Thursday, January 8, 2015

ကမ္ဘာ့ ရာသက်ပန် အချမ်းသာဆုံး သူကြွယ်ကြီး ခြောက်ဦး

ကမ္ဘာပေါ်တွင် လူမျိုပေါင်းစုံ၊ စရိုက်ပေါင်းစုံနှင့် အဆင့် အတန်းပေါင်းစုံ ရှိနေသည်။ ထိုထိုသော လူများ၏ ကိုယ်ပိုင်ဘဝများ၊ ကိုယ်ပိုင် အယူအဆများ၊ ကိုယ်ပိုင် စွမ်းဆောင် ချက်များကို မသိရှိနိုင်သော်လည်း စွမ်းဆောင်ပေါက်မြောက် ၍အောင်မြင်မှု တလူလူ လွင့်ထူ လာနိုင်သူ များကိုတော့ သိရှိနိုင် ကြသည်။

ထိုသို့ အောင်မြင်သူများစွာမှ စီးပွားရေးတွင် သရဖူဆောင်းကာ ကမ္ဘာ့ရာသက်ပန် သူဌေး သူကြွယ်အဖြစ် သတ်မှတ် ခံထားရ သည့်ဇောတိက သူကြွယ် ကြီးရှစ် ဦး အကြောင်းကို goodtips4wealth ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်ကို မဇ္ဈိမ ပရိတ်သတ်အတွက် အကျဉ်းချုံး တင်ပြလိုက် ပါသည်။




၁။ ဂျွန်ဒီရော့ခ်ကီဖဲလ်လား

ရာသက်ပန် သူကြွယ်ကြီးအဖြစ် ပထမဆုံးဖော်ပြ ခံရသူမှာ ၁၈၃၉ ခုနှစ် တွင်မွေးဖွားပြီး ၁၉၃၇ ခုနှစ်တွင် ကွယ်လွန် ခဲ့သော ဂျွန်ဒီရော့ခ် ကီဖဲလ်လား ဆိုသည့် ပုဂ္ဂိုလ်ဖြစ်သည်။ သူသည် အမေရိကန် တစ်ဦးဖြစ်ပြီး လူလောက အကျိုးကိုလည်း သယ်ပိုးဆောင်ရွက် တတ်သူ တစ်ဦးဖြစ်သည်။ အမေရိကန်၏ အကြီးဆုံး ရေနံ ကုမ္ပဏီ တစ်ခုဖြစ်သည့် Standard Oil Company ကုမ္ပဏီကို ပူးတွဲ တည်ထောင် သူဖြစ်သည်။ ၎င်း၏ ပိုင်ဆိုင်မှုကို တွက်ကြည့် မည်ဆိုပါက အမေရိကန် ဘီလီယံ ၃၃၆ ဘီလီယံပိုင်ဆိုင်ရာ နိုင်ငံ့ စီးပွားရေး၏ ၁ဒသမ ၅ရာခိုင်နှုန်းကို ပိုင်ဆိုင် ခဲ့ခြင်းဖြစ်သည်။ ၁၉၃၇ ခုနှစ်တွင် ကွယ်လွန်ပြီး သမိုင်းတစ်လျှောက် အချမ်း သာဆုံး ပုဂ္ဂိုလ်တစ်ဦး အဖြစ် မှတ်တမ်း တွင်ခဲ့သည်။



၂။ အင်ဒရူးကာနက်ဂျီ

၁၉ရာစုတွင် အမေရိကန်နိုင်ငံ၏ သံမဏိ လုပ်ငန်းကို တစ်ခေတ် ဆန်းစေခဲ့သည့် အင်ဒရူး ကာနက်ဂျီသည် ဒုတိယမြောက် ရာသက်ပန် သူဌေးကြီး အဖြစ်သတ် မှတ်ခံရ သူဖြစ်သည်။

သံမဏိ လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်သည့် သူသည် သူ့ခေတ်သူ့ အခါက အကျော် ကြားဆုံး ပရဟိတ လုပ်ဆောင်သူ တစ်ဦးဖြစ်ခဲ့သည်။ ကြိုးစား ရှာဖွေ သမျှ၏ ၉၀ ရာခိုင်နှုန်း နီးပါးကို လှူဒါန်းခဲ့သူ လည်းဖြစ်သည်။

လှူဒါန်းသမျှကို တွက်ချက်ကြည့် မည်ဆိုပါက ၁၉၁၉ခုနှစ်အချိန်က အမေရိကန် ဒေါ်လာ သန်း ၃၅၀ရှိရာ လက်ရှိအချိန်နှင့် တွက်လျှင် ဒေါ်လာ ၄ဒသမ ၇၆ဘီ လီယံမျှ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ဆင်းရဲသား မိသားစုမှ ပေါက်ဖွားလာကာ ကြိုးစား ခဲ့သဖြင့် သမိုင်းတွင် ရာသက်ပန် သူကြွယ်ကြီး တစ်ဦးအဖြစ် ဒုတိယနေရာတွင် သတ်မှတ်ခံ ရခြင်းဖြစ်သည်။

ကာနက်ဂျီသည် ၁၈၃၅ခုနှစ်တွင် မွေးဖွားကာ ၁၉၁၃ခုနှစ်တွင် သေဆုံး ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ချမ်းသာကြွယ်ဝ မှုသည် ဒေါ်လာ ၃၀၉ ဘီလီယံ ရှိသည်။



