Thursday, November 20, 2014

ဗိုလ်ချုပ်တည်ထောင်ခဲ့သည့် တပ်မတော် (အပိုင်း-၃)


တပ်မတော်၏ သမိုင်းအဆက်ဆက်ကို ပြန်ကြည့်မည်ဆိုလျှင် ၎င်းတို့၏ အသက်သွေးချွေးပေါင်းများစွာ ပေးဆပ်ခဲ့မှုများ၊ ဘ၀ပေါင်းများစွာ စတေးခံခဲ့မှုများ၊ ရင်းနှီးခဲ့မှုများ အနစ်နာခံခဲ့မှုများကို ထင်ရှားစွာ တွေ့မြင်ရမည် ဖြစ်ပေသည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလတစ်လျှောက်တွင် အရိုးကြေကြေ အရေခမ်းခမ်းဖြင့် တိုင်းပြည် လွတ်လပ်ရေး အတွက် ပေးဆပ်ခဲ့သော တပ်မတော်အနေဖြင့် လွတ်လပ်ရေးရရှိပြီး ကာလများတွင်လည်း အခက် အခဲမျိုးစုံကို တွေ့ကြုံခဲ့ရပေသည်။ ၁၉၄၈ အလွန်ကာလတွင် ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုသွားခဲ့ပြီး တစ်ဆက် တည်းမှာပင် ကရင်ပြည်နယ်တွင် တောခိုသွားခဲ့သော KNDO များ၏ အင်အားမှာလည်း တစ်ရှိန်ထိုး ကြီးမားလာခဲ့ ပေသည်။ ထို့နောက် အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသားအဖွဲ့အစည်းပေါင်းစုံတို့သည် လက်နက်များ စွဲကိုင်ကာ ပုန်ကန်လာကြပြီး တပ်မတော်၏ တပ်ရင်းအချို့မှာလည်း ခွဲထွက်သွားကြခြင်းမှာ တပ်မတော်အတွက် များစွာ အထိနာခဲ့ကြပေသည်။ KNDO မှာလည်း တစ်ဆတစ်ဆ ကြီးမားလာသော အင်အားနှင့်အတူ မြန်မာပြည် အထက်ပိုင်းကိုပါ သိမ်းပိုက်လိုက်နိုင်ခဲ့ကြသည်။ KNDO တို့သည် စစ်မျက်နှာကို ရန်ကုန်ထိဖွင့်လှစ်ကာ သိမ်းပိုက် ရန်ကြံစည်ခဲ့ကြရာ တပ်မတော်သားများ၏ အသက်ပေါင်းများစွာဖြင့် ခံတပ်ပြုလုပ်ကာ တွန်းလှန်ခဲ့ကြရသည်။ နောက်ဆုံးတွင် အင်းစိန်ထိရောက်ရှိလာကြပြီး ရန်ကုန်ထိသိမ်းပိုက်ရန်အတွက် များပြားလှသော အင်အားများဖြင့် တရစပ်ထိုးစစ်ဆင်ခဲ့ကြသော်လည်း အင်းစိန် ဖိုးသာအောင်ကုန်း တံတားမှ ဗိုလ်မှုး အေးချို (ကျဆုံး) ဦးဆောင်သော တပ်မတော်သားများသည် မဆုတ်မနစ်သော စိတ်ဓါတ်ဖြင့် အသက်ပေါင်းများစွာ စတေး၍ တွန်းလှန်ခဲ့ကြခြင်း ကြောင့် KNDO တို့လက်လျှော့ခဲ့ရသည်။ နိုင်ငံတော်မှလည်း ဖိုးသာအောင်ကုန်းတံတားတွင် အသေခံ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသော ဗိုလ်မှုး အေးချို အား အောင်ဆန်းသူရိယ ဘွဲ့ပေးအပ်ချီးမြှင့်ခဲ့သည်။

အနယ်နယ်အရပ်ရပ်မှ KNDO တို့၏ ထိုးစစ်များကြောင့် ဆုတ်ခွာခဲ့ရသော တပ်မတော်တပ်ရင်းများမှာလည်း နေရာအနှံ့တွင် တန်ပြန်တွန်းလှန်မှုများ ပြုလုပ်ခဲ့ကြသည်။ တပ်မတော်သားများပင်မကဘဲ တပ်မတော်သားများ၏ ဇနီးသားမယားများ မိသားစုများကပါ တိုင်းပြည်အတွက် အသက်များပေးလှုကာ တိုက်ပွဲဝင်ခဲ့ကြပေသည်။ မြန်မာပြည်အထက်ပိုင်းရှိ ပြင်ဦးလွင်အား KNDO တို့ သိမ်းပိုက်ပြီးချိန်တွင် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ စစ်သည်များ မိသားစုများသည် အနိုင်မခံအရှုံးမပေးဘဲ အသက်ကိုပဓာနမထားဘဲ တိုက်ခိုက်ခဲ့ကြရာ အင်ဂျင်နီယာ တပ်ရင်းမှ တပ်ကြပ်လှမောင်၏ ဇနီး မချစ်ပို ကျဆုံးခဲ့ရပြီး နိုင်ငံတော်မှ သူမအား သူရဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့ရာ ယနေ့ ထက်တိုင် မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော အမျိုးသမီး သူရဘွဲ့ ပိုင်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပေသည်။ သူမရရှိခဲ့ သော သူရဘွဲ့မှာလည်း တပ်မတော်သမိုင်းတစ်လျှောက်လုံး တိုက်ပွဲဝင်ခဲ့ကြသော တပ်မတော်သားများ၏နောက် ကွယ်မှ မိသားစုများ၏ ဘ၀များစွာကို ကိုယ်စားပြုခဲ့ပေသည်။ ထိုကဲ့သို့ အနယ်နယ်အရပ်ရပ်မှ တပ်မတော် သားများသည် ရှိစုမဲ့စုအင်အားဖြင့် အသေခံတွန်းလှန်ကြရာ KNDO တို့အနေဖြင့် နယ်စပ်ထိဆုတ်ခွာခဲ့ရပေသည်။

