Tuesday, November 25, 2014

၂၀၁၅ အကြို ဘာသာရေးမှိုင်း သတိ


၉၆၉ လှုပ်ရှားမှုအဖြစ် နေအိမ်များတွင် စိုက်ထူထားသည့် အလံများကို တွေ့ရစဉ် / ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရားရင်ပြင်တွင် ဖိနပ်စီးသည်ဟုဆိုပြီး သမ္မတဦးသိန်းစိန်အား ရွှေတိဂုံစေတီတော်ကို တက်ရောက်ကြည်ညိုခဲ့သည့် အမေရိကန်သမ္မတ အိုဘားမားနှင့် နှိုင်းယှဉ်တိုက်ခိုက်ကြသည်။ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို နည်းပညာဖြင့် ပြုပြင်ကာ အစ္စလာမ်ဘာသာဝင်တစ်ဦး ၀တ်စားဆင်ယင်ပုံဖြင့် မဟုတ်မမှန် လုပ်ကြံဖြန့်ဝေကြသည်။

နိုင်ငံရေးပါတီများအကြား အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိသည့် ၂၀၁၅ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ ဘာသာရေးနှင့် ရောထွေးသည့် နိုင်ငံရေးလှုပ်ရှားမှုများလည်း ဆက်တိုက်ပေါ်ပေါက်လာခဲ့သည်။

လက်ရှိသမ္မတအဖြစ် တာဝန်ယူနေသည့် ဦးသိန်းစိန်နှင့် ၁၉၉၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့သည့် အင်န်အယ်လ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့သည် ဘာသာရေးနှင့် ရောထွေးနေသူများ၏ အဓိကပစ်မှတ်ဖြစ်လာခဲ့သည်။

ထင်ရှားသည့် အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် အကဲဆတ်ပြီး ထိလွယ်ရှလွယ်ဖြစ်သည့် ဘာသာရေးကို အသုံးချကာ နိုင်ငံရေးဆိုင်ရာ ရောထွေးတိုက်ခိုက်မှုများ၏ ပစ်မှတ်အဖြစ် ကာလရှည်ကြာခံခဲ့ရသည်။

ယခင်တပ်မတော်အစိုးရလက်ထက် ၀ါဒဖြန့်ချိရေးသတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်သည် အနောက်တိုင်းသားတစ်ဦးနှင့် အိမ်ထောင်ပြုခဲ့သည့်အတွက် အပြစ်တစ်ခုအဖြစ် ရေးသားတိုက်ခိုက်မှုများသည် ယခုအချိန်တွင် အစိုးရသတင်းစာများပေါ်၌ ပျောက်ကွယ်သွားခဲ့သော်လည်း လူထုအကြားတွင် ခပ်စိပ်စိပ် ဖြစ်ပေါ်လာခဲ့သည်။

မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး၏ မြို့နယ်အချို့တွင် ဘာသာရေးဆက်နွှယ်သည့် မဟုတ်မမှန်စွပ်စွဲချက်များဖြင့် အင်န်အယ်လ်ဒီကို တိုက်ခိုက်မှုများ ကြုံတွေ့နေရကြောင်း ဒေသခံ အင်န်အယ်လ်ဒီပါတီဝင်များက ပြောသည်။

ယင်းစွပ်စွဲတိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး အင်န်အယ်လ်ဒီဘက်က တရားစွဲဆိုမှု သုံးခုထက်မနည်းပြုလုပ်ခဲ့ပြီး ယင်းတို့အနက်မှ အချို့ပယ်ချခံခဲ့ရပြီး အချို့မှာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲ အခြေအနေဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီပါတီအပေါ် တိုက်ခိုက်မှုများတွင် ဟောပြောပွဲ၌ အသုံးပြုသည့် လက်ကမ်းစာစောင်များနှင့် ဗီနိုင်းများတွင် တစ်ဖက်နှင့်တစ်ဖက် ဘာသာရေးဆန်ဆန် အဓိကရုဏ်းဖြစ်စေနိုင်သည့် ထိလွယ်ရှလွယ် အရေးအသားများ၊ ရဟန်းတော်များနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်များကို ယှဉ်တွဲဖော်ပြပြီး မဟုတ်မမှန်ရေးသားမှုများ ပါဝင်ခဲ့ကြောင်း အင်န်အယ်လ်ဒီဘက်က စွပ်စွဲထားသည်။

