အယ်ဒီတာရှင့်
ယခုတစ်လော ပုဂ္ဂလိက သတင်းစာတွေထဲမှာ တွေ့နေရတဲ့ စိတ်မချမ်းမြေ့ဖွယ် မြင်ကွင်းတွေထဲမှာ ဦးမြငါးစင်ကျေးရွာ ဒေသခံတွေနဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC တို့ကြား ဖြစ်နေတဲ့ ပြဿနာက တစ်ခုဖြစ်ပါတယ်။ ကျောင်းဆရာမတစ်ဦး အနေနဲ့ ပိုပြီး ခံပြင်းမိတာက ကျောင်းသားလေးတွေကို နိုင်ငံရေးလိုလို တောင်းဆိုတဲ့ နေရာမှာ ပွဲထုတ်ပြီး ဆန္ဒပြ ခိုင်းနေကြတာကို တွေ့ရလို့ လုပ်ရက်လေခြင်းဆိုပြီး ဒေါသလည်း ဖြစ်မိတယ်။ ဒီအရွယ်ကလေးတွေ ဘာတောင်းဆိုမှုတွေ၊ ဆန္ဒပြမှုတွေ နားလည်ကြမှာလဲ။ မိဘတွေအနေနဲ့ ကိုယ့်ခံစားချက်တွေကို ကိုယ်တိုင်ဖော်ထုတ်ပြီး အစိုးရနဲ့ ကုမ္ပဏီတွေကို တောင်းဆိုကြရမှာကို အပြစ်ကင်းတဲ့ ကလေးတွေနဲ့ တိုက်ပွဲဝင်တယ်ဆိုတဲ့ အဖြစ်မျိုးရောက်အောင် လုပ်နေတာကတော့ ရက်စက်ရာ ကျပါတယ်။
ကျောင်းနေအရွယ် ကလေးတွေ ဆိုပြီးတော့လည်း အတင်းအကျပ် စည်းရုံးခိုင်းစေခိုင်းခွင့် မိဘတွေမှာရော၊ နိုင်ငံရေးသမားတွေမှာပါ မရှိပါဘူး။ ကလေးတွေကို ပွဲထုတ်ပြီး အခြေအနေကို အတင်းဇာတ်နာအောင် ဖန်တီးနေကြတာ ဆိုရင်လည်း ဖန်တီးနေတဲ့ သူတွေကို ကန့်ကွက်ရှုတ်ချပါတယ်။ ကလေးတွေက ဘာသိမှာလဲ။ ဒီလို ဆန္ဒလာပြရင် အချိန်တန် ထမင်းစားရတယ်၊ မုန့်စားရတယ်၊ အအေးသောက်ရတယ်၊ လက်ဆောင်တွေရတယ် ဆိုတဲ့ အသိမျိုးတွေကို ဒီအရွယ်လောက်ကတည်းက အတင်းအဓမ္မ ရိုက်သွင်းပေးခြင်း ခံလိုက်ရတဲ့အတွက် သူတို့အနာဂတ်မှာ ဘယ်လိုစိတ်ဓာတ်တွေနဲ့ ဘဝကို တည်ဆောက်တော့မယ် ဆိုတာ မတွေးဝံ့လောက်အောင်ပါပဲ။
ကျွန်မအနေနဲ့ လူကြီးတွေကို ပြောချင်တာက သတ္တိရှိရင် ကိုယ်တိုင် ဆန္ဒထွက်ပြ၊ ကိုယ်တိုင်တိုက်ပွဲဝင်ပြီး ကိုယ့်သားသမီးတွေ အနာဂတ်ကို ကောင်းအောင် လုပ်ပေးစေချင်ပါတယ်။ အစစအရာရာ ကောင်းစေချင်တဲ့ ဆန္ဒရှိတဲ့ မိဘတိုင်းဟာ ကိုယ့်သားသမီးတွေကို ဆန္ဒပြတဲ့အလုပ်မှာ ခိုင်းစားတဲ့ သဘောမျိုး မသက်ရောက်စေချင်ပါဘူး။ ဒါကလည်း ကျွန်မရဲ့ ကျောင်းဆရာမတစ်ဦး ဖြစ်တာနဲ့အညီ ကလေးတွေအပေါ်မှာ ထားတဲ့ ရိုးသားတဲ့ ဆန္ဒတစ်ခုသာ ဖြစ်ပါတယ်။