ထိုကဲ့သို့သော ပြည်တွင်းပဋိပက္ခများအား တပ်မတော်မှ အရင်းအနှီး ပေါင်းများစွာပေးဆပ် တိုက်ပွဲဝင် နေချိန်တွင် ထပ်မံကြုံတွေ့ရသည်မှာ တရုတ်ဖြူ ကူမင်တန်များ၏ ကျူးကျော်ဝင်ရောက် တိုက်ခိုက်လာမှုပင်ဖြစ်ပေ သည်။ တပ်မတော်သည် တရုတ်ဖြူများ၏ ပြည်ပကျူးကျော်စစ်ကိုလည်း အသက်ပေါင်းများစွာစတေးခံကာ နယ်စပ် ထိတွန်းလှန်တိုက်ထုတ်ခဲ့ကြရပေသည်။ ၁၉၆၂ အလွန်ကာလများမှာ တပ်မတော်အတွက် အခက်ခဲဆုံးသော ကာလများဖြစ်ပေသည်။ ပြည်တွင်း၊ ပြည်ပစစ်များအား အပင်ပန်းအဆင်းရဲခံကာ တိုက်ခိုက်နေရသဖြင့် စစ်ပန်း နေသော မြန်မာ့တပ်မတော်အား ဗကပတို့မှ မီးကုန်ယမ်းကုန် ထိုးစစ်ဆင်လာခြင်းပင်ဖြစ်ပေသည်။ တပ်မတော် အနေဖြင့် ပြည်သူကမွေးသည့် ပြည်သူ့တပ်မတော်ပီပီ ပြည်သူအတွက် အချိန်မရွေး စတေးခံနိုင်ကြောင်း ကိုပြသခဲ့ ကြပြန်ပေသည်။ မြန်မာပြည်အရှေ့ဖျားဒေသရှိ ဗကပတို့အနေဖြင့် ၎င်းတို့၏ နိုင်ငံရေးသိက္ခာအတွက် တပ်မတော် ရှေ့တန်းစခန်းများအား အင်အားထောင်ချီ သောင်းချီကာ ၀င်ရောက်တိုက်ခိုက်ခဲ့ကြပေသည်။

မော်ဖဒေသ တိုက်ပွဲများ၊ မိုင်းယမ်း မဲသဝေါတိုက်ပွဲများ၊ ကွမ်လုံရက်(၄၀) တိုက်ပွဲများသည် နာမည်ကြီး တိုက်ပွဲများဖြစ်ခဲ့ပြီး တပ်မတော်သားများအနေဖြင့် တပ်ရင်းလိုက် ကျဆုံးကာ အသက်ပေးလှုခဲ့ကြရပေသည်။ မိမိနိုင်ငံနှင့်လူမျိုးအတွက် အသက်ကိုပဓန မထားခဲ့ကြောင်းကို သက်သေပြနိုင်ခဲ့ကြပေသည်။ ၁၉၈၈ အလွန်ကာလ KNU တို့နှင့် တိုက်ခိုက် ရသော သံလွင်အရှေ့ခြမ်းဒေသတိုက်ပွဲများမှာလည်း တပ်မတော်အတွက် ကြီးမားစွာ ပေးဆပ်မှုများဖြစ်ခဲ့ရသေး သည်။ မဲလစခန်းတိုက်ပွဲ၊ မော်ဖိုးကေတိုက်ပွဲ၊ ၀ါးခသစ် စခန်းတိုက်ပွဲ၊ မာနယ်ပလော ဒေသတိုက်ပွဲများတွင် တပ်မတော်သား ထောင်ပေါင်းများစွာတို့၏ အသက်ဝိညာဉ်များ မြှပ်နှံခဲ့ရပြီး တိုင်းပြည်နှင့် လူမျိုးအတွက် စတေးခံ ခဲ့ကြရပေသည်။

တပ်မတော်သားတို့အနေဖြင့် ၎င်းတို့၏ အသက်ပေါင်းများစွာ ရင်းနှီးပေးဆပ်၍ နိုင်ငံနှင့်လူမျိုးအတွက် အနစ်နာခံ တိုက်ပွဲဝင်ခဲ့ကြသည်မှာ တိုင်းပြည်မပြိုကွဲမပျက်စီး စေလိုခြင်းကြောင့်သာ ဖြစ်ပေသည်။ သမိုင်း အဆက်ဆက်က တိုင်းပြည်ပြိုကွဲမည့်အရေးကို အနစ်နာခံ ကာကွယ်ခဲ့သည့် တပ်မတော်သည် မည်သည့်အခါမျှ လည်း မိမိတိုင်းပြည် ပြိုကွဲမည့်အရေးကို လက်ခံလိမ့်မည်မဟုတ်ကြောင်း ယုံကြည်မိပါသည်။

(မျိုးချစ်)
မြန်မာပြည်သား

အပိုင်း - (၁)၊ (၂) အား ဖတ်ရှုရန်>>>https://www.facebook.com/myanmaronlinemedianews/posts/871504219556884

0 comments:

Post a Comment