‘‘ဒီနိုင်ငံမှာဖြစ်နေတဲ့ ဘာသာရေး၊ လူမျိုးရေးနဲ့ ပတ်သက်တဲ့ သတင်းတွေဖြစ်ရပ်တွေဟာ သေချာပေါက်ပြောနိုင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်လိုမှ ဆက်စပ်လို့မရဘူးဆိုတာပါပဲ။ ဆက်စပ်စရာအကြောင်းလည်း မရှိဘူး။ ဒါဟာ သာမန်ဆင်ခြင်တုံတရားရှိတဲ့သူတိုင်း မြင်နိုင်တဲ့ကိစ္စပဲ’’ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီအပေါ် ဦးတည်နေသော ဘာသာရေးနှင့် ယှဉ်တွဲနေသည့် နိုင်ငံရေးတိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး မကွေးအင်န်အယ်လ်ဒီ တိုင်းအတွင်းရေးမှူး ဦးနေမျိုးကျော်ကပြောသည်။

ယင်းတိုက်ခိုက်မှုများအနက် အချို့တွင် အာဏာရပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး၏ အောက်ခြေပါတီဝင်အချို့လည်း ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲခံထားရသည်။

ထိလွယ်ရှလွယ်ဖြစ်သည့် ဘာသာရေးနှင့် ဆက်စပ်ပြီး နိုင်ငံ့ခေါင်းဆောင်များကို တိုက်ခိုက်မှုများ ကြုံတွေ့နေရသည်မှာ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်းတော့မဟုတ်။ လက်ရှိအာဏာရပါတီ၏ ခေါင်းဆောင်နှင့် သမ္မတအဖြစ် တာဝန်ယူနေသည့် ဦးသိန်းစိန်သည်လည်း ဘာသာရေးနှင့် ရောထွေးနေသူများ၏ အဓိကပစ်မှတ်ဖြစ်ခဲ့ရသည်။

ဇွန်လအတွင်းက တရုတ်နိုင်ငံတွင် တည်ထားသော ရွှေတိဂုံပုံတူစေတီတော်တွင် ကပ်လှူပူဇော်မည့် စိန်ဖူးတော်ကို ပင့်ဆောင်နေသည့် လူအုပ်ထဲတွင် တစ်ဦးတည်း ဖိနပ်စီးထားသည့် သမ္မတဦးသိန်းစိန်၏ ရုပ်ပုံကို ရန်ကုန်မြို့ ရွှေတိဂုံစေတီပေါ်တွင် ရေသပ္ပာယ်နေသည့် အမေရိကန်သမ္မတ အိုဘားမားနှင့် နှိုင်းယှဉ်ကာ သမ္မတဦးသိန်းစိန်သည် ဗုဒ္ဓဘာသာအား မလျော်ကန်သည့် အပြုအမှု ပြုလုပ်သူဖြစ်ကြောင်း ပုံဖော်ခဲ့ကြသည်။

သမ္မတသည် ဘုရားရင်ပြင်တွင် ဖိနပ်စီးခဲ့ခြင်းမဟုတ်ဘဲ စီးခွင့်ရသည့်နေရာတွင် ဖိနပ်စီးခဲ့ခြင်းသာဖြစ်ကြောင်း ယင်းစွပ်စွဲချက်များထွက်ပေါ်လာပြီး နာရီပိုင်းအတွင်း အစိုးရတာဝန်ရှိသူများက လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် အရေးတယူပြန်လည်ဖြေရှင်းခဲ့ရသည်။

‘‘အစိုးရဆိုတဲ့ သဘောသဘာဝမှာတော့ ရာနှုန်းပြည့်ထောက်ခံမှုတော့ မရှိနိုင်ပါဘူး။ နိုင်ငံရေးယှဉ်ပြိုင်ဘက်တွေ၊ နိုင်ငံရေးခံယူချက်မတူသူတွေ၊ အစိုးရမူဝါဒအပေါ် သဘောမတူသူတွေက အစဉ်အမြဲ တိုက်ခိုက်လေ့ရှိကြပါတယ်။ ဘာသာရေးဆိုင်ရာ စွပ်စွဲပြောကြားမှုတွေက အတော်ကလေး များပါတယ်’’ဟု သမ္မတအပေါ် ဘာသာရေးအရ တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး အကြီးတန်းအရာရှိကြီးတစ်ဦးက ပြောကြားသည်။

