Monday, November 17, 2014

ဗိုလ်ချုပ်တည်ထောင်ခဲ့သည့် တပ်မတော် (အပိုင်း-၁ ၊ ၂)

 

မြန်မာနိုင်ငံ၏ တပ်မတော်ကို ၁၉၄၁ ခုနှစ်တွင် ရဲဘော်သုံးကျိပ်ဖြင့် ထိုင်းနိုင်ငံရှိ ဘန်ကောက်မြို့၌ စတင် သန္ဓေတည်ခဲ့ပါသည်။ ပထမဦးဆုံးသောအမည်မှာ ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA) ဟူ၍ဖြစ်သည်။ ထိုမှတစ်ဆင့် ဗမာ့ကာကွယ်ရေးတပ်မတော်(BDA)၊ ဗမာ့မျိုးချစ်တပ်မတော်(PBF) စသည်ဖြင့်ပြောင်းလဲလာခဲ့သည်။ ဘယ်သောအခါမှ စစ်တပ်ဟူ၍ရေးသားခြင်း၊ ခေါ်ဆိုခြင်းမရှိခဲ့ပါ။
စစ်တပ်ဟု ဖြစ်ပေါ်လာရခြင်းသည် ဗကပတို့၏ မြန်မာ့တပ်မတော်အား တိုက်ခိုက်စဉ်အခါက ပြည်ပ အသံလွှင့်ဌာနများက ဗကပတို့၏ မြန်မာ့တပ်မတော်အပေါ် ချိုးနှိမ်ခေါ်ဝေါ်ခြင်းကိုအစွဲပြုပြီး စစ်တပ်ဟုခေါ်ဝေါ်ခဲ့ရာမှ တွင်ကျယ်လာရခြင်းဖြစ်သည်။ Political Warfare အရ မိမိတို့ ၀ါဒဖြန့်တိုက်ခိုက်လိုသောသူ သို့တည်းမဟုတ် ပစ်မှတ်ထားရာအဖွဲ့အစည်းအား ချိုးနှိမ်ခေါ်ဝေါ်ပြီး တိုက်ခိုက်ခြင်းဖြစ်သည်။ ပြည်ပအသံလွှင့်ဌာနများသည် မြန်မာ့ တပ်မတော်ဟူ၍ ဘယ်သောအခါမှ ပြောဆိုသုံးစွဲခြင်းမရှိခဲ့ဘဲ၊ မြန်မာစစ်တပ်ဟုသာ ခေါ်ဝေါ်သုံးစွဲခဲ့သည်မှာ ယနေ့ထိတိုင်ဖြစ်သည်။ သို့သော် လက်နက်ကိုင်အဖွဲ့အစည်းများကိုမူ ရခိုင်တပ်မတော်၊ ကချင်တပ်မတော်၊ ကရင်တပ်မတော်စသည်ဖြင့် ပြောင်းလဲခေါ်ဆိုခဲ့ကြသည်။

ထိုနည်းတူစွာ ပြည်ပအသံလွှင့်ဌာနတို့သည် နိုင်ငံရေးစစ်ဆင်မှုအရ ပြည်တွင်းပဋိပက္ခများ(Conflicts) ကိုလည်း ပြည်တွင်းစစ်(Civil War) အဖြစ်သုံးစွဲခဲ့ကြပြန်သည်။ ကုလသမဂ္ဂ၏ အတည်ပြုချက်အရ ပြည်တွင်းစစ်တွင် ပြည်ပနိုင်ငံများက ပါဝင်နိုင်သည်။ သာဓကပြရလျှင် အီရတ်နိုင်ငံပင်ဖြစ်ပါသည်။ ပြည်ပနိုင်ငံက စွက်ဖက်နိုင်ရန် အတွက် အသံလွှင့်ဌာနများမှတစ်ဆင့် ၀ါဒဖြန့်ဆောင်ရွက်မှုများဖြစ်သည်။ ယနေ့ခေတ်မီဒီယာများသာမက လွန်ခဲ့သည့်နှစ်ပေါင်းများစွာကပင် ပြည်ပအသံလွှင့်ဌာနများ၏ ၀ါဒဖြန့်ပုံကို သတိပြုမိလျှင် သိရှိနိုင်ပေမည်။ ထိုသို့ ပြုလုပ်ခဲ့ခြင်း၏နောက်ကွယ်တွင် စွက်ဖက်ရန်အသင့်ရှိနေသည်ကိုတော့ ပြည်သူတိုင်းသိရှိထားသင့်သည်။



----------------------------------------------------------
ဗိုလ်ချုပ်တည်ထောင်ခဲ့သည့် တပ်မတော် (အပိုင်း-၂)
☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆

တပ်မတော်ဟူသည် နိုင်ငံတစ်နိုင်ငံလုံး၏ တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး မိမိတို့၏ သဘောဆန္ဒအလျှောက် နိုင်ငံတော်ကိုအသက်နှင့်လဲပြီး ကာကွယ်ရန် သန္နိဌာန်စိတ်ဖြင့် ၀င်ရောက်ခဲ့ကြသူများ ဖြစ်သည်။ မိမိတို့၏ နေအိမ်၌ မိခင်တစ်ဦးတည်းမှမွေးဖွားသော ညီအစ်ကိုမောင်နှမများပင်လျှင် စိတ်ဓာတ်အရ တစ်သားတည်းမဖြစ်ပေ။ အလားတူပင် တပ်မတော်တွင်လည်း ဥပဒေချိုးဖောက်ပြီး ပြစ်မှုကျူးလွန်ခဲ့သူများလည်း ရှိကြသည်။ ခြေမမကောင်း ခြေမ၊ လက်မ မကောင်း လက်မဖြစ်သည်။ ၎င်းတို့ကို တပ်မတော်အနေဖြင့် ထိထိရောက်ရောက် ပြင်းထန်စွာအရေးယူအပြစ်ပေးခြင်းများ ပြုလုပ်ခဲ့သည်။ တပ်မတော်၏ ဥပဒေသည် အရပ်ဘက် တည်ဆဲဥပဒေထက် ပိုမိုပြင်းထန်ပြီး တပ်မတော်သားတိုင်းသည် ထိုဥပဒေနှစ်ရပ်လုံးကို လိုက်နာကြရပေသည်။

