Tuesday, September 2, 2014

လုပ်ငန်းရှင်များနှင့် အဖော်ပြုပေးပြီး စပွန်ဆာရှာရန် ကမ်းလှမ်းခံရဟု မေမြတ်နိုးပြော



သရဖူရုပ်သိမ်းခံရပြီး ဒေါ်လာတစ်သိန်းတန် သရဖူကို ယူဆောင်သွားကြောင်း စွပ်စွဲခြင်းခံနေရသည့် မစ္စအာရှပစိဖိတ်အလှမယ်ဟောင်း မေမြတ်နိုးက ကိုရီးယားမှပြန်လာခဲ့ရသည့်အကြောင်းရင်းနှင့် အဖွဲ့အစည်းနှင့်၎င်း ကြားရှိ ပြဿနာများကို စက်တင်ဘာ ၂ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ဖြေကြားနေစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

တောင်ကိုရီးယားနိုင်ငံ တွင် နေထိုင်ရန် အသုံးစရိတ် နှင့် အနုပညာလုပ်ငန်းများ ဆက် လက်လုပ်ကိုင်နိုင်ရန် ငွေကြေးလို အပ်သည့်အတွက် ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်များ၏ အဖော်အဖြစ် အတူနေကာ စပွန် ဆာရှာရမည်ဖြစ်ပြီး စပွန်ဆာ ငွေကြေးမလုံလောက်ပါက ဂျပန် နိုင်ငံထိ သွားရောက်ရှာဖွေရမည် ဟု တောင်ကိုရီးယားအခြေစိုက် Miss Asia Pacific World အဖွဲ့မှ တာဝန်ရှိသူများက ပြောဆို ကြောင်း မေမြတ်နိုးက ထုတ် ဖော်ပြောကြားလိုက်သည်။
‘‘သူတို့အစီအစဉ်က ပလတ် စတစ်ဆာဂျရီလုပ်ပြီးရင် သမီးက ပိုလှလာမယ်။ သမီးပိုလှလာ တော့မှ သူတို့နိုင်ငံက စပွန်ဆာ တွေက သမီးကိုကြိုက်နှစ်သက် မယ်။ ဒါမှ စပွန်ဆာပိုက်ဆံရမယ် လို့ပြောပါတယ်။ ကိုရီးယားနိုင်ငံ မှာ စပွန်ဆာရတာ မလုံလောက် ဘူးဆိုရင်လည်း ဂျပန်နိုင်ငံမှာ ကိုရီးယားကေပေါ့ပ်က အရမ်းကို လွှမ်းမိုးမှုရှိပြီး အောင်မြင်တယ်။ အဲဒါကြောင့် ဂျပန်နိုင်ငံကိုလည်း သွားရောက်ပြီးတော့ စပွန်ဆာထပ် ပြီးလိုအပ်လို့ရှိရင် ရှာရမယ်လို့ ပြောပါတယ်။ အဲ့ဒီကျမှာ ဗီဇာသက်တမ်းတိုးဖို့ အကြောင်းပြချက်ပြ ပြီးတော့ ဂျပန်နိုင်ငံကိုခေါ်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို သိရှိရပါတယ်ရှင်’’ဟု မေမြတ်နိုးက စက်တင်ဘာ ၂ ရက်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

‘‘ကိုရီးယားအဖွဲ့က ဒီလို အသရေဖျက်မှုတွေ၊ မြန်မာနိုင်ငံ ရဲ့ မကောင်းကြောင်းတွေ၊ လိမ် လည်မှုတွေနဲ့ စွပ်စွဲပြီးတော့ မီဒီ ယာမှာ သရဖူကို ခိုးပြီးတော့ ပြန် သွားပါတယ်ဆိုတဲ့ ဥစ္စာကို ရေး ထားတာ၊ မေမြတ်နိုးလို့ ရေးထား တာမဟုတ်ဘဲနဲ့ မြန်မာအလှမယ် ကလို့ ရေးထားတာက မြန်မာနိုင်ငံ ကို စော်ကားတာနဲ့ အတူတူပါပဲ။ သူတို့ဘက်ကနေပြီးတော့ သူတို့ အမှားက သမီးအမှားပါလို့ ပုံချ ပြီးတော့ မြန်မာနိုင်ငံကို ရှုတ်ချ တဲ့ စကားတွေနဲ့ နိုင်ငံတကာကို ဖြန့်တဲ့အတွက် သူတို့ဆီက တောင်းပန်စာ လိုချင်ပါတယ်။ သမီးကိုရော မြန်မာနိုင်ငံရဲ့ ဂုဏ် သိက္ခာကိုရော ထိခိုက်စေတဲ့အတွက် တောင်းပန်စာပေးမှ ဒီသရဖူကို မြန်မာနိုင်ငံက သက်ဆိုင်ရာ လူကြီးတွေရှေ့မှာ ပြန်ပေးမယ်လို့ ပြောကြားချင်ပါတယ်ရှင်’’ ဟု မေမြတ်နိုးက ပြောကြားသည်။