နိုင်ငံ့ခေါင်းဆောင်အပေါ် ယင်းကဲ့သို့ တိုက်ခိုက်မှုများ၏ အကြောင်းရင်းသည် အမျိုးမျိုးရှိနိုင်ကြောင်း၊ အဓိကအချက်ကလည်း နိုင်ငံရေးအရ တိုက်ခိုက်မှုဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး အကြီးတန်းအရာရှိကဆိုသည်။

သမ္မတကို တိုက်ခိုက်သူများထဲတွင် ဗုဒ္ဓဘာသာအား မလျော်ကန်သည့် အပြုအမှုပြုမည်ကို စိုးရိမ်သူများလည်း ပါဝင်သလို ယင်းဖြစ်စဉ်သည် နိုင်ငံရေးအရ သမ္မတကို တိုက်ခိုက်ကြသူများ၏ အသုံးချစရာလက်နက်အဖြစ်လည်း လူမှုကွန်ရက်များ၌ အသုံးဝင်ခဲ့သည်။

ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားမှုများမပြုလုပ်ရန် နိုင်ငံရေးပါတီများကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ တားမြစ်မှုများ ပြုလုပ်ထားသော်လည်း လက်ရှိအချိန်တွင် ပါတီအချို့သည် ယင်းနှစ်ခုကို ယှဉ်တွဲသည့် လှုပ်ရှားမှုမျိုး ပေါ်ပေါ်ထင်ထင် ပြုလုပ်လျက်ရှိသည်။

ယင်းတို့အထဲတွင် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေသည် ထင်ရှားသူတစ်ဦးဖြစ်သည်။ ယခုအခါ ၀င်ရောက်ကြည့်ရှု၍ မရတော့သည့် ‘‘Nay Wai’’အမည်ရ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဦးနေမျိုးဝေ၏ ဘာသာရေးဆိုင်ရာ ထိလွယ်ရှလွယ်သုံးသပ်ချက်များကို မကြာခဏတင်ထားပြီး ဒေါ်အောင်ဆန်းစုကြည်အား တိုက်ခိုက်ရန်အတွက် ရေးသားလှုံ့ဆော်မှုများလည်း ရှိခဲ့သည်။

အကြိတ်အနယ်ယှဉ်ပြိုင်ရမည့် ၂၀၁၅ ရွေးကောက်ပွဲနီးလာသည့်နှင့်အမျှ ပိုမိုရုပ်လုံးပေါ်လာသည့် ဘာသာရေးနှင့် နိုင်ငံရေး ယှဉ်တွဲနေသည့် အပြုအမှုအရေးအသားများကြောင့် မလိုလားအပ်သည့် သွေးထွက်သံယိုမှုများဖြစ်ပွားမည်ကို စောင့်ကြည့်လေ့လာသူများက စိုးရိမ်လျက်ရှိသည်။

မြန်မာ့သမိုင်းတစ်လျှောက်တွင်လည်း နိုင်ငံရေးအကျပ်အတည်းများ ကြုံတွေ့တိုင်း တိုက်ဆိုင်စွာပင် ဘာသာရေး၊ လူမျိုးရေးနှင့် ဆက်နွှယ်သည့် ပဋိပက္ခများလည်း ပေါ်ပေါက်လာခဲ့သည့် သာဓကများ ရှိခဲ့သည်။

လူ ၁၀၀ နီးပါး သေဆုံးခဲ့သည့် ၁၉၃၀ ပထမ ကုလား- ဗမာ အဓိကရုဏ်းသည်လည်း တိုက်ဆိုင်စွာပင် အုပ်ချုပ်သူ အင်္ဂလိပ်အစိုးရ နိုင်ငံရေးအကျပ်အတည်း ဖြစ်ပေါ်နေသည့်အချိန်၌ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ထိုစဉ်က အင်္ဂလိပ်အစိုးရသည် ၎င်းအား လက်နက်စွဲကိုင်တော်လှန်နေသည့် ဆရာစံ၊ ဗိုလ်စံဖဲ အစရှိသည့် လက်နက်ကိုင်အင်အားစုများ ပေါ်ပေါက်ခြင်း၊ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့သည့် ဆရာတော်ဦးဝိစာရ ထိန်းသိမ်းခံထားရစဉ် ပျံလွန်တော်မူသွားခြင်းအပြင် ကောလာဟလများ၊ ကြောက်လန့်မှုများဖြင့် ဖုံးလွှမ်းနေခဲ့သည့် လူ ၅၀၀ ကျော် သေဆုံးခဲ့သော ပဲခူးနှင့် ရန်ကုန်မြေငလျင်တို့လည်း တိုက်ဆိုင်စွာ ပေါ်ပေါက်နေချိန်ဖြစ်သည်။

