် သည်။ တပ်မတော်အနေဖြင့် နိုင်ငံရေး လောကနှင့် ကင်း ကင်းရှင်းရှင်းနေဖို့ အကြံပြုသွားခဲ့သည်ဟုဆိုသည်။ ထို့အ တွက်လည်း ဒေသတွင်းနိုင်ငံတစ်ခုဖြစ်သည့် အင်ဒိုနီးရှား နိုင်ငံကို အတုယူကာ တပ်မတော်အနေနှင့် နိုင်ငံရေးကနေ ဆုတ်ခွာသွားသင့်သည်၊ သို့မှသာ နိုင်ငံရေး ပြုပြုပြင်ပြောင်းလဲ မှုသည် အောင်မြင်နိုင်မည်ဟု မစ္စတာ အိုဘားမားက ပြောဆို သွားခဲ့သည်။

''သူတို့နိုင်ငံမှာဆိုရင် တပ်မတော်နဲ့ နိုင်ငံရေးစကား မပြောဖြစ်ပါဘူးလို့ ပြောပါတယ်''ဟု ရှမ်းတိုင်းရင်းသားဒီမို ကရက်တစ်ပါတီ (SNDP) ၏ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးရဲထွန်းက ပြန်ပြောပြသည်။ ''အပြန်အလှန် အမြင် ချင်းဖလှယ်တဲ့ပွဲပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘာမှ ဝင်ရောက် ပြောဆို တာမျိုး မရှိပါဘူး။ အဓိကတော့ ကိုယ့် အမြင် သူ့အမြင်ကို ပြောကြ တာပါ။ အပြန်အလှန် ငြင်းချက် ထုတ်ပြီး ဆွေးနွေးရလောက်အောင် အချိန်မရလိုက်ပါဘူး''ဟု ၄င်းကဆက်ပြောသည်။

ဒီမိုကရက်တစ်လူမှုအဖွဲ့အစည်းထဲတွင် ကျင်လည်ခဲ့ ရသည့် မစ္စတာ အိုဘားမား အား စစ်အာဏာရှင်အစိုးရလက် ထက်မှ ပြောင်းကာစ မြန်မာပြည်၏ အခြေအနေကိုသာ အဓိက ပြောပြလိုက်ခြင်းဖြစ်သည်။ ''သူဆီက ဘာတွေ ရလိုက်လဲဆို တာထက် အချိန်မလောက်လို့ ကိုယ့်အခြေအနေတွေကို သူ သိအောင် ဂဃနဏ ရှင်းမပြလိုက်ရပါဘူး''ဟု ဦးရဲထွန်းက ပြောသည်။

မစ္စတာအိုဘားမားသည် နိုင်ငံတော်သမ္မတဦးသိန်းစိန် နှင့် ထိုနေ့ည ၈နာရီ ၄၅မိနစ်တွင် တွေ့ဆုံခဲ့သည်။ နိုင်ငံတော် သမ္မတအိမ်တော် သံတမန် ဆောင်ဧည့်ခန်းတွင် ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၏ အောင်မြင်မှုနှင့် စိန်ခေါ်မှုများ၊ လွတ်လပ်ပြီး တရားမျှတ သည့် ၂ဝ၁၅ခုနှစ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးမှုနှင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းဖွံ့ဖြိုး
တိုးတက်ရေးတို့ကို အဓိက ဆွေးနွေးခဲ့သည်။

ထို့ပြင်အာရှဒေသအတွင်းဓာတုလက်နက်အပါအဝင်ဖျက်အားပြင်းလက်နက်
(WMD) များကင်းစင်ရေး၊ ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးပြုပြင်ပြောင်း လဲမှု၊ ကလေးစစ်သားစုဆောင်းမှု၊ တားဆီးရေး စသည့် အရေးပေါင်းများစွာကို မစ္စတာအိုဘားမားနှင့် သမ္မတဦးသိန်း စိန်တို့ ဆွေးနွေး ဖြစ်ခဲ့သည်။