ထိုကြောင့် ဂုဏ်သိက္ခာကျ ဆင်းခဲ့ရသည့်များအတွက် အဆိုပါအဖွဲ့က တောင်းပန်မှသာ သရဖူပြန်လည်ပေးအပ်မည်ဟု မေမြတ်နိုးက ဆက်လက်ပြောကြားသည်။


ထို့အပြင် အဖွဲ့က ပြောသကဲ့သို့ ဒေါ် လာတစ်သောင်းတန် ရင်သားခွဲစိတ်မှုကိုလည်း ပြုလုပ်ခဲ့ခြင်းမရှိကြောင်း မေမြတ်နိုးက ငြင်းဆိုသည်။

မေမြတ်နိုး ကိုရီးယားနိုင်ငံမှ ပြန်လာရခြင်း၏ အဓိက အချက်လေးချက်မှာ ၎င်းအား ခေါင်းအစ ခြေအဆုံး ပလတ်စတစ်ဆာဂျရီ ပြုလုပ်ဖို့ အတင်းခိုင်း စေခြင်း၊ မိခင်ဖြစ်သူကို ကိုရီးယား တွင် နေထိုင်ရန် သုံးလဗီဇာရ ထားသော်လည်း နှစ်ပတ်ခန့်သာ နေထိုင်ပြီး အတင်းအကျပ်ပြန် ခိုင်းခြင်း၊ မိခင်မပါဘဲ မေမြတ်နိုး ၏ ဗီဇာသက်တမ်း တိုးမြှင့်ရရှိရန် မေမြတ်နိုးတစ်ဦးတည်းဂျပန်သို့သွားရောက်ရမည်ဟု ပြောဆို ခြင်းနှင့် လုပ်ငန်းရှင်ကြီးအချို့နှင့် အဖော်နေပေးရမည်ဟု ပြောခြင်းတို့ကြောင့် မြန်မာနိုင်ငံသို့ ပြန် လာရခြင်းဖြစ်သည်ဟု မေမြတ် နိုးကဆိုသည်။

သရဖူ သိမ်းခံရပြီးနောက် ဒေါ်လာတစ်သိန်းတန် သရဖူကို ယူကာ ရှောင်တိမ်းနေသည်ဟု စွပ်စွဲချက်အပေါ် မေမြတ်နိုးက မြန်မာနိုင်ငံသို့ ပြန်လာရန် လေ ယာဉ်ပေါ်သို့ ရောက်ရှိမှသာ အလှမယ်အဖြစ် သရဖူသိမ်းကြောင်း ထုတ်ပြန်ခြင်းဖြစ်သည့်အတွက် ယင်းထုတ်ပြန်ချက်ကို မြန်မာနိုင်ငံပြန်ရောက်မှ သိခဲ့ရခြင်းဖြစ်ပြီး သရဖူကို ခိုးယူလာခြင်းမဟုတ်ကြောင်း မေမြတ်နိုးက ငြင်းဆိုခဲ့သည်။

အလှမယ်ပြိုင်ပွဲ ကျင်းပ သော အဖွဲ့အစည်းမှ တာဝန်ရှိသူ က မေမြတ်နိုးမှာ ရင်သားစွဲစိတ် မှုများ ပြုလုပ်အပြီးတွင် သူနာပြု ဆရာမထံမှ ဘရာစီယာဝယ်ယူ ရန် ပိုက်ဆံချေးယူခဲ့ကြောင်း ပြောဆိုစွပ်စွဲချက်နှင့် ပတ်သက်၍ ၎င်းက ငြင်းဆိုသည်။

ခေါင်းအစ၊ခြေအဆုံး ပလတ် စတစ်ဆာဂျရီ လုပ်ခိုင်းခြင်းကို ငြင်းဆန်သည့်အတွက် ဘူဆန် ဆေးရုံတွင် မေမြတ်နိုးနှင့် ၎င်း၏ မိခင်ကို ထားရစ်ခဲ့ပြီး စားစရာ၊ နေစရာမစီစဉ်ပေးသည့်အတွက် ၎င်းတို့တွင်ပါလာသော ဒေါ်လာ ကို ကိုရီးယားဝမ်နှင့် လဲရန် သူနာ ပြုဆရာမထံ အကူအညီတောင်း ခံခဲ့ခြင်းသာဖြစ်ပြီး ပိုက်ဆံမချေး ခဲ့ကြောင်း မေမြတ်နိုးက ပြော ကြားသည်။

