Sunday, November 23, 2014

အတိုက်အခံ နှင့် ဒီမိုကရေစီ

"၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် မြန်မာပြည်ကြီး ချမ်းသာမယ်။ မြန်မာဆိုတာကို ကမ္ဘာ့အလယ်မှာ ဝင့်ထည်နိုင်မယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မှ ဒီမိုကရေစီ အစစ်အမှန်ရမယ်။"
NLD တွေနှင့် ဒေါ်စု ထောက်ခံသူ အတော်များများ ဒီစကားထွက်တယ်။ ကျွန်တော်နှင့် အမြင်ချင်းဖလှယ် ဝါ ဆွေးနွေးကြတိုင်း ဒီပွိုင့်မှာ အငြင်းပွားရတယ်။ကျွန်တော်ပြောတာက "ဒေါ်စု သမ္မတဖြစ်တာ၊ မဖြစ်တာ ဒီလောက်ကြီး စိတ်မဝင်စားဘူး။ ဒီမိုကရေစီအစစ်/အတုက ဘာကိုကြည့်ဆုံးဖြတ်မလဲ။ ဒေါ်စုသမ္မတဖြစ်လျှင် ဒီမိုကရေစီအစစ်ဆိုတာကဘာလည်း ဘာနဲ့တိုင်းတာလဲ။ ဒေါ်စုသမ္မတဖြစ်ရေး/မဖြစ်ရေး | ဦးသိန်းစိန် သမ္မတဖြစ်ရေး၊ မဖြစ်ရေးသည် ပုဂ္ဂလိကရေးရာ ခံယူချက်များဖြစ်ပြီး NLD အာဏာရသည်ဖြစ်စေ၊ ကြံ့ဖွံ့အာဏာရသည်ဖြစ်စေ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ လက်နက်ကိုင်တပ်များကိစ္စနှင့် တိုင်းရင်းသားတို့၏ လိုလားချက်များ ဆွေးနွေးရေး၊ (အထူးသဖြင့် KIA, "ဝ" ကဲ့သို့သော မာဖီးယားဆန်ဆန် ကျောက်စိမ်း၊ သစ်၊ ဘိန်း မှောင်ခို လက်နက်ကိုင်တပ်ဖွဲ့များ အရေး)၊ ဘင်္ဂါလီအရေးကိစ္စ နှင့် နယ်စပ်ပြသနာများ တည်ငြိမ်ရေး၊ အခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်သူများတောင်းဆိုသော acts/laws များ ထပ်မံထည့်သွင်းပြဌာန်းရေး တို့ကို လုပ်စေချင်တယ်" လို့ ဖြစ်ပါတယ်။
ကျွန်တော်နှင့် အချက်အလက်အတော်များများမှာ သဘောတူညီကြပေမယ့် အဓိက ကွဲလွဲတာက အခြေခံဥပဒေပြင်ဆင်ရေးပါ။ ပုဒ်မ ၄၃၆ ပြင်ဆင်ရမှာကို ကျွန်တော်လက်ခံတယ်။ ဘယ်ဥပဒေမဆို ပြင်ဆင်သင့်တာက ပြင်ရမှာပဲ။ သို့သော် နည်းလမ်းတကျလုပ်ပါ။ ၅၉ (စ) ပြင်တာက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်စေချင်လို့ ပြင်မှာဖြစ်တဲ့အတွက် ပုဂ္ဂလိကရေးရာအရ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ရန် ကြိုးစားခြင်းဖြစ်တယ်။ သို့သော် အများသဘောတူရင် ပြင်လို့ရပါတယ်။ ဒီလိုဖြစ်ဖို့ ဖွဲ့စည်းပုံက သတ်မှတ်ချက်နည်းလမ်းအတိုင်း ပြင်ပါ။ တကယ်တမ်းဖြစ်စေချင်တာကတော့ မည်သည့်အစိုးရ အာဏာရသည်ဖြစ်စေ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၁၆ လောက်အထိ သွားကြည့်စေချင်တယ်။ ဒါဆိုရင် အလွဲလည်း တွေ့ရမယ်။ အမှန်ကိုလည်း တွေ့ရမယ်။ ဒီကြားထဲ ပြင်သင့်တာကိုလည်း ပြင်သွားပေါ့။ အရေးကြီးပုဒ်မများကိုတော့ ၂၀၁၆ နောက်ပိုင်းမှ referendum လုပ်ပြီး ပြင်။ ဒီအချိန်ရောက်လာရင် ဘယ်ပုဒ်မကိုတော့ ပြင်သင့်တယ်။ ဘယ်ပုဒ်မကိုတော့ ချန်ထားသင့်တယ်။... ဆိုတာ ပြည်သူက အဆုံးအဖြတ် ပေးနိုင်ပြီ။ ဒီအချိန်မှာ ဖွဲ့စည်းပုံကိုကြိုက်ရင် မပြင်တော့သည်အထိ ဆုံးဖြတ်တာ၊ လုံးဝမကြိုက်ရင် အသစ်ရေးဆွဲတာတွေအထိ ဖြစ်နိုင်တယ်။ ပြည်သူတွေရဲ့ ရှင်းလင်းသောအမြင်နှင့် မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်တာ ဖြစ်လိမ့်မယ်။ ခုချိန်ကတော့ ပြည်သူတွေမှာ ဆန္ဒာဂတိတွေလွှမ်းပြီး ကွဲပြားသော သဘောထားတွေ မရှိကြဘူး။ ခုအချိန်ပြင်ရင် ပြင်/မပြင် အငြင်းပွားမှုကြောင့် နိုင်ငံရေး ရှုပ်ထွေးနိုင်တယ်။