ဆွေးနွေးပွဲအပြီးမှာတော့ အမေရိကန်သမ္မတသက်တမ်း အတွင်း နှစ်ကြိမ်တိုင် အောင် လာရောက်လည်ပတ်ခဲ့သည့် မစ္စတာအိုဘားမားကို ကျေးဇူးတင်ကြောင်း သမ္မတဦးသိန်း စိန်က ပြောဆိုခဲ့သည်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တိုင်း သည် တစ်သမတ်တည်း မျဉ်းဖြောင့်တစ်ကြောင်းလိုမဟုတ်ဘဲ မြန်မာနိုင်ငံ အနေဖြင့် ဆက်လုပ်ရမည့်လုပ်ငန်းများစွာ ရှိနေသည်များကို မစ္စတာ အိုဘားမား က အကြံပြုခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ သည်။

အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ၏ မြန်မာ နိုင်ငံဆိုင်ရာ စီးပွားရေး အကြံပေး ဦးချစ်ထွန်းဖေကတော့ ယခုတစ်ခေါက် မစ္စတာအိုဘားမား၏ မြန်မာပြည်ခရီးစဉ်တွင် မတူညီသောနယ်ပယ်အစုံမှ ခေါင်းဆောင်များကို ထိတွေ့ ဆက်ဆံခဲ့ပြီး အပြုသဘောဆောင်သည့် တိုက်တွန်းအကြံပြု ချက်တွေကိုသာ ချပြသွားခဲ့သည်ဟု သုံးသပ်ပါသည်။ တိုင်း ပြည်၏ အနာဂတ် အတွက် အရေးကြီးသည့် လူငယ်များကို တွေ့ဆုံကာ ချဉ်းကပ်သွား သည့် မစ္စတာအိုဘားမား၏လုပ် ဆောင်ချက်သည် မြန်မာခေါင်းဆောင်များ အတွက် အတုယူသင့်သော ကိစ္စရပ်ဖြစ်သည်ဟုဆိုသည်။

နိုဝင်ဘာ ၁၄ရက်တွင်တော့ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင် ကြီးများ ကျဆုံးခဲ့ရာ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ဝန်ကြီးများရုံးမှ တစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ရောက်ကာ နှစ်ဦးသား တွေ့ဆုံဆွေးနွေးဖြစ်သည်များကို သတင်းမီဒီယာသမားများ အား မြိန်ရေရှက်ရေ ပြန်ကြားနေသည်။

အမေရိကန်ပြည်ထောင်စုသည် နိုဘယ်ဆုရှင်ဒေါ်အောင် ဆန်းစုကြည်ဘက်မှ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း မစ္စတာအိုဘားမားက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် ၏ သမ္မတဖြစ်ခွင့်ကို ဟန့်တားထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ၅၉(စ) ကို သူ့အနေနှင့် နားမလည်နိုင်ဟု ၄င်း က ဆိုသည်။ ထို့ပြင် ၄င်းတို့အချင်းချင်း အမြင်မတူမှု၊ သဘော ထားကွဲလွဲမှုများ ရှိနေလင့်ကစား အချင်းချင်း ခင်မင်ရင်းနှီး မှုကိုတော့ သက်ရောက်မှုမရှိဟု မစ္စတာအိုဘားမားက ပြော ဆိုသွားခဲ့သည်။

ထို့အတွက်လည်း ''အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီရေး လုပ်ဆောင်နေသူတွေကြားထဲမှာ ပြဿနာတစ်ခုခုရှိလာမှာကို ကျေးဇူးပြုပြီး မစိုးရိမ်ကြပါနဲ့''ဟု မစ္စတာအိုဘားမားက သတင်းမီဒီယာသမားများအား အသိပေးသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၄င်း၏ မြန် မာပြည် ဒုတိယ ခရီးစဉ် မစတင်မီ မစ္စတာအိုဘားမားသည် မြန်မာပြည်အပေါ် အကောင်းမြင် လွန်း နေပြီး ဒေါ်အောင် ဆန်းစုကြည်နှင့်ပင် သဘောထား မတိုက်ဆိုင်မှု များရှိနေ ကြောင်း ပြည်တွင်းပြည်ပသတင်းမီဒီယာများက ရေးသား ဝေဖန် ခဲ့ခြင်း ကြောင့် ဖြစ်ပေလိမ့်မည်။ ၄င်းပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် မစ္စတာ အိုဘားမားက ယခုလိုလည်း ကတိ စကား ပြောဆိုသွားခဲ့သည်။

''အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံရဲ့အပြောင်း အလဲတွေ အောင်မြင် ရေး အတွက် စွမ်းသမျှ အားလုံးလုပ် ဆောင်သွားမှာပါ''

ဦးချစ်ထွန်းဖေ၏အဆိုအရတော့ အမေရိကန်အစိုးရ သည့် လက်တွေ့ကျကျ လုပ်တတ်သည့်သဘောရှိသော ကြောင့် လက်ရှိမြန်မာအစိုးရအဖွဲ့သည် တစ်ချိန်က မည်သို့ ဖြစ်ခဲ့သည်ဖြစ်စေ လက်ရှိအားဖြင့် ပူးပေါင်းဆောင်ရွက်လို့ ရနေသမျှတော့ ရှေ့ဆက်ပြီး လက်တွေ့ကျသည့် ပူးပေါင်း ဆောင်ရွက်မှုများကို ဖော်ဆောင်သွားနိုင်သည်ဟုဆိုသည်။ ထိုကြောင့် အမေရိကန်အစိုးရ၏ သဘောသဘာဝကို အမြင် ကျယ်ကျယ်ဖြင့် ဖြန့်ကြက်နားလည်နိုင်ဖို့အတွက် မြန်မာပြည် သူများအနေဖြင့် ပြင်ဆင်ထားဖို့လိုသည်ဟု ၄င်းကပြောသည်။

ထို့နောက်မစ္စတာအိုဘားမား၏ စီးတော်ကားပါသည့် မော်တော်ယာဉ်တန်းသည် အမေရိကန်သံရုံးသို့ဦးတည်စေ သည်။ သူ့ကိုစောင့်နှင့်နေသော အရပ်ဘက် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့်တွေ့ဆုံရမည်။ သူတို့၏အသံများကို နားထောင်ပေးရဦးမည်။ ဘတ်စ်ကားမှတ်တိုင်အားဖြင့် နှစ် မှတ်တိုင်သာခြား သော ဒေါ်အောင်ဆန်းစုကြည်နေအိမ်နှင့် အမေရိကန်သံရုံးအကြား အကွာအဝေး ကို မိနစ်ပိုင်းအတွင်း အရောက်သွားသည်။

၎င်းနှင့်တွေ့ဆုံခွင့်ရခဲ့သည့် လူ့အခွင့်အရေးဆိုင်ရာလုပ် ငန်းများ ဦးစားပေး လုပ်ကိုင်နေသည့် Equality Myanmar မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်း ကတော့ မစ္စတာအို ဘားမားနှင့် တွေ့ဆုံဆွေးနွေးတင်ပြလိုက် ရသည့်အချိန် သည် တိုတောင်းသည်ဆိုသော်လည်း တော်တော်ကျေနပ်သည် ဟု ပြောပါ သည်။

''တစ်ဖွဲ့တစ်မျိုးစီဆိုတော့ တိုင်းရင်းသားအရေး၊ သဘာ ဝပတ်ဝန်းကျင်အရေး၊ အမျိုးသမီးအရေး၊ လူ့အခွင့်အရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ ကချင်ဒေသ မတည်ငြိမ် မှုတွေအဆုံး အကုန်လုံးကို တင်ပြဖြစ်သွားတယ်။ သတင်း မီဒီယာနဲ့ တရားဥပဒေစိုးမိုးရေးအခြေအနေတွေကို ပြောဆို ဖြစ်ပါတယ်''ဟု ဦးအောင်မျိုးမင်းက ရန်ကုန်တိုင်းမ်သို့ပြော သည်။

မစ္စတာအိုဘားမားသည် CSO(Civil Society Org anization-အရပ်ဘက်လူထု အခြေပြုအဖွဲ့အစည်း)တွေ၏ အခန်းကဏ္ဍကို ကောင်းကောင်းသဘောပေါက် သူဖြစ်သည် ဟု ဦးအောင်မျိုးမင်းက မှတ်ချက်ပြုသည်။ မှန်ကန်သည့်ရပ် တည်မှုရှိသည့် အရပ်ဘက်အဖွဲ့အစည်းတွေရှိမှသာ ကောင်း မွန်သည့် အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုကိုရနိုင်မည်ဟု ယုံကြည်သည်။