ထိုအချိန်တွင် ဆိပ်ကမ်းအလုပ်သမားများအကြား အငြင်းပွားရာမှတစ်ဆင့် သွေးထွက်သံယိုမှုများ ဖြစ်ပွားခဲ့ရသည့် ကုလား-ဗမာ အဓိကရုဏ်းလည်း ပေါ်ပေါက်လာခဲ့သည်။

အဆိုပါအဓိကရုဏ်းဖြစ်ပြီး ရှစ်နှစ်အကြာ ၁၉၃၈ တွင်လည်း လူ ၁၈၀ ကျော် သေဆုံးခဲ့သည့် ကုလား-ဗမာ အဓိကရုဏ်းတစ်ခု ထပ်မံပေါ်ပေါက်လာခဲ့ပြန်သည်။

ထိုအချိန်သည်လည်း တိုက်ဆိုင်စွာပင် ရေနံမြေအလုပ်သမားများနှင့် ကျောင်းသားသပိတ်တို့ ဖြစ်ပေါ်နေသည့်အချိန်ဖြစ်ပြီး ၉၁ ဌာနအုပ်ချုပ်ရေးနှင့် ပတ်သက်၍ မကျေလည်မှုများ၊ အငြင်းပွားမှုများ ဖြစ်နေချိန်လည်းဖြစ်ခဲ့သည်။

‘‘ကုလား-ဗမာ အဓိကရုဏ်းဆိုတာ အစိုးရတိုင်းရဲ့ အသုံးချခံပစ္စည်းပဲ’’ဟု ထိလွယ်ရှလွယ် အသုံးအနှုန်းများ အဆုံးသတ်စေရေး ကြိုးပမ်းနေသည့် ပန်းစကားလှုပ်ရှားမှု ဦးဆောင်သူ ဦးနေဘုန်းလတ်က နိုဝင်ဘာလလယ်က ရန်ကုန်မြို့ နယူးဧရာဟိုတယ်တွင် ကျင်းပသည့် ဆွေးနွေးပွဲတစ်ခု၌ ထည့်သွင်းပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးနှင့် ရွေးကောက်ပွဲစနစ် ပြောင်းလဲခြင်းသည် ယခုချိန်တွင် အရေးကြီးဆုံးကိစ္စ ဖြစ်သောကြောင့် အာရုံလွှဲသည့်ကိစ္စများကို သတိပြုရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။ ‘‘အာရုံလွှဲမယ့်ကိစ္စတွေ ရှိလာနိုင်ပါတယ်၊ သတိထားပါ၊ အများပြည်သူ နားလည်နိုင်အောင် ရှင်းပြပါ၊ နိုင်ငံတနိုင်ငံရဲ့ အနာဂတ်က ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှာ မူတည်ပါတယ်၊ ဒီမိုကရေစီစစ်မှန်ဖို့ ရွေးကောက်ပွဲစနစ် စစ်မှန်မှဖြစ်ပါမယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အုပ်ချုပ်သူအစိုးရ နိုင်ငံရေးအကျပ်အတည်းကြုံတိုင်း ပဋိပက္ခများ၊ အရေးအခင်းများမှာ တိုက်ဆိုင်စွာ ပေါ်ပေါက်လာတတ်ကြောင်း ၀ါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေကဆိုသည်။