ဒီနေ့ သတင်းစာ တစ်စောင်မှာလည်း မြောက်ဒဂုံဘက်မှာ သူတို့ သားသမီးစာမေးပွဲ အမှတ်နည်းလို့ဆိုပြီး ကျောင်းအုပ်ထံကနေ လာပြီး အမှတ်တောင်းကြည့်တာကို ကျောင်းအုပ်က ခွင့်မပြုလို့ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုပြီး ရေးထားတဲ့ ဆောင်းပါးတစ်စောင် ဖတ်လိုက်ရပြန်ပါတယ်။ ကျောင်းအုပ်က ကလေးတွေရဲ့ အဖြေလွှာကို သက်ဆိုင်ရာ ပညာရေးဌာန အကြီးအကဲ တာဝန်ရှိသူကလွဲပြီး တောင်းယူကြည့်ခွင့် မရှိပါဘူးလို့ ရိုးသားစွာ ရှင်းပြတာကို စာရေးတတ်တဲ့ သူငှားပြီး သတင်းစာထဲကနေ “ပွင့်လင်းမြင်သာမှု” ဆိုတဲ့ စကားကို အငှားသုံးခိုင်းလိုက်တာကတော့ အလွန်ရှက်စရာ ကောင်းလှပါတယ်။
ကျောင်းအုပ်ရဲ့ လုပ်ဆောင်မှုက မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ မကျေနပ်ရင် သက်ဆိုင်ရာ ဌာနအဆင့်ဆင့်ကို တိုင်ကြားခွင့် ရှိပါတယ်။ ကျောင်းကိုလာပြီး အဖြေစာရွက်တွေ ထုတ်ပြရမယ်လို့ တောင်းဆိုပိုင်ခွင့် ဥပဒေမှာ မရှိကြောင်း နားလည်ထားဖို့ လိုပါတယ်။ ဒီလို တောင်းဆိုပိုင်ခွင့် မရှိတာကို တာဝန်အရ ရှင်းပြတဲ့အတွက် ဒီမိုကရေစီစံနဲ့ လာပြီး တိုင်းတာလို့ မရပါဘူး။ သူ့ဌာန သူ့အဖွဲ့အစည်းတိုင်းမှာ ချမှတ်ထားတဲ့ ဥပဒေတွေ၊ စည်းမျဉ်းတွေကို လိုက်နာရပါလိမ့်မယ်။
ကျွန်မတို့ ပညာရေးဌာနမှာ လူတိုင်းကောင်းပါတယ်၊ အားလုံး ကောင်းပါတယ်လို့တော့ မဆိုလိုပါဘူး။ စုန်းပြူးနဲ့ ငါးခုံးမတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဥပဒေဆိုတာက ခြေမမကောင်း ခြေမ၊ လက်မမကောင်း လက်မ ဖြတ်ပေးပြီးသား ဖြစ်ပါတယ်။ တစ်ယောက် မကောင်းတာကို အားလုံးမကောင်းဘူးလို့ သိမ်းကျုံးပြောလိုက်ရင် အားလုံးဟာ ဒီလိုမကောင်းတဲ့ သူတွေကနေ မွေးထုတ်ပေးလိုက်ပြီး မကောင်းတဲ့သူတွေ ဖြစ်နေကြသလားလို့ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။
ဒီကြားထဲက ခုတစ်လော ကျောင်းတွေကို လာပြီးတော့ အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်ပြီး ရှင်းလင်းပွဲတွေ လုပ်ရမယ်လို့ စာထုတ်ပြီး ကလေးတွေကို အတင်းအဓမ္မ ရှင်းပြခိုင်းနေတာလည်း စိတ်ပျက်စရာ ကောင်းလှပါတယ်။ အမျိုးသားပညာရေး ဥပဒေကို ဖျက်သိမ်းဖို့ တက္ကသိုလ်ကျောင်းသားတွေက ဆန္ဒပြနေကြတယ်။ ဒါကို ကျွန်မတို့ ကျောင်းတွေက ကျောင်းသူ ကျောင်းသားတွေကို ခန်းမထဲခေါ်ပြီး ဌာနကပေးတဲ့ စာရွက်တွေထဲကအတိုင်း ပါတာဖတ်ပြပြီး “နားလည်တယ်နော်” လို့ အပြောခံရတာကို ကျောင်းသားတွေက “နားလည်ပါပြီ” ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်တာနဲ့ တာဝန်ကျေ လုပ်ဆောင်ပြတာ ဆိုရင်တော့ အလကား အလုပ်တွေလို့ ကျွန်မကတော့ ဆိုချင်ပါတယ်။