ဥပဒေချိုးဖောက်မှုကြောင့် ပြစ်ဒဏ်ခံရသော တပ်မတော်သား အရာရှိ၊ စစ်သည်အချို့သည် ယနေ့ခေတ် ကာလ(မီဒီယာလွတ်လပ်ခွင့်)သို့ရောက်ချိန်တွင် ၎င်းတို့၏ပြစ်မှုများကို ဖုံးကွယ်ရန်အတွက်လည်းကောင်း၊ ၎င်းတို့လူဝင် ဆံ့ရန်အတွက်လည်းကောင်း၊ တပ်မတော်အပေါ် ပြည်သူတို့ အထင်အမြင်လွဲမှားစေနိုင်သည့် အသုံးအနှုန်းများဖြင့် ပုတ်ခတ်ပြောဆိုရေးသားမှုများ ရှိလာခြင်းကိုလည်း သတိပြုနိုင်ရန်လိုအပ်သည်။

နိုင်ငံတစ်နိုင်ငံ၏ အဓိကကျဆုံးသောအချက်မှာ အချုပ်အခြာအာဏာပင်ဖြစ်သည်။ မိမိတို့၏ အချုပ်အခြာ အာဏာကို ထိခိုက်မှုမရှိအောင်ကာကွယ်ရန် အဓိကကျဆုံးတာဝန်ရှိသူမှာ တပ်မတော်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံကို ဖြိုခွဲဖျက်ဆီးရန်အတွက် ပြည်သူနှင့်အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ကို သွေးခွဲပြီး ဆောင်ရွက် လာကြသည်ကိုလည်း သတိရှိရန်လိုအပ်သည်။ အချို့သော ဆန့်ကျင်ဘက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံ တော်ကို ပြိုကွဲစေခြင်းအလို့ငှာ တပ်မတော်အပေါ်ပြည်သူများ အထင်အမြင်လွဲမှားစေရန်ရည်ရွယ်၍ မီဒီယာများ မှတစ်ဆင့် စစ်တပ် ဟုတွင်တွင်ကျယ်ကျယ် အသုံးပြုနေကြောင်း လေ့လာတွေ့ရှိရပါသည်။

ယနေ့ကမ္ဘာပေါ်တွင် စစ်ဘက်ကာကွယ်ရေးအဖွဲ့အစည်းမရှိသည့်နိုင်ငံမှာ မရှိသလောက်ရှားပါးပေသည်။ ကိုယ်ပိုင်တပ်မတော်မရှိဘဲနှင့် မည်သည့်နိုင်ငံမျှ ရုန်းကန်နိုင်မည်မဟုတ်ဟု ကျွန်ုပ်ယုံကြည်မိသည်။ မြန်မာနိုင်ငံ၏ အချို့အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံအချို့တွင်မူ စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းထားသည့်အတွက် ပြည်သူ အားလုံးသည် တပ်မတော်သားတို့၏ဘ၀ကို ခံစားနားလည်နိုင်ကြသည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင်မူ တစ်ချိန်က ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် “ လိုအပ်လာလျှင် အားလုံးစစ်မှုထမ်းလျှင်လည်း ထမ်းရမည်” ဟု ပြောကြားခဲ့ သော်ငြားလည်း ယနေ့ခေတ်စနစ်နှင့် အခြေအနေအရ စစ်မှုမထမ်းမနေရ ဥပဒေကိုပြဌာန်းထားခြင်း မရှိသေးသဖြင့် လူတိုင်းတပ်မတော်သားများ၏ ဘ၀ကို ခံစားနားလည်နိုင်မည်မဟုတ်ပေ။

မြန်မာ့တပ်မတော်ဟူသည့်အသုံးအနှုန်းအား ပယ်ဖျောက်၍ အချို့မီဒီယာစာမျက်နှာများတွင် မြန်မာစစ်တပ် ဟု သုံးနှုန်းနေခြင်း၊ အချို့သော နိုင်ငံရေးသမားများမှလည်း အစိုးရစစ်တပ် မြန်မာစစ်တပ်ဟု ရင့်သီးစွာ ပြောကြား နေကြခြင်းမှာလည်း မြန်မာ့တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေနိုင်ပါသည်။ ထို့အပြင် တပ်မတော်နှင့် ရင်ကြား စေ့ရေးကို ထိခိုက်စေနိုင်သော အရေးအသားအသုံးနှုန်းတစ်ခုဖြစ်သည့်အတွက်ကြောင့် 'စစ်တပ်' ဟု ခေါ်ဆိုရေးသား ပြောကြားနေခြင်းများကို အားလုံးဝိုင်းဝန်းဆင်ခြင်ကြစေလိုသည်။

(မျိုးချစ်)
မြန်မာပြည်သား

0 comments:

Post a Comment