Sunday, November 23, 2014

ဗိုလ်သင်တန်းကျောင်း ဖြစ်စဉ်နောက်ပိုင်း KIA အဖွဲ့မှ တပ်မတော်စခန်းများ၊ စစ်ကြောင်းများအား ၀င်ရောက်တိုက် ခိုက်

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နယ်မြေ၊ ဝေကြိုင်ဘွမ်ဗိုလ်သင်တန်းကျောင်းပေါ်သို့ တပ်မတော်ဘက်မှ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၂၂ ရက်နေ့တွင် တပ်မတော်စခန်းနှင့် စစ်ကြောင်းများ အား KIA အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်မှု ၊ နှောင့်ယှက်ပစ်ခတ်မှုများပြုလုပ်နေကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရာရှိကြီးတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။`` ဗိုလ်သင်တန်းကျောင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်နယ် နယ်/လုံဝန်ကြီးကလည်း သတင်းစာရှင်းလင်းပွဲပြုလုပ် ပြီးပါပြီ၊ တပ်မတော်ဘက်ကလည်းကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဗိုလ်သင်တန်းကျောင်းဆိုပြီး ရည်ရွယ်ပစ်ခတ်တာ မဟုတ်ပါဘူး၊ KIA ကစပြီး ကျွန်တော်တို့စစ်ကြောင်းတွေကို လက်နက်ကြီးနဲ့စပြီး ပစ်ခတ်တဲ့ အတွက် ပြန်ပြီးသတိပေးပစ်ခတ်တာပါ၊ ဒါကိုမကျေနပ်လို့ KIA ကစပြီး တိုက်ခိုက်တာတွေ လုပ်နေပါတယ် ´´ ဟု တပ်မတော်ထိပ်တန်းအရာရှိကြီး တစ်ဦးက ပြောသည်။

ဒေါ့ဖုန်းယန်းနှင့် လွယ်မောက်ယန်ကြားရှိ ဆီတုံ တပ်မတော်စခန်းကို နိုဝင်ဘာ ၂၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် KIA အဖွဲ့မှ ၆၀ မမ မော်တာများဖြင့် ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်းနှင့် တပ်မတော်ဘက်မှ KIA တပ်ရင်း ၂၄ အခြေပြုသည့် သံခမောက်ကုန်းသို့ သတိပေးပစ်ခတ်ခဲ့ရကြောင်း ရှေ့တန်းတပ်မှ အရာရှိကြီးတစ်ဦးက ပြောသည်။

အလားတူ နိုဝင်ဘာ ၂၂ ရက်နေ့ညနေ ၅ နာရီ ၅၀ မိနစ်ခန့်တွင် လွယ်ဂျယ်အနီး လွယ်ရင်းမော်တပ်စခန်းကိုလည်း KIA အဖွဲ့မှ ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်မတော်မှ ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မတော်မှ KIA ခေါင်းဆောင်ပိုင်းထံ အကြောင်းကြားထားပြီးဖြစ်ကြောင်းနှင့် ထပ်မံတိုက်ခိုက်မှုများပြုလုပ်လာပါက တပ်မတော်ဘက်မှလည်း မလွှဲမရှောင်သာ မိမိကိုယ်ကို ခုခံကာကွယ် သည့်အနေဖြင့် တိုက်ခိုက်ကာကွယ်သွားရမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ထိပ်ပိုင်းအရာရှိကြီး တစ်ဦးက ပြောကြားသွားသည်။

နိုဝင်ဘာ ၂၃ ရက်နေ့တွင် နမ့်ခမ်းမှ ထွက်ခွာလာသော တပ်မတော်စစ်ယာဉ်တန်းအား KIA အဖွဲ့က ညနေ ၅ နာရီ ၃၅ မိနစ်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သည် (၄)ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း နမ့်ခမ်းအခြေစိုက် အစိုးရတပ်မှ အရာရှိတစ်ဦးကပြောသည်။

KIA အဖွဲ့အနေဖြင့် နိုဝင်ဘာ ၂၂ ရက်နေ့တွင် တပ်မတော် တပ်စခန်းများအား ၀င်ရောက်တိုက်ခိုက်မှု ၂ ကြိမ်၊ နိုဝင်ဘာ ၂၃ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်မှု တစ်ကြိမ်ပြုလုပ်ခဲ့ရာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်ပြီး KIA အဖွဲ့၏ လုပ်ရပ်များ ကြောင့် ဒေသခံများစိုးရိမ်ထိတ်လန့်နေကြောင်း သိရှိရပါသည်။

ကောင်းခန့်
Myanmar Military News

0 comments:

Post a Comment