လူ့အခွင့်အရေးနှင့်ပတ်သက်လျှင်လည်း ခိုင်မာသည့် အစိုးရကောင်းတစ်ရပ် သည် လူ့အခွင့်အရေးကိုအလေးထား ပြီး လူ့အခွင့်အရေးချိုးဖောက်သူများကို တားဆီးကာ ထိ ရောက်သည့်အရေးယူမှုများကို ဆောင်ရွက်ဖို့ မစ္စတာအို ဘားမားက တိုက်တွန်းခဲ့သည်ဟု ဆိုပါသည်။

''ကမ္ဘာ့အင်အားကြီးခေါင်းဆောင်တစ်ဦးအနေနဲ့ စံပြ ဖြစ်အောင် မစ္စတာ အိုဘားမားက လုပ်ဆောင်သွားတယ်။ ဒီလိုတွေ့ဆုံမှုမျိုးဟာ ဒီမိုကရေစီ ခေါင်းဆောင်တိုင်း လုပ် ဆောင်လေ့ရှိတယ်ဆိုတာကို ပြသွားတာ''ဟု မစ္စတာ အိုဘား မား၏ CSO များအပေါ် အချိန်ပေးတွေ့ဆုံမှုကို ဦးအောင် မျိုးမင်းက အသိအမှတ်ပြုသည်။ ''ခေါင်းဆောင်ဆိုတာ ဘယ် လိုဖြစ်သင့်တယ်ဆိုတာကို ပြသွားတာပဲ''။

ထို့ပြင် နာရီပိုင်းမျှကြာသည့် ထိုတွေ့ဆုံချိန်အတွင်း မြန်မာပြည်၏ လူထုအခြေပြု အဖွဲ့အစည်းများ ဖွံ့ဖြိုးလာရေး အတွက် သူတို့အမေရိကန်အစိုးရ အနေဖြင့် လည်း ကူညီပံ့ပိုး ပေးသွားမည်ဟု ကတိပြုသွားကြောင်း ဦးအောင်မျိုးမင်း က ပြန်ပြောပြသည်။

ဆွေးနွေးလို့အပြီး သိပ်မကြာလိုက်ပါ။ မစ္စတာအိုဘား မားပါသည့် မော်တော် ယာဉ်တန်းသည် လုံခြုံရေးရဲတပ်ဖွဲ့ ဝင်များ၊ ယာဉ်ထိန်းရဲများနှင့် စောင့်ကြိုကြည့် ရှုသူ မြန်မာ ပြည်သူများ၏ရှေ့မှဖြတ်ကာ စိန်ရတုခန်းမသို့ ထွက်ခွာသွား သည်။ အသင့်စောင့်နှင့်နေသော အရှေ့တောင်အာရှမှ လူ ငယ် ၄ဝဝကျော်နှင့် တွေ့ရန်ဖြစ်သည်။ မိန့်ခွန်းပြောရန်၊ မေးခွန်းများ ဖြေကြား ရန်လည်း ဖြစ်သည်။

လူငယ်များသည် အရောင်အသွေးစုံလင်စွာဖြင့် ဝတ် စားဆင်ယင်ကာ မစ္စတာ အိုဘားမားအလာကို စောင့်ဆိုင်း နေကြသည်။ ဝင်ခွင့်မရသူများကတော့ မစ္စတာအိုဘားမား စီးလာသော အနက်ရောင်ကားကိုသာ အာရုံပြုလို့။ သူတို့ လည်း လူငယ်များပင်ဖြစ်သည်။ သို့သော် သူတို့ တွေ့ခွင့်မရ လိုက်။

မစ္စတာအိုဘားမားနှင့်တွေ့ဆုံခွင့်ရရှိသူ အများစုသည် အမေရိကန်သံရုံး နှင့်နီးစပ်သော၊ အမေရိကန်အထောက် အပံ့မကင်းသောသူများသာဖြစ်သဖြင့် ပြည်တွင်းရှိ လူငယ် ခေါင်းဆောင်များကတော့ သိပ်မကျေနပ်ကြ။