၃။ အင်္ဂလန်ဘုရင် ပထမဝီလီယမ်

၁၀၆၆ခုနှစ်မှ ကွယ်လွန်ချိန် ၁၀၈၇ခုနှစ်အထိ ဗြိတိန်ထီးနန်းကို စိုးစံခဲ့သည့် ပထမ ဝီလီယမ် ဘုရင်သည် တတိယမြောက် ရာသက်ပန် သူကြွယ် အဖြစ်ဖော်ပြခံ ရသည်။ ဗြိတိန်အင်ပါယာကို ချဲ့ ထွင်ပေးနိုင်ခဲ့သည့် အောင်နိုင်သူ မင်းတစ်ပါးဖြစ်သည်။

၎င်း၏ ချမ်းသာကြွယ်ဝမှုသည် အမြင့်ဆုံးအဖြစ် အမေရိကန်ဒေါ်လာ ၂၀၉ဘီလီယံရှိသည်။ သူ့ဘဝ နောက်ဆုံး အချိန် များတွင် အင်္ဂလန်နိုင်ငံ စုစည်းမှု အတွက် အပြင်းအထန် ရုန်းကန်ခဲ့ရပြီး ၁၀၈၇ခုနှစ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။



၎။ ကော်နေးလပ်စ်ဗန်ဒါဘိုက်

မီးရထား လုပ်ငန်းဖြင့် ကြီးပွား ချမ်းသာလာခဲ့ သူကော်နေးလပ်စ် ဗန်ဒါဘိုက်သည် ပိုင်ဆိုင်မှု ၁၈၅ဘီလီယံကြွယ်ဝပြီး ကမ္ဘာ့ စတုတ္ထမြောက် ရာသက်ပန် သူဌေး ကြီးဘွဲ့ ခံယူခဲ့ သူဖြစ်သည်။

အမေရိကန် မှဖြစ်သည့် ကော်နေးလပ်စ်သည် မီးရထား သံလမ်းများ ရောင်းချခြင်း အပြင် ကိုယ်ပိုင်ရထား လမ်းပိုင်းများ တည်ဆောက်ခြင်းတို့မှ ချမ်းသာလာခဲ့ သူတစ်ဦးဖြစ်ပြီး ပရဟိတ လုပ်ငန်းများ တွင်လည်း တစ်တပ် တစ်အား ပါဝင်လုပ် ကိုင်ခဲ့ သူဖြစ်သည်။

၎င်းကို ၁၇၉၄ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၈၇၇ခုနှစ်၌ သေဆုံးခဲ့သည်။ သူသည် အမေရိကန်ရာဇဝင်တွင် အချမ်းသာဆုံးပုဂ္ဂိုလ်များမှ တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။



၅။ အလန်ရူဖတ်စ်

အင်္ဂလန် ဘုရင် ပထမ ဝီလီယမ်ခေတ်က ပုဂ္ဂိုလ် တစ်ဦးဖြစ်သည့် အလန်ရူဖတ်စ်သည် ရာသက်ပန် သူဌေး စာရင်းတွင် ပဉ္စမမြောက် သူဌေး သူကြွယ် ကြီးဖြစ် သည်။ နယ်မြေကျူးကျော် သိမ်းပိုက်သည့် ယင်းကာလအတွင်း ဝီလီယမ် ဘုရင်ထံသို့ ခစားခဲ့သူများမှ တစ်ဦး အပါ အဝင်ဖြစ်သည်။

၎င်း၏ အဓိက လုပ်ဆောင် မှုများမှာ မြေယာများ ဝယ်ယူခြင်းနှင့် ရောင်းချခြင်းများဖြင့် ချမ်းသာလာ ခဲ့ခြင်းဖြစ်ပြီး တွက်ကြည့်မည်ဆိုပါက အမေရိကန်ဒေါ်လာ ၁၄၉ ဘီလီယံပိုင်ဆိုင် ခဲ့ခြင်းဖြစ်သည်။



၆။ ဘီဂိတ်

လက်ရှိ ကမ္ဘာတွင် ကျော်ကြား ထင်ရှားသူ တစ်ဦးဖြစ်သည့် ဘီဂိတ်သည် အမေရိကန်ဒေါ်လာ ၁၃၆ ဘီလီယံ ချမ်းသာပြီး ရာသက်ပန် သူဌေး စာရင်းတွင် နံပါတ်ခြောက်ယောက်မြောက်ဖြစ်သည်။

သူသည် မိုက်ကရိုဆော့ကုမ္ပဏီကို တည်ထောင်ခဲ့ရာမှ ကြွယ်ဝချမ်းသာလာ ခဲ့သူဖြစ်သည်။ ၎င်း၏ ကုမ္ပဏီမှ တီထွင် ထုတ်လုပ်သည့် ဆော့ဖ်ဝဲများ သည်လည်း ကမ္ဘာအနှံ့ သုံးစွဲသူများ အများပြားဆုံးဖြစ်သည်။ ၁၉၅၅ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်ပြီး လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ ဝါရှင်တန် တွင်နေထိုင်လျက် ရှိနေ ဆဲဖြစ်သည်။


Mizzima

0 comments:

Post a Comment