မိခင်ဖြစ်သူအတွက် တောင် ကိုရီးယား ဗီဇာကို တရားမ၀င် လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီး ယားသံရုံးက မြန်မာအလှမယ် တစ်ဦးအလုပ်သွားလုပ်သည်ကို ယုံကြည်သည့်အတွက် မိမိနှင့် အတူ မိခင်ဖြစ်သူကိုပါ သုံးလဗီ ဇာပေးခဲ့ခြင်းဖြစ်ကြောင်း မေမြတ်နိုးကပြောသည်။ ထို့အပြင်အဆို ပါ အဖွဲ့က မိခင်ဖြစ်သူအတွက် နှစ်ပတ်အတွင်းနေထိုင်သွားလာ စားသောက်စရိတ်များ ပံ့ပိုးမည် ဟုဆိုသော်လည်း လေယာဉ်လက်မှတ်ခကိုပင် မပေးခဲ့ဟု ၎င်းက ပြောသည်။

ထို့အပြင် ပြိုင်ပွဲဝင်ရန် အသက်လိမ်ခိုင်းသည့်အပေါ် မဆန့်ကျင်မိသည့်အတွက် နောင်တရမိကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။

‘‘ကျွန်မရဲ့ တစ်ခုတည်းသော နောင်တက အမျိုးသားဒါရိုက်တာတွေက ကျွန်မအသက်ကို ၁၆ နှစ်ကနေ ၁၈ နှစ်လို့ ပြောင်းလဲခဲ့တဲ့အပေါ် လုံလောက်တဲ့အထိ ခိုင်ခိုင်မာမာ မဆန့်ကျင်မိခဲ့တာပါပဲ’’။

တောင်ကိုရီးယားတွင် မိန်း ကလေး လေးဦးဖြင့် ‘‘MAPI DOLLS’’ Kpop အဖွဲ့ဖွဲ့ကာ ဂီတ အလုပ်များ လုပ်ဆောင်ရမည်ဟု ပြောဆိုပြီး သီချင်းအချို့ကိုလည်း အီးမေးလ်မှတစ်ဆင့် မိမိထံပေး ခဲ့သော်လည်း တောင်ကိုရီးယား သို့ ရောက်ရှိချိန်တွင် အဖွဲ့မဖွဲ့ တော့ဘဲ မေမြတ်နိုး တစ်ဦးတည်းအလုပ်လုပ်ရန် စီစဉ်ပေးမည် ဟု Miss Asia Pacific World Organization က ပြောဆိုခဲ့ ကြောင်း ၎င်းကပြောသည်။

သတင်းစာ ရှင်းလင်းပွဲသို့ ပြည်တွင်းမီဒီယာများအပြင် နိုင်ငံ တကာမီဒီယာများလည်း တက် ရောက်ခဲ့ပြီး မေမြတ်နိုးက မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ရှင်းလင်း ပြောကြားသွားခဲ့သည်။

ယခု ဖြစ်စဉ်တွင် နှစ်ဖက်ပြောကြားချက်များမှာ ကွဲလွဲမှုများ များစွာရှိနေသည်။ Miss Asia Pacific World Organiza−tion၏ ကိုရီးယားနှင့် အရှေ့တောင်အာရှပိုင်း တာဝန်ယူထားသောဥက္ကဋ္ဌမစ္စတာချွိုင်ဂျင်းက မီဒီယာရှေ့တွင် တောင်းပန်ပြီး သရဖူပြန်အပ်ရန်မေမြတ်နိုးအား သြဂုတ် ၃၁ ရက်တွင် ပြောကြားသည်။


မေမြတ်နိုးနှင့် သူမ၏မိခင်တို့ သတင်းစာရှင်းလင်းပွဲပြုလုပ်မည့် ခန်းမအတွင်းသို့ လာရောက်စဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

‘‘မေမြတ်နိုးက မီဒီယာတွေ ရှေ့မှာ တောင်းပန်ပေးမယ်ဆိုရင် သရဖူသိမ်းတဲ့ကိစ္စတွေကိုကူညီ ပေးနိုင်တယ်။ ဒီအရာက မြန်မာနဲ့ ကိုရီးယားအတွက်လည်း အ ကောင်းဆုံးအရာဖြစ်ပြီး မေမြတ် နိုးအတွက်လည်းအကောင်းဆုံး အရာဖြစ်မှာပါ’’ဟု မစ္စတာချွိုင် ဂျင်းကပြောသည်။