''တက်တဲ့လူငယ်တွေရဲ့ ၉ဝရာခိုင်နှုန်းကျော်လောက် က အမေရိကန်သံရုံးနဲ့ နီးစပ်သူ အသိုင်းအဝိုင်းက လူငယ် တွေပါ။ သူတို့က မြန်မာနိုင်ငံရဲ့ လူငယ်တွေ အရေးတွေကို ဘယ်လောက်ကိုယ်စားပြုလဲဆိုတာ မေးခွန်းထုတ် စရာရှိပါ တယ်။ လူငယ်တွေအရေး လှုပ်ရှားတဲ့သူတွေ၊ လူမှုရေးလုပ်တဲ့ လူငယ်တွေက အင်္ဂလိပ်စာတော့ အားနည်းကောင်း နည်း လိမ့်မယ်။ ဒါပေမဲ့ လူတွေရဲ့အရေး၊ တိုင်းပြည်ရဲ့အရေးကို အောက်ခြေကလုပ်နေတဲ့သူတွေပါ။ ဒီလိုလူတွေက အိုဘား မားနဲ့ မတွေ့လိုက်ရပါဘူး။ ဘာမှ မပြော၊ မဆိုလိုက်ရပါဘူး။ ဒါက တော်တော်ကိုစိတ်မကောင်းဖြစ်စရာပါပဲ''ဟု မစ္စတာ အိုဘားမားနှင့် တွေ့ခွင့်ရလိုက်သည့် မြန်မာပြည်လူငယ်အဖွဲ့ မှ ကိုသက်ဆွေဝင်းက ပြောပါသည်။ သို့သော် ၄င်းတို့အဖွဲ့ အနေဖြင့် ကြိုတင်ပြင်ဆင်ထားသည့် မေးခွန်းပေါင်း ၂ဝနှင့် အတူ မစ္စတာအိုဘားမားထံ အိတ်ဖွင့်ပေးစာတစ်စောင် ကိုပါ ရအောင်ပေးနိုင်ခဲ့သဖြင့် ကျေနပ်စရာရှိသည်ဟု ၄င်းကဆက် ပြောသည်။

သူ့အနေနှင့် အမေရိကန်အစိုးရ၏ မြန်မာပြည်အပေါ် ချဉ်းကပ်လာပုံကို ထောက်ရှု ကာ စိုးရိမ်မှုတစ်ခုတော့ရှိသည် ဟု ကိုသက်ဆွေဝင်းကဆိုသည်။ တစ်ချိန်က မြန်မာနိုင်ငံအ ပေါ် အမေရိကန်၏ချဉ်းကပ်ပုံသည် လူ့အခွင့်အရေး နှင့် ဒီမိုကရေစီအရေးကိုသာအခြေခံခဲ့သည်။ ယခုမစ္စတာအို ဘားမားအစိုးရ၏ ချဉ်းကပ်ပုံကတော့ မြန်မာနိုင်ငံတွင်ရှိ သည့် စီးပွားရေးအခွင့်အလမ်းများကြောင့် အကျိုးအမြတ် အတွက် ချဉ်းကပ်နေသလားဆိုသည်ကို သံသယဖြစ်မိသည် ဟု ၄င်းကဆိုသည်။

''အိတ်ဖွင့်ပေးစာမှာတော့ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်း လဲရေးဟာ အတုအယောင် ပြောင်းလဲမှု အဆင့်ပဲရှိသေးတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သိပ်အယုံမလွယ်ဖို့ကို Hight light ပေးခဲ့တယ်''ဟုကိုသက်ဆွေဝင်းက ပြောသည်။

မည်သို့ဆိုစေ မစ္စတာအိုဘားမား၏ မှတ်သားလောက် သည့်စကားတစ်ခွန်း ကိုတော့ ကိုသက်ဆွေဝင်းက တော် တော်ကြိုက်နေသည်။ သူကယခုလိုပြန် ပြောပြသည်။

''ပြောခဲ့တဲ့စကားတွေထဲမှာ အကြိုက်ဆုံးကတော့ လူ ကြီးတွေက ရှေ့က လုပ်ချင်ရာ လုပ်သွားမှာပဲ။ လူငယ်တွေက ကိုယ်လိုချင်တဲ့အနာဂတ်ကို ပြုပြင်ယူရမယ်ဆိုတဲ့စကားပဲ။ မြန်မာနိုင်ငံမှာကဒီအတိုင်းပဲဖြစ်နေတာကိုး''
မစ္စတာအိုဘားမား၏ စိန်ရတုခန်းမအတွင်း မိန့်ခွန်းတွင် တော့ ''ရန်ကုန်မြို့က အတွင်းဝန်ရုံးကိုသွားနေသည့် အချိန် မှာပင် မြန်မာပြည်၏ပြုပြင် ပြောင်းလဲ ရေးတွေ ကိုစပြီးတွေ့ နှင့်နေသည်''ဟု ဆိုပါသည်။