ကျောင်းအုပ်ကြီး ဖတ်ပြတဲ့ စာရွက်တွေကို အခမ်းအနားပြီးမှ တောင်းပြီး ဖတ်ကြည့်တော့ ကျောင်းသားတွေ မပြောနဲ့ ကျွန်မတို့ ဆရာ ဆရာမတွေတောင် အတော်လေး နားလည်အောင် ဖတ်ရပါတယ်။ ဥပဒေရေးဆွဲတာ ကျောင်းသားတွေဆန္ဒ မပါဘဲ လုပ်ချင်သလို လုပ်ခဲ့ပြီးမှ ဆန္ဒလည်းပြရော ကျောင်းသားတွေကို စာထဲပါတာ ဖတ်ပြပြီး ဆန္ဒခံယူတယ်ဆိုတဲ့ ပညာရေးဌာနက မဟာပညာရှိကြီးတွေရဲ့ အတွေးအခေါ်တွေဟာ တစ်ခေတ်တစ်ခါက စိတ်ကူးတွေနဲ့ ဘာများခြားနားသွားလို့လဲ ဆိုပြီးတော့ စိတ်ထဲမှာ သံသယ ဖြစ်မိပါတယ်။
တစ်ချိန်က ကျွန်မတို့ဟာ “ထောက်ခံတယ်…ထောက်ခံတယ်…သဘောတူတယ်…သဘောတူတယ်” ဆိုပြီးတော့ ဘာမှန်းမသိ ညာမှန်းမသိစွာနဲ့ ဆိုရှယ်လစ်ခေတ်ကို ကျော်ဖြတ်ခဲ့ရပါတယ်။ နောက်တော့မှ သဘောမတူတော့ဘူးဆိုပြီး ဆန္ဒတွေ ထွက်ပြဆိုတော့လည်း သပိတ် သပိတ် မှောက် မှောက် ဆိုပြီးတော့ ထွက်အော်ခဲ့ကြတဲ့ အထဲမှာ ကျွန်မလည်း ပါခဲ့တာပါပဲ။ ယနေ့အထိ ပညာရေးဌာန အပါအဝင် အခြားသော ဌာနပေါင်းစုံက ဝန်ထမ်းတွေဟာ ဒီမိုကရေစီဆိုတာ ဘာလဲ။ ဝန်ထမ်းဟူက နိုင်ငံရေး ကင်းရှင်းရမယ်ဆိုတာ ရှိနေတုန်းပဲလား။ ပါတီနိုင်ငံရေးနဲ့ ဝန်ထမ်းဆိုတာ ပတ်သက်သင့်သလား မပတ်သက်သင့်ဘူးလား။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဘယ်သူ့တွေကို ယုံပြီး ပုံအပ်ကြမလဲဆိုတာ ရှင်းလင်းစွာ သဘောပေါက်ထားကြတာ မဟုတ်သေးပါဘူး။ ခုထက်ထိ ပါတီနိုင်ငံရေးနဲ့ ပတ်သက်ရင် အလုပ်ပြုတ်မှာ ကြောက်လို့ ခပ်ကုပ်ကုပ် နေကြသူတွေ အများကြီး ရှိနေပါသေးတယ်။
ပြည်သူဘက်ကလည်း နိုင်ငံရေးသမားတွေနဲ့ စာရေးဆရာတွေက အပုပ်ချမှုကြောင့် ဆရာဆိုရင် ကျူရှင်သင်စားနေတဲ့ မကောင်းဆိုးဝါးတွေလို့ မြင်ပြီး အထင်မကြီးကြတော့ပါဘူး။ ကျောင်းဆရာတွေထဲမှာလည်း ငါးခုံးမတွေကြောင့် တစ်လှေလုံး ပုပ်စော်နံနေရတယ် ဆိုတာကိုလည်း သိကြဖို့ ကောင်းပါတယ်။ ပြည်သူတွေက ဆရာတွေ ဆရာမတွေအပေါ် အမြင်မကြည်လင်၊ ဆရာ ဆရာမတွေကလည်း လုပ်ပိုင်ခွင့်နဲ့ တာဝန်ကို အသုံးချရာမှာ မပီပြင်၊ ဒီကြားထဲ အသုံးချချင်တဲ့သူတွေရဲ့ လိုတစ်မျိုး၊ မလိုတစ်မျိုး ပညာပြမှုတွေကြားမှာ ကျွန်မတို့ ကျောင်းသားတွေကို ဓားစာခံတော့ မလုပ်ပါနဲ့ရှင်။ သတ္တိရှိရင် မိဘတွေက ရှေ့တန်းက ထွက်စေချင်ပါတယ်။ ရှင်တို့မှန်ရင် ကျွန်မတို့ ကျောင်းသားတွေကို ခေါ်စရာ မလိုပါဘူး။ ကျွန်မတို့ ရှေ့ဆုံးက ထွက်ပြီး ရှင်တို့နဲ့ ပူးပေါင်းပါမယ်လို့ ပြောချင်ပါတယ်ရှင်။
(ကျောင်းဆရာမတစ်ဦး)
The Voice Weekly
0 comments:
Post a Comment