Tuesday, September 16, 2014

အနာဂတ် တပ်မတော်ခေါင်းဆောင်များအတွက် ခြေလှမ်းများ


၂၀၁၄ မတ်လ ၂၇ ရက်တွင် ကျရောက်ခဲ့သော (၆၉)နှစ်မြောက် တပ်မတော်နေ့အခမ်းအနား၌ စစ်ရေးပြနေသော တပ်မတော်သားများကိုတွေ့ရစဉ် (ဓာတ်ပုံ−ရဲအောင်သူ/အေအက်ဖ်ပီ)

မကြာသေးမီက ပြုလုပ်ခဲ့သော တပ်မတော်ထိပ်ပိုင်းရာထူး အပြောင်းအလဲနှင့်ပတ်သက်၍ နိုင်ငံရေးလေ့လာသူများနှင့် သံတမန်အသိုင်းအ၀ိုင်းကြား အထူးစိတ်ဝင်စားခဲ့ကြသည်။ အထူးသဖြင့် စစ်ဦးစီးအရာရှိချုပ်(ကြည်း) ရာထူးအပြောင်းအလဲနှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအရာရှိချုပ် အပြောင်းအလဲအပေါ် စိတ်ဝင်စားကြသည်။


(၆၉)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ အလေးပြုခံတက်ရောက်လာသော ကာချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (LYNN BO BO/EPA)

‘‘တပ်ချုပ်က ပင်စင်နီးနေပြီဆိုတော့ လူအပြောင်းအလဲလုပ်တဲ့ သဘောပါ။ ကြိုလျာတဲ့သဘောပေါ့’’ဟု စစ်ရုံးချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တပ်မတော်ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးက သုံးသပ်ပြောကြားသည်။

ယခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့်လည်း ထိုကဲ့သို့ လုပ်ဆောင်ခဲ့သည်။ ‘‘ကြိုပြီး ခြေလှမ်းလှမ်းပေးတယ်လို့ မြင်တယ်’’ဟု တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်သူ အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေကလည်း သုံးသပ်သည်။

လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ စစ်တက္ကသိုလ်အပတ်စဉ် ၁၉ သင်တန်းဆင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇွန်လတွင် အသက်(၆၀)ပြည့်မည်ဟု လေ့လာသူများကဆိုသည်။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် တပ်မတော်သားများအနေဖြင့် အသက်(၆၀)ပြည့်လျှင် ပင်စင်ယူရမည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ကြောင့်လည်း တပ်ချုပ်အနေဖြင့် အနားမယူမီ တစ်နှစ်အလိုတွင် တပ်မတော်ထိပ်ပိုင်းရာထူးများ နေရာချထားခြင်းဖြစ်သည်။

လက်ရှိ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များထဲတွင်လည်း ၂၀၁၅ မတိုင်မီ အသက်(၆၀)ပြည့်မည့်သူများနှင့် ၂၀၁၅ နှင့် ၂၀၁၆ တွင် အသက်(၆၀)ပြည့်မည့်သူ များစွာရှိသည်။

လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရတွင် တာဝန်ထမ်းဆောင်နေသော ကာကွယ်ရေးဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးများဖြစ်ကြသော ဗိုလ်ချုပ်ကြီးနှစ်ဦးမှာလည်း ၂၀၁၄ ခုနှစ်အတွင်း အသက်(၆၀)ပြည့်ကြတော့မည် ဖြစ်သည်။

ထို့ကြောင့် တပ်ချုပ်၊ ဒုချုပ်နှင့် ၀န်ကြီးရာထူးများအတွက် လက်ရှိ တပ်ချုပ်အနေဖြင့် ကြိုတင်ပြင်ဆင်ရန် တပ်မတော်ထိပ်ပိုင်းရာထူး အပြောင်းအလဲများပြုလုပ်ခြင်းနှင့် ရာထူးတိုးပေးခြင်းများ ပြုလုပ်ခြင်းဖြစ်ကြောင်း မြန်မာ့တပ်မတော်ရေးလေ့လာသူများက သုံးသပ်သည်။ လစ်လပ်သွားမည့် တပ်ချုပ်ရာထူးနှင့် ဗိုလ်ချုပ်ကြီးများရာထူးအတွက် ရွေးချယ်ရမည်မှာ လက်ရှိ ဒုချုပ်နှင့် ကစထမှူး (ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး)များထဲကသာ ဖြစ်လိမ့်မည်ဟု တပ်မတော်အရာရှိကြီးတစ်ဦးက ခန့်မှန်းပြောကြားသည်။

