Wednesday, November 26, 2014

စင်ကာပူရောက် မြန်မာဘောလုံးပရိသတ်၏ အမူအကျင့်ကောင်းများကို Straits Times သတင်းစာ ချီးကျူးဖော်ပြ



AFF ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲတွင် မြန်မာပရိသတ်များ၏ ကောင်းမွန်သော လုပ်ဆောင်မှု တစ်ရပ်နှင့် ပတ်သက်၍ စင်ကာပူ အခြေစိုက် Straits Times သတင်းစာက အဆင့်အတန်းရှိသည့် အမူအကျင့် တစ်ခုအဖြစ် ချီးကျူးရေးသား ဖော်ပြခဲ့သည်။မြန်မာအသင်းသည် နိုဝင်ဘာ (၂၆)ရက် ညပိုင်းက အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရာတွင် အိမ်ရှင် စင်ကာပူကို (၄-၂)ဖြင့် အရေးနိမ့်သွားခဲ့သည်။ မြန်မာ ပရိသတ်များသည် ပွဲစဉ်တစ်လျှောက်လုံး လက်ရွေးစင် အသင်းကို အားပေးခဲ့ကြပြီးနောက် ပွဲအပြီးတွင် မိမိတို့၏ နေရာမှ အမှိုက်များကို စည်းကမ်းရှိရှိ ပြန်လည် သိမ်းယူ လုပ်အားပေးခဲ့ကြသည်။

မလေးရှားနှင့် ဂိုးမရှိ သရေကျသည့် အုပ်စုအဖွင့်ပွဲစဉ် အပြီးတွင်လည်း မြန်မာပရိသတ်များက အမှိုက်များကို စုဆောင်းသိမ်းယူ သွားကြသော်လည်း မိမိအားပေးသည့် အသင်းရှုံးနိမ့်သဖြင့် စိတ်ပျက်နေချိန်တွင်ပင် စည်းကမ်းကောင်းမွန်သော လုပ်ဆောင်မှုကို ထပ်မံပြသနိုင်ခဲ့သည့်အတွက် Straits Timesက Class acts: Myanmar fans clean up National Stadium after AFF Suzuki Cup loss to Singapore ဆိုသော ခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့သည်။

စင်ကာပူ အမျိုးသား အားကစားရုံကြီး၏ ပွဲကြည့်စင်ရှိ အမှိုက်များကို စုဆောင်းသိမ်းယူနေသည့် မြန်မာ ပရိသတ်များ၏ ဓာတ်ပုံများ Social Media များတွင် ပျံ့နှံ့ခဲ့ပြီးနောက် စင်ကာပူ ပရိသတ်များ ကိုယ်တိုင်က ချီးကျူးခဲ့ရသည်။

ပြီးခဲ့သည့် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်း ဂျပန်ဘောလုံး ပရိသတ်များက လက်ရွေးစင် အသင်းကို အားပေးပြီးချိန်၌ မိမိတို့၏ အမှိုက်များကို ပြန်လည်ရှင်းလင်းခြင်းဖြင့် နိုင်ငံကြီးသား ပီသမှုကို ပြသခဲ့သလို စင်ကာပူရောက် မြန်မာပရိသတ်များကလည်း ထပ်တူ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

Straits Timesက မြန်မာ ပရိသတ်များသည် အသင်းကို နှစ်နှစ်ကာကာ စူးစူးစိုက်စိုက် အားပေးခဲ့သလို ၎င်းတို့၏ ယဉ်ကျေးသိမ်မွေ့သည့် အဆင့်အတန်းကိုပါ ပြသနိုင်ခဲ့ကြောင်း ရေးသားခဲ့သည်။

ပွဲကြည့်စင်ရှိ အမှိုက်များကို လိုက်လံသိမ်းဆည်းရာတွင် စင်ကာပူရောက် မြန်မာများ ဖွဲ့စည်းထားသည့် Green and Clean အဖွဲ့က ဦးဆောင် စည်းရုံးကာ မြန်မာပရိသတ် အများအပြားလည်း ပါဝင်လုပ်အားပေး ကူညီခဲ့ကြောင်း သိရှိရသည်။

_Ref: Straitstimes

7Day Daily

0 comments:

Post a Comment