Tuesday, November 18, 2014

သမ္မတအဖြစ် ရည်မှန်းထားကြောင်း သူရဦးရွှေမန်း ပြောကြား


လာမည့် အစိုးရသက်တမ်းတွင် သမ္မတအဖြစ် ရည်မှန်းထားသောကြောင့် ၂၀၁၅ ရွေးကောက်ပွဲ အပြီးတွင် လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် လာမည့် ရွေးကောက်ပွဲတွင် သမ္မတဖြစ်လို၍ ဝင်ရောက် ယှဉ်ပြိုင်လာပါက တစ်ပါတီတည်း ဖြစ်နေသော်လည်း ၎င်းအနေနှင့် အနိုင်ရရန် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

နိုဝင်ဘာ ၁၈ ရက်တွင် ပြုလုပ်သည့် သူရဦးရွှေမန်း၏ သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းကမီဒီယာများကို အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သမ္မတအဖြစ် အနိုင်ရရှိပါက ပြည်သူ့ဘဝ လုံခြုံရေးနှင့် မြန်မာကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် လုပ်ဆောင်မည်ဖြစ်ပြီး ရှုံးနိမ့်ပါက နိုင်ငံနှင့် ပြည်သူ့အကျိုးအတွက် ရရာနေရာမှ ဆက်လက်လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း ၎င်းကဆိုသည်။

၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်း မရှိပါက ၂၀၁၅ ရွေးကောက်ပွဲ အပြီးတွင် NLD ပါတီအနေနှင့် သူရဦးရွှေမန်းကို သမ္မတအဖြစ် ရွေးချယ်တင် မြှောက်မည်ဟု NLD ပါတီ၊ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဟန်သာမြင့်က ပြောကြားကြောင်း ရိုက်တာ သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။

အဆိုပါ သတင်းအချက်အလက်အရ NLD ပါတီအနေနှင့် မဲပေးမည် ဆိုပါက ကြိုဆိုလက်ခံမည်ဟု သူရဦးရွှေမန်းက ယနေ့တွင် ပြောကြားခဲ့သည်။

The Voice Weekly

0 comments:

Post a Comment