စစ်သား ၂၅% လွှတ်တော်ထဲမှာ ရှိနေတာကို ဖယ်ရှားရေးကိစ္စ။ ဒီကိစ္စမှာ ဒီစကားထွက်နေကြသူတွေကို ပွင့်ပွင့်လင်းလင်း မေးစရာမေးခွန်းရှိပါတယ်။ စစ်တပ်သည် ၂၅% ယူထားလို့ ဗီတိုအာဏာရယူထားသည့်သဘော သက်ရောက်နေလို့ ၄၃၆ ပြင်ဆင်ရေးမှာ အခက်အခဲဖြစ်၊ တစ်နည်း ၅၉ (စ) ပြင်မရမှာစိုးလို့ ဖယ်ရှားခိုင်းတာလား? ဒါမှမဟုတ် စစ်သားကိုယ်စားလှယ်က ၂၅% အထိ မလိုအပ်ဖူး၊ (ဝါ) စစ်သားကိုယ်စားလှယ် မလိုအပ်ဖူးလို့ မြင်လို့ ဖယ်ရှားချင်တာလား? ပထမအချက်ဆိုရင်တော့ ကိုယ်လိုချင်တာနှင့် မကိုက်လို့ ကိုယ်ဖြစ်ချင်တာ ပူဆာတဲ့သဘောဆိုတော့ အငြင်းမပွားလိုပါဘူး။ NLD ကလည်း ဖယ်ချင်မှာ ဖြစ်သလို စစ်သားကလည်း ကာကွယ်မှာပဲ။ လွှတ်တော်မှာ ကိုယ့်ဘက်ကို ကပ်ပြောနေတာတွေ မြင်နေရတာတော့ ခေါင်းပေါင်းပေါင်း ပဝါချပြီး ကလေးရန်တွေ့တွေ့နေတယ်လို့ မြင်မိတယ်။ ဒီအခြေအနေမှာ အဆင်ပြေမယ့်အချက် မြင်မိတာတော့ ၇၅% သဘောတူမှ ဆိုသည့်အစား ၆၅% လို့ တိုးပြင်ပေးလိုက်ရင်တော့ ရှဥ့်လည့်လျှောက်သာ ပျားလည်းစွဲသာ ဖြစ်ပါမယ်။ ဒုတိယအချက်အရဆိုရင်တော့ စဉ်းစားရပါမယ်။ စစ်သားကိုယ်စားလှယ် လို/မလို။ စစ်သားကိုယ်စားလှယ်တွေသည် လွှတ်တော်ထဲ ငုတ်တုတ်ထိုင်နေကြပဲကွာ၊ မလိုပါဘူးလို့ တွေးစရာရှိပါတယ်။