အဘယ်ကြောင့်ဆိုသော် တရုတ်၊ မူဆလင်၊ အိန္ဒိယ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ အားလုံးက ငြိမ်းချမ်းချစ်ကြည်စွာအတူတူရှိနေ တာတွေ့ရ သည်မို့ဖြစ် သည်ဆို၏။

သဘာဝအရင်းအမြစ်တွေနှင့် ရေမြေတောတောင် ကောင်းများတည်ရှိရာ အရှေ့တောင်အာရှရှိလူငယ်တွေ သည် ၂၁ရာစု၏ လူငယ်ခေါင်းဆောင် များအနေဖြင့် ဦး ဆောင်လာဖို့ရှိသည်ဟုလည်း လူငယ်များကိုအားပေးစကား ပြောခဲ့သည်။ ထို့ပြင်အစိုးရအဖွဲ့၏ နိုင်ငံရေးအကျဉ်းသား များ အားလွှတ်ပေး ခြင်းကို အသိအမှတ်ပြုသလို သတင်း မီဒီယာသမားများ အားဖမ်းဆီးနေမှု၊ လူနည်းစုအားဖိနှိပ် နေမှုနှင့် ရခိုင်ပြည်နယ်ရှိ လူသားအချင်းချင်းခွဲခြားဆက်ဆံ နေမှုများကို ထောက်ပြဝေဖန်သွားခဲ့သည်။

လာမည့်နှစ်ဆိုလျှင် အမေရိကန်ပြည်ထောင်စုမှ စေတ နာ့ဝန်ထမ်းများ အဖွဲ့သည် မြန်မာပြည်ကိုလာဖို့ရှိသည်။ အစိုးရအချင်းချင်း ဆက်ဆံမှုအပြင် ပြည်သူအချင်းချင်းပါ ထိတွေ့ဆက်ဆံမှုများပြုလုပ်သွားဖို့ရှိသည်။ အမြဲတမ်းရှေ့ ကိုသာ တက်လှမ်းနေသည့်သဘောမရှိသော နှစ်နိုင်ငံဆက် ဆံရေးသမိုင်းကို ခိုင်မာအောင်တည်ဆောက်ယူဖို့ ဆောင် ရွက်သွားမည်ဟုလည်း မစ္စတာ အိုဘားမားက ထည့်ပြော သွား သည်။ ''အဲဒီတော့ ယုံကြည်မှု တွေတည် ဆောက်တယ်။ အဲဒါတွေလုပ်ရတာတွေ အချိန်လိုပါတယ်''ဟု ၄င်းကဆို သည်။

မပီမသနှင့် ကြိုးစားပြီးပြောသွားသည့် စကားတစ်ခွန်း လည်းရှိသေးသည်။ ''ငုပ်မိသဲတိုင်တက်နိုင်ဖျားရောက်''ဟူ၏။ ထိုသို့သော မြန်မာစကားပုံအတိုင်း မြန်မာပြည်မှ ပြည်သူများကို အမြင့်ဆုံးအထိရောက်အောင် အမေရိကန် ပြည်ထောင်စုအနေဖြင့် ကူညီသွားမည်ဟုလည်း ကတိပြု သွားခဲ့သည်။ မိန့်ခွန်းနှင့်ကတိစကားများပြောအပြီးမှာ တော့ မစ္စတာအိုဘားမားသည် လူငယ်များထံမှ မေးခွန်း တချို့ကိုနားစွင့်ခဲ့သည်။ တုံ့ပြန်ဖြေကြားခဲ့သည်။

