Sunday, November 23, 2014

ဘာသာခြားများ လိုက်ပါလာသည့် ကင်ညာဘတ်စ်ကားကို အယ်လ်ရှာဘတ် စစ်သွေးကြွများ တိုက်ခိုက် ၂၈ ဦး သေဆုံး


ကင်ညာနိုင်ငံတွင် ခြေကုပ်ယူ လှုပ်ရှားလျက်ရှိသော အယ်လ်ရှာဘတ် အစွန်းရောက် အစ္စလာမ္မစ်စစ်သွေးကြွများသည် မွတ်ဆလင် မဟုတ်သူ ဘာသာခြားများ စီးနင်းလိုက်ပါလာသည့် ဘတ်စ်ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘာသာခြား ၂၈ ဦး သေဆုံးသွားကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

အဆိုပါ အယ်လ်ရှာဘတ် အစွန်းရောက်အုပ်စုသည် မွမ်ဘာဆာမြို့ရှိ ဗလီများ အကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ မကျေမနပ်ဖြစ်ကာ ကင်ညာနိုင်ငံ မန်ဒရာမြို့ ဆိုမာလီယာနှင့် အီသီယိုးပီးယား နယ်စပ်ဒေသအနီး မောင်းနှင်လျက် ရှိသော ဘတ်စကားတစ်စီးကို ချုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အယ်လ်ရှာဘတ် အုပ်စု၏ သတ်ဖြတ်ခြင်း ခံလိုက်ရသော ဘာသာခြားများသည် အကြမ်းဖက် လက်နက်ကိုင်သမားများကို ထိတ်လန့်ကြောက်ရွံ့သဖြင့် ကိုရန်ကျမ်းစာကို ရွတ်ဆိုပြခဲ့သေးကြောင်း၊ သို့သော် အကြမ်းဖက်သမားများက မွတ်ဆလင် ခရီးသွားများမှအပ မွတ်ဆလင် မဟုတ်သူ ဘာသာခြားများကို သတ်ဖြတ်ခဲ့ကြောင်း လုံခြုံရေး အရာရှိကြီးများက ပြောကြားသည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ အယ်လ်ရှာဘတ် အုပ်စုက ကြေညာချက် ထုတ်ပြန်ရာတွင် “ကျုပ်တို့၏ မူဂျာဟီဒင်များသည် မန်ဒရာမြို့အနီး စစ်ဆင်ရေးတစ်ရပ်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။ စစ်ဆင်ရေးတွင် ခရူးဆိတ်တပ်သား ၂၈ ဦးကို ချေမှုန်းသတ်ဖြတ်နိုင်ခဲ့သည်။ ထိုသို့ လုပ်ဆောင်ရခြင်းမှာ ကင်ညာ ခရူးဆိတ် တပ်သားများက မွမ်ဘာဆာရှိ မွတ်ဆလင် ဘာသာရေး အဆောက်အအုံများကို တိုက်ခိုက်ခဲ့မှုအပေါ် လက်တုံ့ပြန်လိုက်ခြင်း ဖြစ်သည်” ဟု ဆိုသည်။

ယင်းကြေညာချက်ကို အယ်လ်ရှာဘတ်အုပ်စု၏ ပြောရေးဆိုခွင့်ရှိသူ ရှိတ်အလီမိုဟာမက်ရော့ခ်ျ ဆိုသူက ထပ်မံထုတ်ပြန်သည်။

အစ္စလာမ္မစ်စစ်သွေးကြွများ၏ ကြေညာချက်တွင် ခရူးဆိတ် တပ်သားများဟု ခေါ်ဝေါ်သုံးစွဲခြင်းမှာ ခရစ်ယာန် သို့မဟုတ် မွတ်ဆလင် မဟုတ်သူ ဘာသာခြားများကို ရည်ညွှန်းခြင်း ဖြစ်သည်။

ကင်ညာရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးရေးမှူး ဗိုလ်ချုပ်ကြီး ဒေးဗစ်ကင်မာယိုက အယ်လ်ရှာဘတ်တို့၏ သတ်ဖြတ်မှုကြောင့် မွတ်ဆလင် မဟုတ်သူ အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၉ ဦးတို့ သေဆုံးသွားကြောင်း ပြောကြားသည်။

“ပထမရရှိတဲ့ သတင်းပေးပို့ချက်တွေအရ အကြမ်းဖက်သမားတွေဟာ လက်နက်အင်အား အထူးကောင်းတယ်၊ တိုက်ခိုက်မှု ပြီးဆုံးသွားတဲ့အခါမှာ ဆိုမာလီ နယ်စပ်ဒေသထဲကို ဝင်သွားကြတယ်” ဟု ၎င်းက သတင်းထောက်များကို ပြောကြားသည်။

မျက်မြင်သက်သေတစ်ဦး၏ ပြောပြချက်အရ အစ္စလာမ္မစ် အစွန်းရောက်များသည် အဆိုပါ ဘတ်စ်ကားပေါ်သို့ ဦးစွာ တက်ရောက်သွားပြီးနောက် မွတ်ဆလင်များနှင့် မွတ်ဆလင် မဟုတ်သူများကို ခွဲခြားကြည့်ရှုခဲ့ကြသည်။

“မွတ်ဆလင် မဟုတ်တဲ့သူတွေကို ဘတ်စ်ကားပေါ်ကနေ ဆွဲချကြတယ်၊ ပြီးတော့ မိန်းမနဲ့ ယောက်ျား သီးခြားစီ ခွဲထားပြီး သိပ်မဝေးတဲ့ နေရာကနေ သေနတ်တွေနဲ့ ပစ်တယ်။ တစ်ယောက်မှ အသက်မရှင်ခဲ့ကြဘူး” ဟု ၎င်းကဆိုသည်။

The Voice Weekly

0 comments:

Post a Comment