Thursday, November 27, 2014

ရှမ်းမြောက်နှင့် ကချင်ပြည်နယ်ရှိ စစ်ဘေးသင့် ပြည်သူများကို ICRC ကူညီရန်စီစဉ်


တပ်မတော်နှင့် တိုင်းရင်းသား လက်နက်များ တိုက်ပွဲများ ဖြစ်ပွားနေသည့် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့ရှိ စစ်ဘေးသင့် ပြည်သူများကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ International Committee Of the Red Cross အဖွဲ့က ကူညီရန် စီစဉ်နေကြောင်း ICRC ပြန်ကြားဆက်သွယ်ရေး ညှိနှိုင်းရေးမှူး မစ္စတာ မိုက်ကယ်အိုဘရိုင်ယန်က ပြောကြားသည်။“ရှမ်းမြောက်နဲ့ ကချင် တိုက်ပွဲဖြစ်တဲ့ တချို့ဒေသတွေမှာ နေရာရွှေ့ပြောင်းရတဲ့သူတွေ၊ တိုက်ပွဲဒဏ် ခံရသူတွေဆီကို အရောက်သွားပြီး ကူညီမှုကို ICRC က ဆောင်ရွက်ချင်တယ်။ အဲဒီအတွက် သက်ဆိုင်ရာကိုလည်း ညှိနှိုင်းတင်ပြထားတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ ICRC အဖွဲ့မှာ အကျဉ်းသားများ ကာကွယ်စောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများ၊ အကျဉ်းထောင်များ၊ ပဋိပက္ခ ဒေသများကြောင့် ရွှေ့ပြောင်းစခန်းများတွင် နေထိုင်သူများကို ရေနှင့် လူနေမှုဆိုင်ရာ အထောက်အပံ့ပေးခြင်း လုပ်ငန်းများ၊ ကျန်းမာရေးလုပ်ငန်းများ၊ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိနေသည်။

ICRC အဖွဲ့၏ လုပ်ငန်းများကို သက်ဆိုင်ရာ အာဏာပိုင်များထံ တင်ပြရာတွင် ပယ်ချ၊ ငြင်းပယ်ခြင်းများ ကြုံတွေ့ရခြင်း မရှိသော်လည်း အစိုးရဘက်မှ သဘောတူခွင့်ပြုသည့် အချိန်အတိုင်းအတာ ကာလတစ်ခုထိ စောင့်ဆိုင်းရကြောင်း ICRC ထံမှ သိရသည်။

“ICRC က မြန်မာနိုင်ငံ အစိုးရနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့ အနေအထားမှာ ရှိတယ်။ ကိုယ့်သဘောနဲ့ကိုယ် တစ်ဖက်သတ် ဆောင်ရွက်တာ မရှိဘဲ အစိုးရရဲ့ သဘောတူညီချက် ရတဲ့အထိ စောင့်တယ်။ ဝန်ကြီးဌာနအတွက် လုပ်ပေးတာ မဟုတ်ဘဲ ဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းတွေကို ထိရောက်စေဖို့ ICRC က ပံ့ပိုးပေးနေတာပါ” ဟု မစ္စတာ မိုက်ကယ် အိုဘရိုင်ယန်က ထပ်မံဆိုသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်မြို့ရှိ ICRC ဌာနေ ကိုယ်စားလှယ်ရုံး အပါအဝင် မန္တလေး၊ ဘားအံ၊ စစ်တွေ၊ မြောက်ဦး၊ မြစ်ကြီးနား မြို့များတွင် ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်လျက် ရှိသည်။

The Voice Weekly

0 comments:

Post a Comment