သို့ပေမယ့် လွှတ်တော်တစ်ရပ်လုံးရဲ့ ငါးပုံသုံးပုံခန့်သည်လည်း လစာသာယူနေပြီး ငုတ်တုတ်ထိုင်နေသူ၊ တစ်နည်းအားဖြင့် သုံးစားမရသူများဖြစ်တယ်ဆိုတာကို မမေ့ကြဖို့ လိုပါတယ်။ နောက်တစ်ချက်က တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးမရသေးသည့် အခြေအနေဖြစ်ပါတယ်။ ဒီအခြေအနေမှာ စစ်သားကိုယ်စားလှယ်သည် လွှတ်တော်မှာ လိုအပ်နေဦးမှာ ဖြစ်ပါတယ်။ ၂၅% လိုမလို နှင့် ၂၅% သဘောမတူလျှင် ဖွဲ့စည်းပုံပြင်ခွင့် ရှိမရှိကိုသာ စဉ်းစားကြရမှာပါ။ စစ်သားကိုယ်စားလှယ်ကတော့ လက်နက်ကိုင်အဖွဲ့အစည်းများ ရှိသရွေ့လိုနေဦးမှာပါ။ စစ်တပ်ဖက်ကလည်း တစ်ခုတော့ ကတိထားဖို့ လိုပါတယ်။ မည်သည့်အစိုးရလက်ထက်ဖြစ်စေ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းမှုရလျှင် လွှတ်တော်မှ ထွက်သွားပေးမယ်ဆိုတဲ့ ကတိပါ။ ကျွန်တော့်အမြင်ပြောရလျှင်တော့ ဒီလိုအခြေအနေဖြစ်လာလျှင်တောင်မှ နယ်စပ်ပြသနာများအတွက် လွှတ်တော်ထဲမှာ စစ်သားကိုယ်စားလှယ် ၁၀% လောက်တော့ ကျန်သင့်သေးတယ်လို့ မြင်ပါတယ်။

မြန်မာပြည်က နောက်ပြန်လှည့်နေသလား? ဒီမေးခွန်းကို အမေရိကန်သမ္မတ အိုဘားမား အမြင်အပေါ် အခြေခံပြီး စဉ်းစားရပါမယ်။ အိုဘားမားကတော့ မြန်မာပြည်သည် စီးပွားရေး၊ နိုင်ငံရေးမှာ တိုးတက်လာတယ်လို့ ပြောသွားပါတယ်။ ဒါပေမယ့် ဒီမိုကရေစီရေးမှာတော့ နောက်ကြောင်းပြန်လှည့်နေတယ်လို့ ဆိုသွားတယ်။ ဒီမိုကရေစီရေးဆိုတာ ဘာတွေလဲ။ အဓိကအားဖြင့်တော့ အရင်းရှင် နိုင်ငံကြီးတွေက အာရှနိုင်ငံအချို့မှာ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်ပြီး နိုင်ငံရေး၊ စီးပွားရေး ချယ်လှယ်ဖို့ ကြိုးစားတဲ့ အကြောင်းပြချက်တွေပါ။ မြန်မာပြည်အနေနှင့် ပြောရရင် ရိုဟင်ဂျာ(ဘင်္ဂါလီ)အရေး၊ သတင်းလွတ်လပ်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်... စတာတွေပါ။ တစ်ချို့စွပ်စွဲချက်တွေက မှန်နိုင်ပေမယ့် အနည်းငယ်သာဖြစ်ပြီး အများစုက အမျိုးသားအကျိုးစီးပွားကို ထိခိုက်နိုင်တဲ့ အကြောင်းအရာတွေပါ။ ကမ္ဘာ့အမြင်မှာ၊ အနောက်တိုင်းနိုင်ငံတစ်ချို့တစ်ချို့ရဲ့အမြင်မှာ မြန်မာသည် ဒီမိုကရေစီရေးအရ နောက်ကြောင်းပြန်နေတာ ဖြစ်နိုင်ပေမယ့် မြန်မာနိုင်ငံဆိုတဲ့အနေအထားနှင့်သာ ကြည့်လျှင်တော့ နောက်ကြောင်းမပြန်ပါဘူး။ အမျိုးသားအကျိုးစီးပွားကို ထိခိုက်နိုင်တာ ဖြစ်တဲ့အတွက် ကာကွယ်သင့်လို့ ကာကွယ်ရတာတွေ ဖြစ်ပါတယ်။ ဒီနေရာမှာ အတိုက်အခံများအနေနှင့် သတိထားဖို့လိုတာက အနောက်နိုင်ငံများရဲ့ သံယောင်ကိုလိုက်ပြီး အစိုးရထိခိုက်စေချင်တာ တစ်ခုတည်းနှင့် ဒီမိုကရေစီရေးမှာ အစိုးရက နောက်ကြောင်းပြန်လှည့်နေပါတယ်ဆိုပြီး ဒီကိစ္စကို တမံတရန်လုပ် အစိုးရကို တိုက်ခိုက်ရင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်ပါမယ်။ အစိုးရက ထိခိုက်နိုင်ပေမယ့် အဓိက ထိခိုက်မှာက အမျိုးသားအကျိုးစီးပွား ဖြစ်ပါတယ်။ ကိုယ့်ပြည်သူတွေ ဖြစ်ပါတယ်။

