Friday, November 28, 2014

နိုင်ဂျီးရီးယားတွင် ပလီအတွင်း ၀င်ရောက်တိုက်ခိုက် မှုကြောင့် လူ ၈၀ ကျော် သေဆုံး

ကာနို၊ နိုဝင်ဘာ ၂၉။ နိုင်ဂျီးရီးယား နိုင်ငံ မြောက်ပိုင်းရှိ အကြီးဆုံးမြို့ ဖြစ်သော ကာနိုတွင် သောကြာနေ့က ပလီတစ်ခု အတွင်း ၀တ်ပြု ဆုတောင်းသူများဖြင့် စည်ကားနေစဉ် သေနတ်သမားများက ၀င်ရောက် တိုက်ခိုက် ခဲ့သောကြောင့် အနည်းဆုံး လူ ၈၁ ဦး သေဆုံး ခဲ့သည်။

မျက်မြင် သက်သေများနှင့် တာဝန်ရှိသူများ၏ အဆိုအရ သေနတ်သမား များသည် လက်ပစ်ဗုံး သုံးလုံးကို ပစ်သွင်း ဖောက်ခွဲ ခဲ့ပြီးနောက် သေနတ်များဖြင့် ၀င်ရောက် ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။ ဒဏ်ရာရသူလည်း များစွာ ရှိခဲ့ရာ သေဆုံးသူ အရေအတွက် ပိုမိုတိုးပွား လာဖွယ်ရာလည်း ရှိနေသည်။

ယခု တိုက်ခိုက်မှုကို နိုင်ဂျီးရီးယား နိုင်ငံအတွင်း အကြမ်းဖက်မှုများ အစဉ်တစိုက် လုပ်ဆောင်ခဲ့သည့် ဘိုကိုဟာရမ် အဖွဲ့၏ လုပ်ရပ်ဟု အာဏာပိုင်များက ယူဆထား ကြသည်။ တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် ပလီသည် ကာနိုမြို့၏ ခေါင်းဆောင် တစ်ဦး ဖြစ်သည့် လမ်ဘီဒို ဆာနူဆီ၏ နန်းတော်နှင့် ဘေးချင်း ကပ်လျှက်ဖြစ်ပြီး တိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် ဆာနူဆီမှာ နန်းတော် အတွင်း ရှိမနေခဲ့ပေ။

“တိုက်ခိုက်တဲ့ သူတွေက ဗုံးတွေကို အရင်ဆုံး ဖောက်ခဲ့တယ်။ ကျွန်တော့်ရဲ့ မျက်နှာချင်းဆိုင်မှာ လူတွေ အော်ဟစ်နေကြတာ”ဟု နယ်ခံ သတင်းထောက် ချီဂျာနီ အူစမန်က ပြောသည်။ “ပေါက်ကွဲမှုတွေ အပြီးမှာ သေနတ်တွေနဲ့ ပစ်တော့တာပဲ။ ကျွန်တော် ထွက်ပြေး ခဲ့တာကြောင့် ဖြစ်ပုံပျက်ပုံတွေကို ကျွန်တော် သေချာ မပြောနိုင်ဘူး”ဟု ဆာနူဆီ၏ နန်းတော်မှ ၀န်ထမ်း တစ်ဦးက ဆိုသည်။ တိုက်ခိုက်မှု အပြီးတွင် ဒေါသထွက်နေကြသည့် လူငယ်များက ပလီဝင်ပေါက်ကို ပိတ်ဆို့ ထားခဲ့ကြ သောကြောင့် ရဲများက မျက်ရည်ယို ဗုံးများသုံးကာ လူစုခွဲခဲ့ ရသေးသည်။

ရိုက်တာ သတင်းဌာနက ရင်ခွဲရုံ နှစ်ခုကို သွားရောက် ကြည့်ရှုခဲ့ရာ တစ်ခုတွင် အလောင်း ၂၀ လောင်း ရှိနေပြီး အခြား တစ်ခုတွင် ၆၁ လောင်းထိ ရှိနေကာ အလောင်းများတွင် သေနတ် ဒဏ်ရာများနှင့် ဗုံးစမှန်သည့် ဒဏ်ရာများ ရှိနေကြောင်း သိရသည်။

Ref: Yahoo
Mizzima

0 comments:

Post a Comment