သတင်းမီဒီယာများတွင် အဓိကဖော်ပြခဲ့ကြသည့် မေးခွန်းတစ်ခုရှိသည်။ မစ္စတာအိုဘားမားသာ မြန်မာပြည် သမ္မတဖြစ်လျှင် ဘာကိုအဓိက ဆောင်ရွက်မလဲဆိုသည့် မေးခွန်းဖြစ်သည်။ မစ္စတာအိုဘားမားက ''နံပါတ်တစ် က နောက်နှစ်မှာ ၂ဝ၁၅ရွေးကောက်ပွဲကို ကျင်းပပေးမယ်။နံပတ်နှစ်က ဖွဲ့စည်းပုံအခြေခံပြင်ဆင်ဖို့ကိစ္စပါ။ အရပ်သား အစိုးရသစ်စစ်စစ် ဖြစ်သွားစေဖို့ အတွက် ဒီဖွဲ့စည်းပုံပြင်ဆင် ရေးကိုလုပ်ပါမယ်။ နံပါတ်သုံးကတော့ သတင်းစာလွတ်လပ် ခွင့်နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်တဲ့နိုင်ငံ ရေးအရ လွတ်လပ်စွာစည်းရုံးနိုင်ခွင့်ရှိတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းမယ်။ ဒါတွေကိုလုပ်မှ မြန်မာပြည်က တိုးတက်မယ်''ဟု ဖြေကြားသွားခဲ့သည်။

အချိန်သည် ညနေ ၅နာရီဝန်းကျင်ရှိပါပြီ။ ကြိုတင်သိ ရှိထားသည့် သတင်းအချို့အရ ရန်ကုန်မြို့ ရွှေတိဂုံစေတီ တော်အားဖူးမြော်ရန် အစီအစဉ်ရှိသော်လည်းနောက်နေ့ တွင်တက်ရမည့်သြစတြေးလျ တွင်ပြုလုပ်နေသည့်ွ၂ဝ အစည်းအဝေးကအချက်ပြနေသည်။

သူပြန်မှဖြစ်တော့မည် ထင်သည်။ လူငယ်များကို နှုတ်ဆက်အပြီးမှာတော့ အစိုးရ သစ်လက်ထက်တွင် ပထမဆုံးဖွင့်လှစ်ခဲ့သည့် လှည်းတန်း ခုံးကျော်တံတားပေါ်သို့ သူပါသည့်ယာဉ်တန်းကြီး အစီအရီ မောင်းနှင်သွား သည်။ သူစီးလာသည့် Air Force One လေယာဉ်ကြီးရှိရာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် သို့သာ တက်သုတ်နှင်လေသည်။

ခါတိုင်းအချိန်များဆိုလျှင် ခုံးတံတားပေါ်မှာတောင် ယာဉ်များ ပိတ်ဆို့နေ တတ်သည့် ရန်ကုန်မြို့ပြလမ်းမများ သည် ထိုနေ့တွင်တော့ ရှင်းလို့၊ လင်း လို့နေသည်။ အငှား ယာဉ်မောင်းများသည် ရောက်သည့်နေရာတွင် ရပ်နေရ သည်။ လမ်းဘေးဈေးသည်များသည် ပုံမှန်ရောင်းနေကျ နေရာများတွင် မတွေ့ရတော့။ သတင်းစာလက်ပွေ့အရောင်း သမားများ၏ တစ်စောင်တစ်ရာ ဆိုသောအသံများလည်း မကြားရတော့။ ထိုနေ့တွင် သူတို့အလုပ်ပျက်၊ နေ့တွက် မကိုက်ဘဲဖြစ်ခဲ့ရသည်ဟူ၏။

မနက် ၆နာရီခွဲလောက်ကတည်းက သီချင်းတကြော် ကြော်နဲ့ ဝီရိယအပြည့်တက်ကြွနေသည့် ကိုဖက်တီးကတော့ မစ္စတာအိုဘားမား၏ မျက်နှာအား တွေ့ပင်မတွေ့လိုက်ရ သော်ငြားအပြုံးမပျက်ခဲ့။ မစ္စတာ အိုဘားမားကြီးစီးနင်း သည့် ကားအနက်ရောင်ကို ရုပ်သံတွင်မဟုတ်ဘဲ ကိုယ်တိုင် ကိုယ်ကျမြင်တွေ့လိုက်ရသည်မို့သူကျေနပ်နေပါသည်။

နှင်းကို ရေးသားသည်။
Yangon Time Journal , အတွဲ ၁၀ ၊ အမှတ် ၄၅
Yangon Media Gropup

0 comments:

Post a Comment