တရုတ်ဖြူတပ်များ လာရောက်ကျူးကျော်ခဲ့သည့် ၁၉၅၃ တွင်လည်း မြန်မာ့တပ်မတော်သားများ အသေအပျောက်များသည့်ကိစ္စကို ပြည်သူများ ဂရုမစိုက်အားအောင် အစိုးရက ကျောင်းသားများ၏ ကျောင်းပိတ်ရက်ကို ထက်ဝက်လျှော့ချခြင်းဖြင့် ကျောင်းသားဆူပူမှုများဖြစ်ပွားအောင် လုပ်ဆောင်ခဲ့ဖူးသည့် အစဉ်အလာရှိခဲ့ကြောင်း ဦးသုဝေကဆိုသည်။

‘‘တရုတ်ဖြူအရေးအခင်းမှာ လူတွေစိတ်ဝင်စားရင် အစိုးရတောင် (ပြုတ်)ကျသွားနိုင်တယ်ပေါ့။ အဲဒီလိုမကျအောင် ဒီလိုလုပ်တာ။ ဟိုတုန်းက ကုလား-ဗမာ အရေးအခင်းမှာလည်း ဒီလိုယူဆရတာပေါ့’’ဟု ဦးသုဝေကပြောသည်။

အာဏာရအစိုးရကို ဖြုတ်ချခဲ့ပြီး အာဏာသိမ်းခဲ့သည့် ဦးနေ၀င်းအစိုးရလက်ထက် ၁၉၆၇ တွင်လည်း မြန်မာ့သမိုင်းတွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် တရုတ်-ဗမာ အရေးအခင်း ဖြစ်ပွားခဲ့သည်။ အဆိုပါမငြိမ်မသက်မှုသည် ရန်ကုန်ရှိ မူလတန်းကျောင်းသားအချို့ကို တရုတ်ခေါင်းဆောင် မော်စီတုံးပုံပါသည့် ရင်ထိုးတပ်ဆင်ခြင်းမပြုရန် ကန့်သတ်ခဲ့ရာမှ စတင်ခဲ့သည်ဟု သမိုင်းမှတ်တမ်းအချို့တွင် ရေးသားကြသော်လည်း ယင်း၏နောက်ကွယ်၌ ထိုစဉ်က ဆန်ရှားပါးခဲ့သည့် ပြည်တွင်းပြဿနာကို အစားထိုးရန် ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲမှုများရှိခဲ့သည်။

‘‘အစိုးရ၀န်ထမ်းတွေ ကိုယ်တိုင်ရုံးမတက်နိုင်ဘဲ ဆန်ရအောင် ရှာရတယ်ဆိုတော့ အစိုးရယန္တရားကြီးပျက်သွားနိုင်အောင် ဖြစ်နိုင်တာပေါ့။ အဲဒါကြောင့် တရုတ်- ဗမာ အရေးအခင်းကို အာရုံလွှဲတယ်လို့ ဆိုကြတာပေါ့။ ဒါပေမဲ့ အဲဒီကာလမှာပဲ တရုတ်-ဗမာ အရေးအခင်းကြီးက ဖြစ်လာတာကိုး။ အဲဒီတော့ ဖြစ်လာတဲ့ဟာကို သူကလွှဲတာလား၊ လွှဲလို့ဖြစ်လာတာလား မပြောတတ်ဘူး’’ဟု ဦးသုဝေကပြောသည်။

နိုင်ငံရေးပါတီများအကြား အကြိတ်အနယ်ယှဉ်ပြိုင်ရဖွယ်ရှိသည့် ၂၀၁၅ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ ဘာသာရေးနှင့် ရောထွေးသော နိုင်ငံရေးလှုပ်ရှားမှုများလည်း ဆက်တိုက်ပေါ်ပေါက်လာခဲ့သည်။ သမိုင်းတစ်လျှောက်တွင်လည်း နိုင်ငံရေးအကျပ်အတည်းများပေါ်တိုင်း ပဋိပက္ခများက တိုက်ဆိုင်စွာပေါ်လာမြဲဖြစ်သည်။ လက်ရှိအချိန်တွင်လည်း နိုင်ငံရေးခေါင်းဆောင်များ နိုင်ငံရေးပါတီများအကြားတွင်လည်း အချိန်မရွေးတောက်လောင်နိုင်သည့် မီးစများဖြစ်သည့် ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးတိုက်ခိုက်မှုများ၊ မဲဆွယ်မှုများ ရှိနေဆဲဖြစ်သည်


7Day Daily

0 comments:

Post a Comment