ထိုသူများအနက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးတို့မှာ အသက်အငယ်ဆုံးများဖြစ်ကြပြီး လာမည့်အစိုးရသက်တမ်းတွင် တပ်ချုပ်ဖြစ်ရန် ရေပန်းစားသူများ ဖြစ်သည်။

ထို့အပြင် လက်ရှိ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များထဲတွင် စစ်တက္ကသိုလ်အပတ်စဉ် (၂၂) သင်တန်းဆင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှာ ၂၀၂၀ ပြည့်နှစ်မှ အသက်(၆၀)ပြည့်မည့်သူ ဖြစ်သည်။ ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးမှာ စစ်တက္ကသိုလ်အပတ်စဉ် (၂၅)ဆင်းဖြစ်ပြီး ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းထက် ပိုငယ်ပြီး စစ်တက္ကသိုလ်အပတ်စဉ် ပိုနောက်ကျသူဖြစ်သည်။ ထို့ကြောင့် ၀ါစဉ်အရ လက်ရှိတပ်ချုပ်အနားယူသွားပါက လက်ရှိဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာ တပ်ချုပ်ဖြစ်လာနိုင်သူ ဖြစ်သည်။

တပ်မတော်အစိုးရလက်ထက်တွင် တာဝန်ယူခဲ့သော တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်ကြီးများအနေဖြင့် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းဖြစ်လာမည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအား တစ်ဦးလျှင် ငါးနှစ်သာ တာဝန်ထမ်းဆောင်စေလိုသည့် သဘောရှိခဲ့သည်။

ထို့ကြောင့်လည်း ၂၀၁၅ တွင် အသက်(၆၀)ပြည့်မည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်ဟု လေ့လာသူများက ဆိုသည်။ ထို့အတူ စစ်တက္ကသိုလ်အပတ်စဉ် (၂၂) ဆင်းများထဲမှ ၁၉၆၀ ပြည့်နှစ်တွင် မွေးဖွားခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းအား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး၊ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်ထိ တပ်ချုပ်တာဝန်ထမ်းဆောင်ရန် လျာထားခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့ကသုံးသပ်သည်။

လက်ရှိတာဝန်ထမ်းဆောင်နေသော တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များအနက် ဗိုလ်ချုပ်ကြီးလှဌေးဝင်း (ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး) စစ်တက္ကသိုလ်အပတ်စဉ် (၂၀)သည် သင်တန်းဆင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် အသက် (၆၀)ပြည့်မည် ဖြစ်သည်။ ထို့အပြင် လက်ရှိ ကစထမှူးများထဲမှ ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးမှလွဲ၍ အခြားဒုတိယဗိုလ်ချုပ်ကြီးများမှာ ၂၀၂၀ မတိုင်မီ အသက်(၆၀)ပြည့်ကြတော့မည် ဖြစ်သည်။

ထို့ကြောင့် ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးမှာ ၂၀၁၅ ခုနှစ်တွင် လစ်လပ်သွားမည့် ဒုချုပ်ရာထူးအတွက် ရေပန်းစားနေသူဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် တပ်ချုပ်ဖြစ်လာမည်ဟု လေ့လာသူများက ခန့်မှန်းနေကြသည်။ ထိုကဲ့သို့ ထင်ကြေးပေးခံရပြီး စစ်ဦးစီးအရာရှိချုပ်(ကြည်း)အဖြစ် တာဝန်ထမ်းဆောင်နေသော ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးအား စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် ရာထူးလဲလှယ်ခန့်အပ်လိုက်သည့်အပေါ် နိုင်ငံရေးလေ့လာသူများက အထူးစိတ်ဝင်စားနေသည်။

စစ်ဦးစီးအရာရှိချုပ် (ကြည်း)ရာထူးမှာ တပ်မတော်၌ အဆင့်(၄)တွင်ရှိပြီး စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ်မှာ တပ်မတော်တွင် အဆင့်(၁၉)ခန့်တွင် ရှိသည်။ သို့သော် ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးအား ကစထ(၆)ရာထူးနှင့် စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ်တို့အား ပူးတွဲတာဝန်ပေးထားသဖြင့် ရာထူးလျော့ကျသွားသည်ဟု မဆိုနိုင်ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးတစ်ဦးကဆိုသည်။

‘‘မင်းလောင်းဖျောက်တဲ့ သဘောပါပဲ။ ကာချုပ်လောင်းဆိုပြီး ခရိုနီတွေက ကပ်ဖို့လုပ်လာတော့’’ဟု လက်ရှိတပ်မတော်တွင် တာဝန်ထမ်းဆောင်နေသူ ဗိုလ်မှူးတစ်ဦးကဆိုသည်။