မေမြတ်နိုးကိုလည်း လာ ရောက်တောင်းပန်ပြီးပါက ရှေ့ ဆက်အလုပ်များလုပ်ဆောင်သွား လိုသည်ဟု၎င်းကပြောသည်။

ရင်သားခွဲစိတ်မှုကို ၎င်းတို့ အဖွဲ့အစည်းတစ်ခုတည်း၏ဆုံး ဖြတ်ချက်အရ လုပ်ဆောင်ခြင်းမ ဟုတ်ဘဲ မေမြတ်နိုးနှင့် ၎င်း၏မိ ခင်တို့၏ သဘောတူညီမှုအရလုပ် ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟုဆို သည်။

‘‘သူရော သူ့အမေပါ လက် မှတ်ထိုးခဲ့ပြီးပါပြီ။ အော်ပရေးရှင်း လုပ်တဲ့အခါမှာ လက်မှတ်မထိုးဘဲ ဘယ်အော်ပရေးရှင်းမှ ကိုရီးယား မှာမလုပ်ပေးဘူး’’ဟု မစ္စတာချွိုင်း ဂျင်းကပြောသည်။

တောင်ကိုရီးယားနိုင်ငံတွင် ရုပ်ရှင်ကြယ်ပွင့်များသည် ခွဲစိတ်မှုများလုပ်ဆောင်လေ့ရှိသဖြင့် မေမြတ်နိုးကိုမည်သည့်အစိတ်အပိုင်းခွဲစိတ်လိုသနည်းဟု မေးမြန်းပြီးမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

အဖွဲ့အစည်း၏ အစီအစဉ် အချိန်ဇယားများအတိုင်း အလုပ်မလုပ်ခြင်း၊ အဖွဲ့အစည်း၏စကားကို မလိုက်နာခြင်း၊ ချုပ်ဆိုထားသော စာချုပ်စည်းကမ်းများကိုမလိုက်နာခြင်းကြောင့် သရဖူကိုရုပ်သိမ်းခဲ့ခြင်းဖြစ်သည်ဟု မစ္စတာချွိုင်ဂျင်းကပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍အထက်ပါအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာဒါရိုက်တာ ဒေါ်လှနုထွန်းသို့ ဆက်သွယ်မေးမြန်းရာ ဇွန် ၁၅ ရက်နောက်ပိုင်းမှစ၍ မေမြတ်နိုး၏လုပ်ငန်းများနှင့်ပတ်သက်၍ မိခင်ဖြစ်သူကို လွှဲပြောင်းပေးခဲ့ပြီး၊ အဖွဲ့နှင့် မေမြတ်နိုးတို့ ကိုယ်တိုင် တိုက်ရိုက်ဆက်သွယ်လုပ်ကိုင်နေ

သည့်အတွက် ယခုနောက်ပိုင်း ဖြစ်စဉ်များအပေါ် အသေးစိတ်မသိရှိကြောင်း ပြောသည်။

ထို့အပြင် စက်တင်ဘာ ၂ရက်တွင် အလုပ်များနေ၍ Miss Asia Pacific အဖွဲ့မှ တာဝန်ရှိသူနှင့် မတွေ့ရသေးသည့်အတွက် ၎င်းတို့၏ သဘောထားကို မသိရှိရသေးကြောင်း ဒေါ်လှနုထွန်းက ဆက်လက်ပြောကြားသည်။

၂၀၁၁ မှ စတင်၍ ပြိုင်ပွဲများကျင်းပလာသော ကိုရီးယားအခြေစိုက် အဖွဲ့အစည်းမှာပြိုင်ပွဲများတွင် အလှမယ်အချို့ကိုဆုရရှိရေး ခန္ဓာကိုယ်နှင့်ရင်းရန်ကမ်းလှမ်းမှုအချို့ ရှိခဲ့ကြောင်း အစရှိသည့် အငြင်းပွားဖွယ်ရာများကို ၀ီကီမီဒီယာတွင် ဖော်ပြထားသည်။

သို့သော် ထိုအဖွဲ့ကအ ဆိုပါဖြစ်ရပ်များကို တောင်ကိုရီးယားရဲတပ်ဖွဲ့ကိုယ်တိုင်စစ်ဆေးပြီး မဟုတ်မှန်ကြောင်း အတည်ပြုပေးထားပြီး ကောလာဟလများသာဖြစ်ကြောင်း ငြင်းဆိုသည်။

7Day Daily

0 comments:

Post a Comment