ဘာပဲလုပ်လုပ် ပြည်သူ့မျက်နှာ ကြည့်ကြဖို့ ဖြစ်ပါတယ်။ အစိုးရက နောက်ကြောင်းပြန်လှည့်ပါတယ်လို့ ကိုယ်ကဆိုပေမယ့် ကိုယ်ကိုတိုင်က လမ်းမထွက်ပြီး ဆူကြဟစ်ကြဟေ့ အော်နေရင် ကိုယ်ကိုယ်တိုင်က နောက်ကြောင်းပြန်လှည့်သူဆိုတာ သတိထားမိဖို့ လိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်တက်လာလျှင် ဒီမိုကရေစီ စစ်မှန်မယ်လို့ ဆိုတယ်။ အနာဂတ်ဖြစ်တဲ့အတွက် ကျွန်တော်မသိဘူး။ မငြင်းလိုဘူး။ သို့သော် လက်ရှိအခြေအနေအရ သုံးသပ်ကြည့်ကြမယ်။ ဒီမိုကရေစီသည် အများသဘောတူ သို့မဟုတ် အများက တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်များရဲ့ သဘောတူညီမှုအရ ဆွေးနွေးအဖြေရှာ ဆုံးဖြတ်တာကို ဆိုလိုတယ်။ မဲများသူရဲ့ သဘောထားကို ရယူတယ်။ ကျန်သူရဲ့ သဘောထားကိုလည်း မပစ်ပယ်ဘူး။ ဒါက ဒီမိုကရေစီရဲ့ အနှစ်သာရ။ တစ်ဦးတစ်ယောက်ကသာ သူ့သဘောသူ့ဆန္ဒအတိုင်းသာ အတည်ဖြစ်သည်၊ ကျန်သူများက မိမိသဘောကို လွန်ဆန်စရာမလိုဟု ဆိုလာလျှင် ဒါက အော်တိုခရေစီ။ ပြောစရာရှိလာတာက လေးပွင့်ဆိုင်။ လေးပွင့်ဆိုင်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ရှိအာဏာပိုင် အဖွဲ့အစည်းက သြဇာအကြီးဆုံး သုံးယောက်တို့တွေ့ပြီး ဆုံးဖြတ်မယ်လို့ NLD က အဆိုပြုတယ်။ တွေ့ဆုံဆွေးနွေးတာကို လက်ခံပါတယ်။ ဒါက ဒီမိုကရေစီဆန်တယ်။

သဘောမကျတာက ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်တစ်ခုလုံး၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ အကုန်လုံး၊ ပါတီတွေအကုန်လုံးကို ကိုယ်စားပြုသလား? NLD က မြန်မာပြည်မှာ အကြီးဆုံးပါတီမို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တာကို အကြွင်းမဲ့လက်ခံတယ်။ သို့သော် ကျန်တိုင်းရင်းသားအဖွဲ့အစည်း၊ ပါတီတွေသည်လည်း တက်ရောက်ရမယ်။ လူနည်းစုသဘောထားကို ရှုံးနိမ့်ခဲ့လျှင်တောင်မှ အလေးထားပေးတာသည် ဒီမိုကရေစီ အနှစ်သာရ။ ငါနဲ့ ပြီးတယ် ခေါ်စရာမလိုဘူးဆိုတဲ့ စိတ်ဓာတ်နှင့် အပြုအမူက အော်တိုခရေစီ။ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် လေးပွင့်ဆိုင် ခေါ်ယူလိုတယ်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် ကျန်တိုင်းရင်းသား လက်နက်ကိုင်/မကိုင် အဖွဲ့အစည်းများ၊ ပါတီများအားလုံးရဲ့ ကိုယ်စားလှယ် ဖြစ်ဖို့လိုပါတယ်။ ကိုယ်စားလှယ်လွှဲစာ ရယူဖို့ လိုပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ လေးပွင့်ဆိုင်ဆိုသည်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အော်တိုကရေစီဆန်ဆန် ငါတကောကောတဲ့ လုပ်ရပ်လို့ ဆိုရပါလိမ့်မယ်။

Myo Min Thant (fb)

0 comments:

Post a Comment