သံတမန်အသိုင်းအ၀ိုင်းက ပြုလုပ်သည့် ဧည့်ခံပွဲများတွင် ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးအား စီးပွားရေးလုပ်ငန်းရှင်များက ချဉ်းကပ်မှုများရှိကြောင်း သံရုံးဝန်ထမ်းတစ်ဦးက ဆိုသည်။ ဒုဗိုလ်ချုပ်ကြီးမြထွန်းဦးအနေဖြင့် ထိုအခြေအနေကို သတိထားမိဟန်တူသည်။ ထို့ကြောင့် မကြာသေးမီက ကွယ်လွန်သွားခဲ့သော သူ့ဖခင်နာရေးတွင် စီးပွားရေးလုပ်ငန်းရှင်များက ၀မ်းနည်းကြောင်း သတင်းစာထဲထည့်မည့်အစီအစဉ်ကို လက်မခံခဲ့ဘဲ တတ်နိုင်သမျှ အကျဉ်းချုံးဆောင်ရွက်သွားခဲ့သည်။

စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်ဆံရပြီး မြန်မာတစ်နိုင်ငံလုံးတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးနှင့်ပတ်သက်သည့် သတင်းအချက်အလက်ရရှိထားသည့်နေရာ ဖြစ်သည်။

‘‘စရခချုပ်ဆိုတဲ့နေရာဟာ အင်မတန်အမြင်ကျယ်တဲ့နေရာပါ’’ဟု တပ်မတော်ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးက သုံးသပ်သည်။ စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ်အနေဖြင့် လက်နက်ကိုင်တိုင်းရင်းသားများနှင့် ထိတွေ့ဆက်ဆံရခြင်းနှင့် တပ်မတော်ကို ဖြိုခွဲ၍မရအောင် ဆောင်ရွက်ရသော တာဝန်ထမ်းဆောင်ရသည်။ ထို့ကြောင့် အနာဂတ်တပ်ချုပ်ဖြစ်လာမည့်သူအား တိုင်းရင်းသားလက်နက်ကိုင်အရေး နားလည်စေရန် စရခချုပ်ရာထူးပေးထားခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူများက ဆိုသည်။

ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးအနေဖြင့် အရာရှိငယ်ဘ၀ကပင် တိုင်းရင်းသားလက်နက်ကိုင်အချို့ဖြင့် ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်မြ နာရေးသို့ တက်ရောက်ခဲ့သူလည်း ဖြစ်သည်။ ထို့အပြင် ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေထက် ထောက်လှမ်းရေးအတတ်ပညာများအား ပြည်တွင်းပြည်ပတွင် သင်ယူခဲ့ရပြီး တိုင်းရင်းသားများနှင့် ဆက်ဆံရေးကောင်းသူဟု နိုင်ငံရေးလေ့လာသူများကဆိုသည်။

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေမှာမူ အရာရှိငယ်ဘ၀ကပင် တပ်ရေးဗိုလ်ကြီး၊ တပ်ထောက်ဗိုလ်ကြီးများလုပ်ခဲ့ပြီး ၀န်ထမ်းရေးရာကျွမ်းကျင်သူ ဖြစ်သည်။ ထို့အပြင် ၂၀၂၀ မတိုင်မီ အသက်(၆၀)ပြည့်မည်သူ ဖြစ်သည်။

လက်ရှိအပြောင်းအလဲကို လေ့လာကြည့်ပါက ၂၀၁၅ ခုနှစ်တွင် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းအလဲပြုလုပ်ကြတော့မည် ဖြစ်သည်။ တပ်ချုပ်၊ ဒုတပ်ချုပ်၊ ကစထမှူးများ အပါအ၀င် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းအလဲဖြစ်လာပေလိမ့်မည်။

‘‘ထိပ်ပိုင်းကို အပတ်စဉ် ၂၅-၂၆ ဆင်းတွေ ရောက်လာလိမ့်မယ်’’ဟု အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေက သူ၏သုံးသပ်ချက်ကို ပြောကြားသည်။ သို့သော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကိုမူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတက နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိပြီးခန့်အပ်ရမည် ဖြစ်သည်။ သေချာသည်မှာ မကြာမီ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်ပိုင်းသို့ မျိုးဆက်သစ်များ ရောက်ရှိလာတော့မည် ဖြစ်သည်။

7Day Daily

0 comments:

Post a Comment